လုပ်နိုင်မလုပ်နိုင်တာကို မဆင်ခြင်ဘဲပြည်သူလူထုကို ကတိလွယ်လွယ်မပေးဖို့ ဝန်ကြီးတွေကိုမှာကြားထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက ပင်လည်ဘူးလူထုကိုပြောကြားလိုက်ပါတယ်။
ဒီနေ့ညနေပိုင်းက စစ်ကိုင်းတိုင်းထဲက ပင်လည်ဘူးမြို့မှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာပြောကြားလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို ပေးတဲ့ ကတိတည်ဖို့က သူမအတွက် အရေးကြီးပြီး ဘယ်သောအခါ ပေါ့ပေါ့တန်တန်စကားမပြောကြောင်းနဲ့ မပေးနိုင်တဲ့ ဂတိတွေကိုလည်းမပေးခဲ့ဘူးလို့ ဆက်ပြောပါတယ်။
“အထူးသဖြင့် ကျွန်မတို့ပြည်သူလူထုနဲ့ ပတ်သက်လို့ရှိရင် နှစ်သိမ့်တဲ့သဘောနဲ့ ပြဿနာရှင်းတဲ့သဘောနဲ့ လုပ်နိုင်တာမလုပ်နိုင်တာကို မဆင်ခြင်ဘဲနဲ့ ကတိကဝတ်တွေ ကိုလွယ်လွယ်ပေးတဲ့အလုပ် ကျွန်မတို့ ဘယ်တုန်းကမှမလုပ်ခဲ့ပါဘူး။ကျွန်မတို့ရဲ့ အဖွဲ့ချုပ်က အဖွဲ့ဝင်တွေကို ကျွန်မတို့အမြဲပဲမှာပါတယ်။ကျွန်မရဲ့ အခုလက်ရှိ အစိုးရအဖွဲ့ဝင်တွေကိုလည်းမှာပါတယ်။မတည်နိုင်တဲ့ ကတိတွေကို ပြည်သူလူထုကိုမပေးပါနဲ့။မတည်နိုင်တဲ့ ကတိတွေ ပေးလိုက်လို့ရှိရင် ဒီကနေ့ ကတိတွေမတည်နိုင်တာကြောင့်မို့ ပြည်သူလူထုရဲ့ ယုံကြည်မှုတွေဆုံးရှုံးသွားပါလိမ့်မယ်။ပြည်သူလူထုရဲ့ ယုံကြည်မှုဆုံးရှုံးသွားပြီဆိုရင်
ပြန်ပြီးတော့ တည်ဆောက်ရတာ အင်မတန်မှခက်ပါတယ်“လို့ နိုင်ငံတော်အတိုင်ပင်ခံကပြောပါတယ်။
နိုင်ငံတာဝန်ကို ထမ်းဆောင်ချင်တယ်ဆိုတဲ့ လူတိုင်းလူတိုင်းအတွက် ပြည်သူလူထုရဲ့ယုံကြည်မှုရဖို့ဆိုတာ အဓိကအရေးကြီးတဲ့အချက်ဆိုတဲ့အကြောင်းလည်း အတိုင်ပင်ခံထည့်ပြောသွားပြီး ပြည်သူရဲ့ ယုံကြည်မှုမရှိဘဲနဲ့ ဘယ်အစိုးရအဖွဲ့မှ ဘယ်နိုင်ငံရေးအဖွဲ့အစည်းမှ နိုင်ငံကို အကျိုးပြုနိုင်မှာ မဟုတ်ပါဘူးလို့လည်းပြောကြားခဲ့ပါတယ်။
“တစ်ချို့ကတော့ ပြည်သူတွေကို လျှော့ပြီးတွက်တယ်။ပြောရမယ်ဆိုရင် ပြည်သူတွေကို အထင်သေးတယ်။တောင်းတာကိုပေးမယ်လို့ပြောလိုက်လို့ရှိရင် ငါတို့ကိုထောက်ခံမှာပဲဆိုပြီး ထင်တဲ့လူတွေရှိပါတယ်။ကျွန်မကတော့ ကျွန်မတို့ရဲ့ ပြည်သူလူထုကို ဒီလိုအထင်မသေးပါဘူး။ကျွန်မတန်ဖိုးထားတယ်။လေးလည်းလေးစားတယ်။မှန်မှန်ကန်ကန်သုံးသပ်နိုင်တဲ့အရည်အချင်းရှိ တယ်လို့ ယူဆတယ်။ကိစ္စတစ်ခုကို ဖြစ်မြောက်အောင်လုပ်ပေးနိုင်တယ်လို့ ယူဆရင် ကျွန်မတို့ လုပ်ပေးမယ်။ဘာဖြစ်လို့လဲဆိုတော့ ပြည်သူစိတ်ချမ်းသာမှ ကျွန်မတို့ နိုင်ငံက စိတ်ချမ်းသာတာ။ဒါပေမယ့်ကို မလုပ်ပေးနိုင်တဲ့ကိစ္စကို ချွေးသိပ်တဲ့သဘောနဲ့လုပ်ပေးမယ်။အဲ့လိုပြောလိုက်လို့ရှိရင် ပြည်သူကကျေနပ်သွားမှာပဲဆိုပြီးတော့ ဒီလိုကျွန်မတို့စော်ကားလိုတဲ့ စိတ်ဓါတ်မရှိပါဘူး။ပြည်သူကို မလေးစားတာက စော်ကားရာရောက်ပါတယ်“လို့ နိုင်ငံတော်အတိုင်ပင်ခံကပြောပါတယ်။
သူမအနေနဲ့ အခုလို ခရီးတွေအများကြီးထွက်ရတာက တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူပြည်သားတွေနဲ့ တရင်းတနှီးထိတွေ့မှုကိုလိုချင်တာကြောင့်လို့ပြောပြီး ဒေသအချို့ဟာ တိုတက်သင့်သလောက်မတိုးတက်တာကိုတွေ့ရတယ်လို့ ဆက်ပြောခဲ့ပါတယ်။
“တိုးတက်မှုကို စိတ်လုံခြုံမှုဘယ်လောက်ရှိလဲ ပထမတိုင်းတာတယ်။အိမ်ထဲမှာလဲ လုံခြုံတယ်။အိမ်အပြင်ထွက်ရင်လဲ လုံခြုံတယ်ဆိုတဲ့ လုံခြုံမှုရှိရမယ်။နောက်တစ်ခုကလည်း လုံခြုံမှုဆိုတာ မနက် မိုးလင်းလာတာနဲ့ ကိုယ့်ရဲ့ဘဝအတွက် ပူပန်သောက မရ၊မဖြစ်ရတဲ့ အနေအထားမှာရှိရမယ်။မနက်ကျလို့ရှိရင် ၀၀လင်လင်စားရမယ်။နေစရာရှိတယ်။ဝတ်စရာရှိတယ်။စားစရာရှိတယ်။သားသမီးရှိတဲ့ မိသား စုတွေက သားသမီးတွေကို ပညာသင်ပေးနိုင်တယ်။အဲ့ဒီလိုစိတ်လုံခြုံမှုရှိဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။နောက်တစ်ခုကတော့ အလုပ်နဲ့ ပတ်သက်လို့ လုံခြုံဖို့။ကျွန်မတို့နို င်ငံထဲမှာဆိုရင် အလုပ်လက်မဲ့တွေက အင်မတန်ကိုများပါတယ်“လို့ နိုင်ငံတော်အတိုင်ပင်ခံကပြောပါတယ်။
ကိုမင်း/Myanmar Harp
Photos-TheinZawfacebook
No comments:
Post a Comment