Wednesday, January 22, 2020

နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး မှီခိုရမှုတွေနဲ့ မြန်မာနိုင်ငံက တရုတ်ကျွန် ဖြစ်နေပြီလား


Image may contain: 14 people, people standing and suit
ရခိုင်ပြည်နယ်တွင် ကျောက်ဖြူစီမံကိန်း၊ ရန်ကုန်မြို့တွင် ရန်ကုန်မြို့သစ်စီမံကိန်းတို့ကို တရုတ်အစိုးရပိုင် ကုမ္ပဏီများ လုပ်ပိုင်ခွင့်ရရှိသွားခြင်းသည် မြန်မာနိုင်ငံ၏ အနာဂတ်နှင့် အချုပ်အခြာအာဏာအတွက် အထူးစိုးရိမ်လာရပြီဖြစ်ပြီး တရုတ်ကျွန်အဖြစ် ရောက်ရှိနေပြီဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုလိုက်ကြသည်။ ရန်ကုန်ခေတ်သစ်က တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်များကို ဆက်သွယ်မေးမြန်းထားပါသည်။
ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)
တရုတ်သမ္မတလာရောက်တာက ဖြစ်နိုင်တဲ့ ပြောင်းလဲမှုတွေပြောရရင် တစ်ခုကတော့ မြန်မာပြည်မှာ လုပ်နေတဲ့စီမံကိန်းတွေက လွန်ခဲ့တဲ့ ၃နှစ် ၄နှစ်လောက်တည်းက ချုပ်ထားတဲ့ စာချုပ်တွေပေါ့။ အဲတုန်းကချုပ်ဆိုတာကတော့ အကြိုသဘောမျိုးတွေချုပ်ဆိုတာပေါ့။ အခုကတော့ ၃နှစ် ကြာသည့်တိုင်းအောင် ဘာမှသိပ်ပြီးတော့ ထူးထူးခြားခြားတိုးတက်မလာတဲ့အတွက် သမ္မတကိုယ်တိုင်လာပြီးတော့ တောင်းဆိုတဲ့ သဘောဖြစ်မယ်လို့ထင်ပါတယ်။ အရင်တုန်းကတော့ ဒါတွေက MOU တွေထိုးထားတာပေါ့။ လက်တွေ့ အလုပ်က ဘာမှမဖြစ်ခဲ့ဘူးပေါ့။ အဲဒီပေါ်မှာ မကျေနပ်မှုတွေ အကြေလည်မှုတွေဖြစ်တာပေါ့ဗျာ။
ပထမတစ်ချက်ကတော့ စီးပွားရေးအကြောင်းကတစ်ချက်တော့ ဒီလက်မှတ်ထိုးလိုက်တာတွေကို ဆက်ပြီးတွန်းလုပ်ဖို့ သူတို့ကတွန်းအားပေးဖို့သဘောပေါ့။ နောက်အရေးကြီးတစ်ခုကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကိစ္စပေါ့။ တရုတ်ဟာ ငြိမ်းချမ်းရေးမှာ ကူညီသူလား။ ပြည်တွင်းနိုင်ငံရေး စစ်ရေးကိစ္စတွေကို တိုးမြှင့်အောင်လုပ်နေတဲ့ အင်အားစုလားဆိုတာကတော့ လူထုတွေထဲမှာ အမြင်တွေက အမျိုးမျိုးရှိနေတာပေါ့။
တရုတ်မပါရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဘာမှမဖြစ်ဘူးဆိုတဲ့ အမြင်ကရှိကျတာကို နောက်တိုင်းရင်းသားလက်နက်ကိုင်တွေ ကိုင်နေတဲ့ လက်နက်တွေက တရုတ်လက်နက်တွေဆိုတဲ့ အမြင်ကလည်းရှိတယ်။ တရုတ်ဟာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သွေးရိုးသားရိုးပါရဲ့လားဆိုတာ သံသယတွေရှိကျတယ်။ အဲဒီသံသယတွေချေဖျက်ဖို့အတွက် သူကတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆွေးနွေးတဲ့ ဆွေးနွေးပွဲတွေမှာ တရုတ်သမ္မတက ပြတ်ပြတ်သားသား ပြောလိုက်တာပဲ။
