Monday, January 20, 2020

မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကျေးလက်လမ်းတစ်ခုကို စစ်ဆေးဆောင်ရွက်ရာတွင် အာဃာတဖြင့် လုပ်ဆောင်ခဲ့သည်ဟုဆိုကာ လမ်းပိုင်းတင်ဒါအောင် ကုမ္ပဏီက NLD ပါတီဗဟိုထံ တိုင်ကြား


မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူက ကျေးလက်လမ်းပိုင်းတစ်ခုအား အရည်အသွေး မပြည့်မီဟု ဒေသခံများ တိုင်ကြားချက်များအရ စစ်ဆေးဆောင်ရွက်ရာတွင် အာဃာတထားကာ လုပ်ဆောင်ခဲ့သည် ဟုဆိုကာ လမ်းပိုင်းတင်ဒါအောင် ကုမ္ပဏီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုသို့ တိုင်ကြားမှုကြောင့်  ပါတီဗဟိုက ခေါ်ယူစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း ၂၉၉၀ ဖြင့် တင်ဒါအောင် ကုမ္ပဏီတစ်ခုမှ တာဝန်ယူ ဆောင်ရွက်သည့် မြောင်းမြမြို့နယ် မြောင်းမြ-ပြင်ရွာလမ်း အလျား ၂ မိုင် ၆ ဖာလုံမှာ လမ်းခင်းပြီး ငါးလခန့်အကြာတွင် ပျက်စီးမှုရှိလာခဲ့သောကြောင့် ဒေသခံပြည်သူများက မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထံ တိုင်ကြားခဲ့ကြောင်း၊ တိုင်ကြားမှုများအရ ဌာနဆိုင်ရာများနှင့် ပူးပေါင်းစစ်ဆေးရာတွင် လမ်းအရည်အသွေးအား အသေးစိတ်စစ်ဆေးနိုင်ရန် Third Party ဖွဲ့ကာ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ Third Party အဖွဲ့၏ စစ်ဆေးဆောင်ရွက်မှုများအရ လမ်းပိုင်းအရည်အသွေးမှာ သတ်မှတ်သော အရည်အသွေးအောက်သို့ နိမ့်ကျနေပြီး သတ်မှတ်စံနှုန်းများ၏ ခြောက်ပုံတစ်ပုံခန့်မှာ လိုအပ်ချက်များ ရှိနေကြောင်း၊ ဒေါက်တာစိုးမိုးသူ အနေဖြင့် ယင်းကဲ့သို့ စစ်ဆေးဆောင်ရွက်မှုမှာ အာဃာတတရားများဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် အခြားသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ကောင်းမွန်သော ထောက်ခံချက်များကို ရရှိထားကြောင်း၊ ဒေါက်တာစိုးမိုးသူ အနေဖြင့် အာဃာတတရားဖြင့် အမှန်ကို အမှားလုပ်ကာ စစ်ဆေးဆုံးဖြတ်ခြင်း ဖြစ်သောကြောင့် ပါတီက စစ်ဆေးဆောင်ရွက်ပေးရန် တိုင်ကြားရခြင်းဖြစ်ကြောင်း တင်ဒါအောင် ကုမ္ပဏီဖြစ်သည့် ဧရာစိန်ပွင့်ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးညီညီစန်း၏ တင်ပြတိုင်ကြားစာအရ သိရသည်။
“ကျွန်တော့်အနေနဲ့ ပါတီတွင်းကိစ္စဖြစ်တဲ့အတွက် ပြောကြားခွင့်မရှိပါဘူးခင်ဗျာ။ သေချာတာကတော့ ကျွန်တော့် ဆောင်ရွက်ချက်တိုင်းက မဲဆန္ဒရှင် ပြည်သူများ အကျိုးကို ရည်ရွယ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ စောင့်ကြည့်ထိန်းကျောင်းပိုင်ခွင့်ထဲက ဆောင်ရွက်ခဲ့တာချည်းပါပဲခင်ဗျာ” ဟု ဒေါက်တာစိုးမိုးသူက The Daily Eleven သတင်းစာ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
