အလုပ်သမားများ တောင်းဆိုနေသည့် အနည်းဆုံး အခကြေးငွေ တစ်ရက်လုပ်ခ ၇၂၀၀ ကျပ်သည် လုပ်ငန်းရှင် များအတွက် ရှင်သန်နိုင်ရန် မလွယ်ကူသည့် နှုန်းထားတစ်ခု ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
“ကျွန်မတို့ အနေနဲ့ အခုနှစ် ၃ လပိုင်းကနေ ၅ လပိုင်းအထိ အပြင်းအထန် ဆွေးနွေးရမှာကတော့ အလုပ်သမားများက သူတို့ရဲ့ စားဝတ်နေရေး စစ်တမ်းတွေ ကောက်ယူကြတဲ့အခါ အနည်းဆုံး သူတို့က ၇၂၀၀ လို့ ပြောတဲ့အသံ ကြားနေရပါတယ်။ အနိမ့်ဆုံး လုပ်ခလစာ တက်လာတဲ့အခါမှာ အခုဆိုရင် ၇၂၀၀ ဆိုတာ ၅၀ ရာခိုင်နှုန်းနီးပါး လောက်ကို တက်လာတဲ့ အခါကျတော့ ဒါဟာ စိုးရိမ်စရာ တစ်ခုလို့ မြင်တာပါ။ ကျွန်မတို့ရဲ့ အလုပ်ရုံနဲ့ တွက်ကြည့်တဲ့အခါမှာ ဒီနှုန်းဆို ကျွန်မတို့ ရှင်သန်နိုင်ဖို့ မလွယ်တဲ့ နှုန်းတစ်ခုပါ” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
လက်ရှိတွင် လုပ်ခလစာ မလုံလောက်မှုကြောင့် အနည်းဆုံး အခကြေးငွေ နှုန်းထားကို တိုးမြှင့်ပေးရန် အလုပ်သမားများက တောင်းဆိုနေကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ကလည်း အလုပ်သမားများကို တစ်ရက်လုပ်ခ အနည်းဆုံး ကျပ် ၇၂၀၀ သတ်မှတ်ပေးရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် (ITUC) ထံသို့ တင်ပြထားကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
အလုပ်ရှင်များက ပေးရမည့် ငွေကြေးပမာဏကို အနည်းဆုံး အခကြေးငွေ ဥပဒေအရ နှစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ရာတွင် လုပ်ခလစာ တိုးခြင်း၊ လျော့ခြင်း မပါဝင်သော်လည်း အများစုမှာ တိုးရန်ကိုသာ စဉ်းစားပြီး ပြင်ဆင်နေကြသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းက ပြောသည်။
“အခု တော်တော်များများက ဘယ်လောက် ဖြစ်မလဲ မေးကြတယ်။ ကျွန်တော့် အနေနဲ့ ဘယ်လောက်ဖြစ်မလဲ ဘယ်သူမှ မဖြေနိုင်ပါဘူး။ အခုက အချက်အလက် ကောက်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ လတ်တလော အခြေအနေကတော့ ဥပဒေထဲ ပါထားတဲ့အတိုင်း လုပ်သားများရဲ့ ကုန်ကျစရိတ်ကို ထည့်သွင်း စဉ်းစားရမယ်။ တိုင်းပြည်ရဲ့ ငွေကြေးဖောင်းပွမှုနှုန်း၊ လုပ်သားများရဲ့ ကုန်ထုတ်စွမ်းအား အလုပ်ရှင်ရဲ့ ပေးနိုင်စွမ်း၊ အလုပ်ရှင်ရဲ့စရိတ်၊ ဒါတွေကို ထည့်သွင်း စဉ်းစားရမယ် ရေးထားပါတယ်။ သို့သော်လည်း အရင့်အရင် ကန့်သတ်ချက် မြောက်များစွာနဲ့မို့ အဲ့ဒီ့အချက် အကုန်လုံး ထည့်သွင်းစဉ်းစားခွင့် မရခဲ့ပါဘူး။ မရခဲ့သော်လည်း တစ်စုံတရာသော ပမာဏကို ထုတ်ပြန် ကြေငြာခဲ့ရတာတွေ ရှိပါတယ်” ဟု ဦးထွန်းထွန်းက ပြောသည်။
အဆိုပါ အနည်းဆုံး အခကြေးငွေကို အနည်းငယ် တိုးမြှင့်လိုက်သည်နှင့် ၎င်းအပေါ်က ရာထူးများလည်း အဆင့်လိုက် ဖြည့်သွားရခြင်း ဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ဘက်ကလည်း အမြဲတမ်း အလုပ်ရှင် အလုပ်သမား အစိုးရ ညှိနှိုင်းတဲ့အခါမှာ ဘာပဲပြောပြော ငါတို့က မပေးနိုင်ဘူး။ မတိုးနိုင်ဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ အချက်အလက် အခြေနေတွေနဲ့ ပြပြီးတော့မှ အဖြစ်သင့်ဆုံးကို ညှိနှိုင်းဖို့အတွက် ဖြစ်ပါတယ်” ဟု ဦးထွန်းထွန်းက ဆက်လက် ပြောကြားသည်။
ယင်း ဥပဒေကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကာ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းစဉ်များ ချမှတ်၍ အလုပ်သမား ၁၅ ဦးနှင့်အထက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ မြန်မာတစ်နိုင်လုံး တစ်ပြေးညီ တစ်နာရီလျှင် ငွေကျပ် ၄၅၀ နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ငွေကျပ် ၃၆၀၀ ကို ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်တွင် ထုတ်ပြန် သတ်မှတ်ခဲ့သည်။
ထို့ပြင် သတ်မှတ်ထားသည့် အနည်းဆုံး အခကြေးငွေ နှုန်းထားကို ပြောင်းလဲလာသော အခြေအနေ အရပ်ရပ်တို့နှင့်အညီ ပြန်လည် သုံးသပ်မှုများ ဆောင်ရွက်ရန်အတွက် အမျိုးသား ကော်မတီကို နိုင်ငံတော် သမ္မတရုံးက ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်း တာဝန်ပေးခဲ့ကြောင်း သိရသည်။
ထို အမျိုးသား ကော်မတီက လုပ်ငန်းစဉ် (၅) ရပ် ချမှတ်၍ အနည်းဆုံး အခကြေးငွေကို အလုပ်သမား ၁၀ ဦးနှင့်အထက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ မြန်မာတစ်နိုင်လုံး တစ်ပြေးညီ တစ်နာရီလျှင် ငွေကျပ် ၆၀၀ နှုန်းဖြင့် တစ်ရက် ၈ နာရီ အလုပ်ချိန်အတွက် ငွေကျပ် ၄၈၀၀ ကို ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်တွင် ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သိရသည်။
ဇာခြည်
No comments:
Post a Comment