သူတို့အနေနဲ့ နိုင်ငံတော် မူဝါဒအရ ဘယ်တုန်းကမှ မြန်မာပြည်ကို အကျိုးမဲ့စေမယ့် အင်အားစုတွေကို လက်နက်ထောက်ပံ့ခြင်း ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးဆိုတာ ဒါပေမယ့် ဆင်တစ်ကောင်လုံးတွေ့ပြီးတော့မှ ဆင်ခြေယာအကြောင်းပြောနေရတာလည်း သိပ်တော့မကောင်းဘူးလေ။ ပြီးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း TNLA လက်နက်တိုက်ကြည့်လိုက်ရင် လက်နက် ၁၇ဝတည်းမှာ တရုတ်ပစ္စည်းကအများစု နောက်ပြီးတော့ တစ်နေ့ကမိတဲ့ အမြှောက်ဆံ ဗုံးဆံတွေ KIA ကလို့ ယူဆလို့ရတဲ့ဟာတွေကလည်း တရုတ်ပြည်က ပစ္စည်းတွေဖြစ်နေတယ်။ တစ်ဖက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း တရုတ်သံတမန်အဖွဲ့ မပါဝင်ဘူးဆိုရင် မြောက်ပိုင်းအဖွဲ့တွေက ငြိမ်းချမ်းရေး ညီလာခံ သုံးခုမှာ ဖွင့်ပွဲတောင်မှ တက်ခွင့်ရှိမယ်လို့မထင်ဘူး။
အဲဒီသူတို့ပါဝင်မှုကလည်း အဲလိုရှိတယ်။ အဲတော့ သမ္မတရှီကျင့်ဖျင် လာတဲ့အတွက် ဘာဖြစ်လာနိုင်မလဲ။ သူလာတာကတော့ OBOR စီမံကိန်းအတွက် အကောင်အထည်ဖော်ဖို့ အဓိက တွန်းအားပေးဖို့ပါပဲ။ အဲတာတွေလုပ်တဲ့အခါမှာ ငြိမ်းချမ်းရေးကိစ္စကလည်း ပြောရတော့မှာကို ဒီလမ်းကြောင်းကြီး(OBOR) မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် ဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးရမှာ လုပ်ငန်းကအဆင်ပြေမှာကို ဒီလုပ်ငန်းစဉ်အဆင်ပြေဖို့အတွက် သူတို့ကတော့ လက်နက်ပံ့ပိုးတာတို့ ထောက်ပံ့တာတို့ မလုပ်ပါဘူးလို့ပြောသွားတာပေါ့။ တကယ်လည်း အဲအတိုင်း နိုင်ငံတော် ပေါ်လစီအရတော့ ဖြစ်ပါလိမ့်မယ်။
လက်တွေ့ကတော့ လက်နက်တွေက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ အင်အားတိုးသလောက် လက်နက်တွေလည်း တိုးလာတာတွေ့ရပါတယ်။ အဲတာတွေက ကောစစ်ရေးအရ အကူအညီမပေးဘူးဆိုတာ ဟုတ်သလား။ ဖြစ်နိုင်သလားဆိုရင် ကျွန်တော့်အမြင်ကတော့ အဲတာတွေကတော့ ဆက်ပြီးတော့ရှိနေအုန်းမှာပဲ ဘာကြောင်လည်းဆိုတော့ လွတ်လပ်တဲ့ဒီစျေးကွက်တွေမှာ လက်နက်တွေ ဝယ်ယူရနိုင်တဲ့ အခြေအနေလည်းရှိတယ်။ အခုသတင်းအရပြာရရင်တော့ "၀" ပြည်နယ်ကနေ အဲလက်နက်တွေ ဝယ်ယူနေတယ်ဆိုတာကလည်း ရှိနေတယ်။ ဒါပင်မယ့် အဲတာတွေကတော့ ကျွန်တော်တို့ NCA ထဲမှာအားလုံးပါဝင်ပြီး ငြိမ်းချမ်းရတဲ့အနေအထားရောက်ရင်တောင် အခုသမ္မတရှီကျင့်ဖျင်က နိုင်ငံတော် ပေါ်လစီမဟုတ်ပါဘူးလို့ ငြင်းရင်လည်း အဲအပေးအယူတွေကတော့ရှိနေအုန်းမယ်လို့မျှော်လင့်ပါတယ်။
OBOR စီမံကိန်းရဲ့ အဓိကနေရာတွေက ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသမှာ ဖြစ်နေတဲ့အခါကျတော့ အဲဒေသမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေတော့ တစ်စုံတစ်ရာလျော့ကျလာနိုင်တယ်။ အဲထက်ပိုပြီးတော့အဆင်ပြေရင် ကျွန်တော်တို့ Bilateral လက်မှတ်ရေးထိုးတဲ့နေရာမှာ မြောက်ပိုင်းလေးဖွဲ့ထဲက အများစုပါဝင်လာနိုင်တယ်လို့ မျှော်လင့်စရာရှိတယ်။ ဒါကြောင့်မို့ ၂ဝ၂ဝမှာ အရင်ကထက်စာရင်တော့ ငြိမ်းချမ်းရေးလှုပ်ရှားမှုရဲ့ အလားအလားကောင်းတွေရှိနေတယ်။ သူလာတာကတော့ စီပွားရေးနဲ့ ငြိမ်းချမ်းရေးပေါ့။ မြစ်ဆုံစီမံကျတော့ လူထုအမြင်းကလည်း မကောင်းတဲ့အခါကျတော့ မြစ်ဆုံစီမံကိန်းတော့ဆက်မလုပ်နိုင်ဘူးပေါ့။
အဲဒီတော့ မြန်မာကတော့ တစ်ခုခုတော့ စဉ်းစားရမှာပေါ့။ မြန်မာအစိုးရနဲ့ တရုတ်အစိုးရလက်မှတ်ထိုးတဲ့ထဲမှာ မြစ်ဆုံကိစ္စတော့မပါဘူး။ အဲတည်းမှာ မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေ လျောကြေးပေးတာပဲဖြစ်ဖြစ် အစားထိုးပေးတာပဲဖြစ်ဖြစ် အဲလိုလုပ်ဆောင်ပေးရမယ်လို့ထင်ပါတယ်။ နောက်ကျောက်ဖြူ စီမံကိန်းကျတော့ တရုတ်မြန်မာစီမံကိန်းမှာ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ သူကတရုတ်ပြည်ရဲ့ သမုဒ္ဒရာနှစ်စင်းပေါ်လစီပေါ့ဗ်ာ။
ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်မှာတော့ သူ့အနေနဲ့ စီးပွားရေးဇုန်တွေ အများကြီးသူဆောက်ထားပြီးပြီ အိန္ဒိယ သမုဒ္ဒရာထဲမှာတော့ သူ့အနေနဲ့ ဘာမှသေသေသပ်သပ် စက်မှုဇုန်တွေ စီပွားရေးဇုန်တွေ မတည်ဆောက်နိုင်သေးပါဘူး။ နောက်တစ်ခုက တရုတ်ပြည်အနောက်ပိုင်းရဲ့ အလွန်ကို ခေတ်နောက်ကျတဲ့ အင်အားစုတွေရဲ့ ထွက်ပေါက်က ကျောက်ဖြူဖြစ်ပါတယ်။ အဲတော့ ကျောက်ဖြူ စီမံကိန်းကို မလွဲမသွေ ဘယ်လောက်ပဲ တန်ဖိုးပေးရပေးရ သူတို့အနေနဲ့ အဲဒီကိစ္စကို အရယူချင်တဲ့ သဘောထား ရှိပါလိမ့်မယ်။ ဒါကြောင့်လည်း ကျောက်ဖြူစီမံကိန်းကို အဓိကဇောင်းပေးပြီးပြောနေတာြဖစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။
