Friday, January 24, 2020

ထိုင်းတွင် လေထုအလွန်ညစ်ညမ်းနေခြင်းကြောင့် မြို့တော်များတွင် ယာဉ်သုံးစွဲမှုလျှော့ချမည်


ထိုင်းမြို့ကြီးများတွင် လေထုအရည်အသွေး အလွန်ကျဆင်းနေခြင်းကြောင့် စက်တပ်ယာဉ်သုံးစွဲမှုများကို လျှော့ချသည့် အစီအစဉ်အပါအဝင် ပြင်ဆင်မှုများ ပြုလုပ်မည်ဟုဆိုသည်။ 
ထိုင်းနိုင်ငံမြို့တော်ဘန်ကောက် နှင့် အခြားမြို့ကြီးများတွင် အမှုန်အမွှားလေးများဖြင့် လေထုညစ်ညမ်းမှုန်မှိုင်းနေခဲ့ရာ အစိုးရက တန်ပြန်အစီအစဉ်များ ချက်ချင်းလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

ထိုင်းသဘာဝရင်းမြစ်နှင့် ပတ်ဝန်းကျင် ဝန်ကြီးဌာနက အခိုးအငွေ့များကိစ္စ ကိုင်တွယ်ရန် အစီအစဉ်အသစ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အရေးပေါ်ကြေညာထားရခြင်းဖြစ်သည်။

မြို့တော်တွင်အခိုးအငွေ့များထူထပ် မှိုင်းရီနေခြင်းကိစ္စကို ကိုင်တွယ်ရန် အစီအစဉ်များတွင် မြို့တော်တွင်းယာဉ်သုံးစွဲမှုကို လျှော့ချခြင်းများလည်း ပါဝင်မည်ဟု ထိုင်းသဘာဝပတ်ဝန်းကျင် ဝန်ကြီးဝါရာဝတ် ဆီပါအာချာက ပြောကြားသည်။ 

ထိုင်းနိုင်ငံတော်အဆင့် သဘာဝပတ်ဝန်းကျင် ဘုတ်အဖွဲ့ကို ဒုတိယဝန်ကြီးချုပ် ပရာဝတ်ဝေါင်ဆူဝမ် ကိုယ်တိုင် ဦးဆောင်ပြီး ဖွဲ့စည်းထားသည်။

မြို့တော်ကြီးများတွင် ထရပ်ကားများ၊ စက်မျိုးစုံများသွားလာခြင်းကို လျှော့ချခြင်းများလုပ်မည်ဖြစ်၍ ပြည်သူများအတွက်  အခက်အခဲများတော့ ကြုံရမည်ဟု သတိပေးထားသည်။ 

လေသန့်စင်စက်များ လိုက်လံတပ်ဆင်ခြင်းသည် ပြဿနာ၏ အရင်းအမြစ်ကို ဖြေရှင်းနိုင်မည်မဟုတ်ပါကြောင်း ဝန်ကြီးဝါရာဝတ်က ပြောကြားသည်။ 

အစိုးရအနေနှင့် ပန်းခြံဥယျာဉ်များ အပါအဝင် စိမ်းလန်းသောနေရာများပိုမို တည်ဆောက်သွားရန် ရည်ရွယ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားထားသည်။ 

မြို့တော်ဘန်ကောက်ရှိ ခရိုင် ၅၀ ၌ ၁၄ ခုတွင် အမှုန်အမွှားများ လေထုထဲပါဝင်နေမှုသည် အန္တရာယ်ရှိသောအနေ အထားရောက်နေပြီဖြစ်ကြောင်း ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးဌာနက ကြေညာထားသည်။ 

လေထုအခြေအနေဆိုးဝါးလာမှုကို အစိုးရက လျင်မြန်စွာအရေးတယူဆောင်ရွက်ခြင်းမရှိလျှင် ပြည်သူ့ကျန်းမာရေး ထိခိုက်မှု ပိုဆိုးလာနိုင်ပြီး နိုင်ငံခြားသားလာရောက်လည်ပတ်မှု လျော့ကျကာထိုင်းစီးပွားရေး ထိခိုက်လိမ့်မည်ဟု ဝန်ကြီးကသတိပေးသည်။ 

The Voice

No comments:

Post a Comment

My Blog List