အဆိုပါ တိုင်ကြားစာနှင့် ပတ်သက်၍ ပါတီဗဟိုတွင် သွားရောက်အစစ်ဆေးခံခဲ့ရသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဘုရားငုတ္တို ရှမ်းစုကျေးရွာ ရပ်ကျေးအလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးတင့်ဆန်းက “ဒီမြောင်းမြ-ပြင်ရွာ-မြစိမ်းရောင်လမ်းကိစ္စ၊ ဒီလမ်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ရုံးချုပ်ကို သွားရောက်ပြီးတော့ ဖြေရှင်းခဲ့ရပါတယ်။ ဖြေရှင်းခဲ့တဲ့အချိန်မှာလည်း ကျွန်တော်ဟာ ကုန်သည်ပွဲစားလည်း မဟုတ်ပါဘူး။ ကျွန်တော့်မှာ ဥယျာဉ်လည်း မရှိပါဘူး။ ခြံလည်းမရှိပါဘူး။ ထင်းလည်းမရောင်းပါဘူး။ ဒါပေမဲ့ ဦးညီညီစန်းက တိုင်ထား တဲ့အထဲမှာ ကျွန်တော်က သူတို့ဆီကို စျေးကြီးတဲ့ စျေးကြီးကြီးနဲ့ထင်းတွေ မသွင်းရလို့ သူတို့ကို ရိုးမယ်ဖွဲ့ပြီး တိုင်ပါတယ်ဆိုတဲ့ အချက်တွေလည်း ကျွန်တော်တွေ့ရပါတယ်။ ဒီကုမ္ပဏီက နေပြီးတော့ အခုလို ပြီးစလွယ် ဖြစ်သလိုလုပ်သွားတဲ့ အတွက်ကြောင့် ပြည်သူတွေက ကျွန်တော့်ကို ၀ိုင်းပြီးတော့ ပြောကြတယ်၊ ဆိုကြတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း မြင်ရတဲ့အ တွက်ကြောင့်မို့ ကျွန်တော်လွှတ်တော်ကိုယ် စားလှယ်ရုံးကနေတစ်ဆင့် ဒေါက်တာစိုးမိုးသူ ဆီကိုလည်း သတင်းပို့ခဲ့ပါတယ်။ အဲဒီလောက် ပျက်နေတဲ့လမ်းကို တင်ပြတဲ့အတွက်ကြောင့် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တစ် ဦးရဲ့ ခင်ပွန်းက ကျွန်တော့်အိမ်ရှေ့အထိလာ ပြီးတော့ ဒီလမ်းကမပျက်ပါဘူး။ တစ်နေရာ တည်းပါ၊ ဒီလောက်ကောင်းနေတာကို ခင်ဗျား ဘယ်လိုမျက်စိနဲ့ကြည့်တာလဲ၊ ဘာကြောင့် ပြောတာလဲဆိုတဲ့ အပြောအဆိုမျိုးပြောပြီး ကျွန်တော့်ကို ဗီဒီယိုရိုက်ခြင်း၊ အသံဖမ်းခြင်း ပြုလုပ်သွားပါတယ်။ ဒါပေမဲ့ ကျွန်တော်အားလုံးကို နားလည်ခွင့်လွှတ်ပေးခဲ့တယ်။ မည်သူ့ကိုမျှလည်း ကျွန်တော်ပြဿနာမရှာခဲ့ဘူး၊ မတိုင်ခဲ့ပါဘူး။ အခုလို ဒီလိုပြဿနာမျိုး Third Party နဲ့တစ်ဆင့် စနစ်တကျ လာရောက် စိစစ်တဲ့အခါမှာလည်း ခြောက်ပုံတစ်ပုံ လျော့နည်းနေတယ် ဆိုတာကို အားလုံးသိပြီး ဖြစ်ပါတယ်။ သို့သော် ဒီလောက်ပျက်စီးနေတဲ့ လမ်းကို ကျွန်တော်တို့ရဲ့ ပြည်သူတွေရဲ့ အားကိုးအားထားရာ ပြည်သူတွေရဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ဒီလမ်းကြီးကို ကောင်းပါတယ်ဆိုတဲ့ ထောက်ခံချက်တွေပေးတာကို ကျွန်တော် တွေ့ရတဲ့အတွက် အင်မတန်မှပဲ စိတ်ထိခိုက် ဝမ်းနည်းရပါတယ်။ အခုဒီလမ်းရဲ့ အခြေအနေက မြေပြင်အခြေအနေကို ဆင်းကြည့်တာက ကျွန်တော်တို့ မှန်သလား၊ ပြည်သူတွေနဲ့ ဒေါက်တာစိုးမိုးသူက မှန်သလား၊ ဒီကုမ္ပဏီနဲ့ ထောက်ခံပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက မှန်သလား ဆိုတာကို ကွဲကွဲပြားပြား သိရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
အဆိုပါလမ်းပိုင်းမှာ လုပ်ငန်းပြီးစီး၍ သတ်မှတ်အရည်အသွေး ပြည့်မီသည် ဟုဆိုကာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခန့်အပ်ထားသည့် အရည်အသွေး စစ်ဆေးရေး အဖွဲ့များက အရည်အသွေး စစ်ဆေးပြီးကြောင်း ထောက်ခံမှုကို ရရှိထားခဲ့သည့် လမ်းပိုင်းတစ်ခုလည်းဖြစ်ကြောင်း သိရသည်။
Eleven

No comments:

Post a Comment

My Blog List