အခု OBOR ဆိုတာကလည်း တရုတ် Globalization လို့ပြောရမှာပေါ့။ နိုင်ငံပေါင်း တစ်ရာနည်းပါးလောက် ဒီတည်းမှာ ပါဝင်နေပြီ စင်္ကြံတွေက အများကြီးပဲ ကျောက်ဖြူတင်မကဘူး။ မဲခေါင်းရှိတယ်။ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်သွယ်ရေးကွန်ရက်တွေရှိတယ်။ ကျွန်တော်တို့ တိုင်းပြည်တစ်ပြည်တည်း မီးရထားလမ်းဖောက်နေတာ မဟုတ်ပါဘူး။ အာဆီယံနိုင်ငံတွေအားလုံးကော အဲဒီကနေပြီးတော့ ကျွန်တော်တို့ အရှေ့ဥပရောပအထိသွားမယ့် အစီအစဉ်တွေရှိပါတယ်။ အဲတော့မီရထားလမ်းဖောက်တဲ့ အတွက်တော့ ကျွန်တော်တို့က အရင်းမစိုက်လှေထိုးလိုက်ပေါ့။ သူကအရင်းစိုက်မှာ ကျွန်တော်တို့ကမြေစိုက်မှာ သို့သော် ဘာပဲဖြစ်ဖြစ် အဲဒီလမ်းကြောင်းရှိရင် အခုကို ရေနံပိုက်လိုင်းကနေ ဝင်ငွေတစ်စုံတစ်ရာရတယ်ပေါ့။ ဒါထက်မက အာရှနောက်ပိုင်းက လာတဲ့ကုန်စည်တွေ တရုတ်ပြည်က ကုန်စည်တွေ ကျွန်တော်တို့ကျောက်ဖြူမှာ လဲလှယ်ကြမယ်ဆိုရင် ကျောက်ဖြူစီးပွားရေးဇုန်က အတော်ကိုကြီးကျယ်လာနိုင်ပြီး ရခိုင်ပြည်နယ် အတွက်ကော မြန်မာပြည်နယ်အတွက်ကို အကျိုးအမြတ်ရှိတဲ့ နေရာတစ်ခုဖြစ်လာမှာ အဲဒီကနေ အကောက်အခွန်ရရှိနိုင်တယ်။
နောက်တစ်ခုက အဲဒေသမှာ တရုတ်ထုတ်ကုန်တွေက တရုတ်မှာတင် ထုတ်လုပ်တော့တာမဟုတ်ဘဲ ကျောက်ဖြူဒေသမှာ စက်မှုဇုန်တွေ စီးပွားရေး ဇုန်တွေတည်ဆောက်နိုင်မယ်ဆိုရင် ရခိုင်ပြည်သူတွေ အတွက်တော်တော်လေးအကျိုးရှိတဲ့ အနေအထားတွေဖြစ်လာနိုင်ပါတယ်။ ကျောက်ဖြူကိုပေးလိုက်ရတာက အချုပ်အခြာအာဏာထိပါးလာတာလားဆိုရင် ဒီကိစ္စမှာ ကျွန်တော်တို့ နိုင်ငံပေါင်း ၉ဝကျော်ပါဝင်နေတယ်ဆိုတာကို ကျွန်တော်တို့ သဘောပေါက်ဖို့ပါပဲ ဒီအခွင့်အရေးကို ယူမလား မယူးဘူးလားဆိုတာကတော့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော် အဓိကပြောချင်တာက ကျောက်ဖြူပေါ့။ ကျောက်ဖြူမှာ စီးပွားရေးဇုန်လုပ်နိုင်ရင်တော့ ကောင်းပါတယ်။ ကျောက်ဖြူရေနက်စီမံကိန်းကတော့ စီမံကိန်းကြီးလည်းဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှုကလည်း တော်တော်များတယ်။ ၇သမ ၅ ဘီလီယံတောင်ရှိတယ်။
