နင်းပြားဝန်ထမ်း ပြည်သူများ၊ ဇူလိုင် ၃၀၊ ၂၀၁၂
ပေးစာ (၁) –
ဝန်ကြီးဌာနတခုလုံး အမျိုးနဲ့ ခရိုနီတွေချည်းပဲ
ကျနော်ဟာ လျှပ်စစ်(၁) ၀န်ကြီးဌါနက အရာထမ်းတဦး ဖြစ်ပါတယ်။ ကျနော်တို့ ဌါနက
ဝန်ထမ်းရေးရာ ရာထူးတိုး အပြောင်းအရွေ့ မသမာမှုတွေ အကြောင်း ပြောချင်ပါတယ်။
ဝန်ကြီး(ဦးဇော်မင်း)၊ ညွှန်ချုပ် ဦးဆောင်ညွှန်ကြားရေးမှုးတို့ဟာ ၄င်းတို့နဲ့
နီးစပ်ရာ ဆွေမျိုး တပည့်သားမြေးတွေနဲ့ ငွေပေးနိုင်သူတွေကိုသာ ရာထူးတိုး
မြှင့်ပေးလျှက်ရှိပြီး ရာထူးအလိုက် သိန်း ၂၀၀ -၃၀၀ အထိ
ပေါက်ဈေးရှိနေပါတယ်။
တည်ဆောက်ရေး အမှတ် (၁) ကိုရွေ့ပြောင်းဖို့ အတွက် ညွှန်ကြားရေးမှုး (၂)ယောက်
အပြိုင်ဈေး ပေးကြရတာ သိန်း (၈၀၀) အထိရောက် နေကြောင်း ၊ ကာယကံရှင်
ပြောပြချက်အရ သိရှိရပါတယ်၊ ကျွမ်းကျင်မှု့အလိုက် လုပ်သက် အလိုက်
အရည်အချင်းအလိုက် တိုးမြှင့်ပြောင်းရွေ့ပေးခြင်းမျိုး မဟုတ်တဲ့ အတွက်
ဌါနတွင်းမှာ အုပ်ချုပ်မှု့ ပျက်ပြားပြီး ခြစားမှု့တွေ မသမာမှု့တွေ
တိုးပွားလျှက်ရှိပါတယ်။ လူမှန်နေရာမှန် မရှိတဲ့ အတွက် ကြိုးနီစနစ်တွေ
များပြီး ရစ်ခွေနေကြတာနဲ့ အလုပ်မဖြစ်သလို နည်းပညာပိုင်းမှာလဲ
ဆုံးဖြတ်ချက်တွေမှားပြီး စီမံကိန်းတွေမှာ ဆုံးရှုံးမှု့တွေ
ကြီးကြီးမားမားရှိနေပါတယ်။
ရဲရွာ စီမံကိန်းနဲ့ ကွန်းစီမံကိန်းတွေက သိုဝှက်ထားတဲ့
ဆုံးရှုံးပျက်စီးမှု့တွေရဲ့ အကြောင်းရင်းကလဲ ဒါတွေကြောင့်ပါပဲ ပိုပြီး
ဝမ်းနည်းဖို့ ကောင်းတာက ဌါနတွင်း ၀န်ထမ်းရေးရာ ကိစ္စတွေမှာ ကုမ္ပဏီတွေက ပါဝင်
စွက်ဖက်ချယ်လှယ်နေကြတာပါပဲ အထူးသဖြင့် အေးရှားဝါး (ဟိုက်တက်၊အမ်အက်စ်ပီ၊
မင်းအနော်ရထာ) စတဲ့ ကမ္ပဏီတွေ အရေးကြီးတဲ့ ရာထူးနေရာတွေ ဥပမာ
လုပ်ငန်းခွင့်ပြုပေးနိုင်တဲ့ ရာထူး၊ ငွေရေးကြေးရေး ဆောင်ရွက်ပေးနိုင်တဲ့
ရာထူးနေရာ ပစ္စည်းဝယ်ယူတင်သွင်းပေးနိုင်တဲ့ ရာထူးနေရာတွေမှာ ကိုယ်ပိုင်တဲ့
အရာထမ်းတွေ တိုးမြှင့် ခန့်ထားရေး အတွက် ၀န်ကြီးကို ငွေပေးပြီး
တွန်းအားပေးကြတာ အလွန်ရုပ်ပျက်လှပါတယ်။