ဒါပေမယ့် အဲဒီလုပ်ငန်းက အကျိုးအမြတ်မရှိ ကံသေကံမ မပြောနိုင်သေးဘူး။ အဲတာက အခု ၁ ဒသမ ၅ ဘီလီယံအတွက် ပထမအဆင့်လုပ်မယ်။ အဆင့် ၄ဆင့် ခွဲပြီးတော့လုပ်မယ် အကျိုးရှိရင် နောက်ထပ်ဆက်လုပ်မယ်ပေါ့။ အဲတော့ ကျွန်တော်တို့ သီရိလင်္ကာ နိုင်ငံ ဆိပ်ကမ်းကို တရုတ်ထိုးအပ်လိုက်ရတဲ့ကိစ္စကို သွေးလန့်ပြီးတော့ အဲဒီကိစ္စတွေ တော်တော်လေးပြောဆိုနေကျတာပေါ့။ ကိုယ့်အတွက် အကျိုးရှိရင် မလုပ်ဘူး။ အကျိုးရှိရင်လုပ်မယ်ပေါ့ဗျာ။ ဆိုလိုတာက အစိုးရမူဝါဒ သဘောထားက အဲလို အမြင်ရှိတယ်ဆိုရင် ကျွန်တော်တို့လုပ်သင့်ပါတယ်။ အဲလိုမဟုတ်ဘူး ရသလောက်ယူမယ်။ တောင်းသမျှပေးမယ်ဆိုတဲ့ အစိုးရမျိုးဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာလည်း ထိပါးပြီးတော့ ကျွန်တော်တို့ အတွက်လည်း ရေရှည်မှာ တရုတ်ကျွန်ဖြစ်ဖို့များတယ်ဗ်။
စာရေးဆရာမောင်မောင်စိုး
တရုတ်သမ္မတ လာရောက်တဲ့အတွက် မြန်မာနိုင်ငံ အနေအထားကတော့ လောလောလတ်လတ် ပြောင်းလဲဖို့တော့မရှိပါဘူး။ တရုတ်သမ္မတ MoU ထိုးသွားတဲ့ ၃၃ခုကိုကြည့်မယ်ဆိုရင် ၃ပုံ၁ပုံလောက်ကတော့ သူရဲ့ BRI လမ်းကြောင်း OBOR လမ်းကြောင်း အတွက် စီစဉ်သွားတာတွေ့ရတယ်။ ကျန်တာကတော့ အကူအညီပေးရေးတို့ ဘာတို့ပဲဖြစ်ပါတယ်။ အဲတော့ လောလောလတ်လတ်မှာ မြန်မာပြည်ပြောင်းသွားမယ်ဆိုတဲ့အခြေအနေကတော့ မဖြစ်နိုင်သေးပါဘူး။
OBOR လမ်းကြောင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ဘယ်လောက်ထိ သဘောတူပေမလဲ မြန်မာနိုင်ငံအတွက် အကျိုးဘယ်လောက်ရှိအောင်လုပ်ပေးမလဲ။ အချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့မှသာပြောင်းလဲမယ်လို့ထင်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လာရင် တရုတ်ကအထက်ပိုပြီးတော့ တွန်းတွန်းတိုက်တိုက်လုပ်လာလိမ့်မယ်လို့ထင်ပါတယ်။ ကျောက်ဖြူစီမံကိန်းကျတော့ MoU ၃ပုံတစ်ပုံတည်းမှာ ပါတဲ့အချက်တစ်ချက်ပေါ့။ ဒါပေမယ့် လောလောဆယ် အကောင်အထည်ဖော်ဖို့ကတော့ ခက်ခဲနေဦးမယ်ထင်ပါတယ်။
ဒီရွှေလီကနေ ကျောက်ဖြူထိ မီးရထားလမ်း၊ ကားလမ်း မဖောက်နိုင်သရွေ့ကတော့ ကျောက်ဖြူစီမံကိန်းကအကောင်အထည်ဖော်ဖို့ ခက်သေးတဲ့အတွက် လောလောလတ်လတ် ထိခိုက်မှုကတော့ ရှိဦးမယ်မထင်ပါဘူး။ မြန်မာနိုင်ငံအတွက် ဆိုးကျိုးသက်သက်ဖြစ်လာနိုင်မယ့် အရာမျိုးကိုတော့ ပြောလို့မရဘူးပေါ့ဗျာ။
ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ကောင်းတဲ့အခြေအနေတစ်ရပ်ကို ဘယ်လိုဖန်တီးမလည်းဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ မြန်မာအစိုးရဘက်ကနေပြီးတော့ အကွက်စေ့စေ့လုပ်နိုင်မယ်ဆိုရင်တော့ ကောင်းတဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်လာရင်တော့ သတိထားဖို့လိုအပ်လိမ့်မယ်လို့ထင်တယ်။ အဓိကကတော့ ရန်ကုန်မြို့သစ်စီမံကိန်းက မြန်မာပြည်ကိုဖြတ်မယ့် တရုတ်တွေအတွက် မြို့သစ်ဖြစ်သွားမှာလား။ မြန်မာပြည်သူပြည်သားတွေအတွက် မြို့သစ်တကယ်ဖြစ်လာမှာလားဆိုတဲ့ အချက်အလက်ပေါ်မှာ မူတည်ပါတယ်။ မြန်မာပြည်သူပြည်သားတွေအတွက် မြို့သစ်တကယ်ဖြစ်လာမှာလား ဖြစ်ဖို့ဆောင်ရွက်မယ်ဆိုရင် ပြဿနာမရှိပါဘူး။ ဒါပေမယ့် မြန်မာပြည်ကိုဖြတ်ပြီး စီးပွားရေးလုပ်မယ့် တရုတ်တွေအတွက် မြို့သစ်သက်သက်ပဲ ဆိုရင်တော့ မြန်မာပြည်အတွက် အကျိုးရှိတဲ့အခြေအနေက နည်းသွားလိမ့်မယ်ထင်ပါတယ်။
ဦးအောင်သူငြိမ်း (ISP-MYANMAR)
အခုတရုတ်သမ္မတ လာသွားတဲ့အခါမှာကျတော့ ယေဘုယျပြောရင်တော့ စီးပွားရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု ပိုများလာမှာပေါ့။ တရုတ်သမ္မတကလည်းပြောတယ်။ စာမျက်နှာသစ်ဖွင့်လှစ်လိုက်ပြီ ဆိုတဲ့ဟာမျိုးပေါ့။ ကျွန်တော်ထင်တာကတော့ စီးပွားရေး စင်္ကြံလမ်းမကြီးပေါ့ဗျာ။ အဲမှာပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ များလာမယ်လို့ထင်ပါတယ်။ တရုတ်သမ္မတခရီးစဉ်ပေါ့။ သူကသေသေချာချာကို သတိထားကိုင်တွယ်တဲ့သဘောမျိုးတွေ့ရတယ်။ တချို့ကိစ္စတွေ အတင်းအကျပ် မပြောဘူး။
သူတို့ဘက်ကတောင်းဆိုတဲ့ ကိစ္စတွေကလည်း လက်ခံဖို့ဆိုတာထက် သူတို့ရဲ့ သံတမန်ရေး ပျော့ပြောင်းမှုကို ပိုပြီးတော့ အလေးပေးတဲ့သဘောမျိုးရှိတယ်။ အကျိုးစီးပွားကိစ္စတွေက နောက်ပိုင်းမှ စကားပြောရမယ်ဆိုပေမယ့် လောလောဆယ်တော့ သူတို့က ဒါတွေကိုအတင်းအကျပ် တိုက်တိုက်တွန်းတွန်း လုပ်တဲ့သဘောမျိုးမတွေ့ရဘူး။ မြစ်ဆုံကိစ္စတို့က ဘာတို့က အဖုအထစ် ဖြစ်နိုင်တယ်။ ခံစားချက်တွေဖြစ်နိုင်တော့ ဒါတွေ သူတို့မပြောဘူး ထားခဲ့တယ်ဆိုတဲ့ သဘောမျိုးရှိတာပေါ့။
ကျောက်ဖြူကတော့ တရုတ်အတွက် အရေးပါတဲ့စီမံကိန်းပေါ့။ ကျောက်ဖြူကနေပြီးတော့ အိန္ဒိယ သမုဒ္ဒရာထွက်ပေါက် တရုတ်ကလည်း အရေးကြီးတယ်လေ နောက်ကျောက်ဖြူကနေပြီးတော့ ရေနံပိုက်လိုင်းနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါ့။ အဲတာကလည်း တရုတ်ပြည်အတွက် လောင်စာအတွက်ကိုအရေးကြီးတယ်။ ဘာလို့လဲဆိုတော့ စင်ကာပူဘက်ကို ဖြတ်သွားမယ့်လမ်းကြောင်းဆိုရင် အားနည်းချက်လိုဖြစ်နေတာပေါ့။ အဲတာတွေက သူတို့အတွက် အရေးကြီးတာပေါ့။ မြန်မာနိုင်ငံအလားအလာက တရုတ်သမ္မတ လက်မှတ်ထိုးလိုက်တဲ့ စီမံကိန်းတွေနဲ့တော့ သိပ်မဆိုင်ဘူး။ နိုင်ငံတကာဖိအားတွေ ICJ တို့ကျန်တဲ့ကိစ္စတွေကြောင့်ြဖစ်လာရင် ကျွန်တော်တို့က တရုတ်ကို မှီခိုရဖို့တော့ရှိတာပေါ့။ ဒါပေမယ့် စိတ်ဝင်စားစရာကတော့ တရုတ်သမ္မတလားတဲ့အချိန်မှာ ရန်ကုန်မြို့သစ်စီမံကိန်းက မထင်မှတ်ဘဲနဲ့ ပါလာတယ်ပေါ့။ ဒါကအရေးကြီးတယ်။
ဒီစီမံကိန်းနဲ့ပတ်သက်လို့ စူးစမ်းလေ့လာမှုအဆင့်မှာဆိုေတာ့ နောက်ပိုင်းဘယ်လောက်ထိ ဘာတွေဖြစ်မလဲမပြောနိုင်ဘူးေပါ့။ ရန်ကုန်မြို့သစ်စီမံကိန်းက အရေးပါတဲ့နေရာမှာရှိတယ်။ အဲတာနဲ့ပတ်သက်ပြီး တရုတ်က ရေကြောင်းလေ့လာရေး ကိစ္စတွေလည်း သူတို့ အဆိုပြုတဲ့ထဲမှာ ပါပါတယ်။ နောက်တစ်ခါ ရေကြောင်းကင်းလှည့်ရဲတပ်ဖွဲ့တို့ အဲတာတွေလည်းပါတယ်ပေါ့။ ဆိုလိုတာက ကျွန်တော်တို့ရန်ကုန်ရဲ့ အပြင်ပင်လယ် ထွက်ပေါက်ပေါ့။ ဒီနေရာမှာ မြို့သစ်ကြီးပေါ်လာမယ်ဆိုတဲ့ အနေအထားမျိုးတော့တွေ့ရတာပေါ့။
မုံရွာအောင်ရှင် (NLD ပါတီဗဟို ပြန်ကြားရေးကော်မတီ)
တရုတ်သမ္မတလာတဲ့ အဓိကရည်ရွယ်ချက်ကတော့ အချက်၃ချက်ရှိတယ်ပေါ့။ ပထမတစ်ချက်ကတော့ နှစ်ရဝပြည့် သံတမန်ဆက်ဆံရေးပေါ့။ နှစ်ပတ်လည် အခမ်းအနားကို စီစီကားကား ဆောင်ရွက်နိုင်အောင် လာပြီးတော့ပြောတာပါပဲ။ နံပါတ် နှစ်အချက်ကတော့ စီးပွားရေးကိစ္စပေါ့လေ။ OBOR ပါမယ်။ နောက်တစ်ခါ OBOR အဆက်ဖြစ်တဲ့ တရုတ်မြန်မာ စီးပွားရေး စင်္ကြံကို ပိုပြီးတော့ ဖွံ့ဖြိုးအောင် တည်ဆောက်နိုင်ဖို့အတွက် အဲတာလည်း လာပြီးတော့ညှိနှိုင်းတာပါပဲ။ နံပါတ် ၃အချက်ကတော့ ငြိမ်းချမ်းရေးကိစ္စပါပဲ အဲအချက်၃ချက်ပဲလို့ ကျွန်တော်ကတော့မြင်ပါတယ်။ သူလာတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံကခေါင်းဆောင်တွေနဲ့ အားလုံးသဘောတူညီချက်ရတယ်။ ပထမတစ်ချက်ကတော့ နှစ်ရဝပြည့် အခမ်းအနားကို လုပ်မယ်ဆိုတာ တစ်နှစ်ပတ်လုံး ဒီနှစ်တစ်နှစ်ပတ်လုံး တရုတ်မြန်မာ ယာဉ်ကျေးမှုဖလှယ်ရေးနှစ်ဆိုြပီးတော့ လုပ်မယ်ပေါ့ဗျာ။ နောက်ကျတော့ စီးပွားရေးနဲ့ပတ်သက်လို့ အချက်ပေါင်း ၃၃ချက် စာလွှာတွေလက်မှတ်ထိုးခဲ့တယ်ေပါ့။
နောက်တစ်ခုကကျတော့ ငြိမ်းချမ်းရေးကိုလည်း သူတို့ကူညီပေးမယ်။ ဒါလည်းညှိနှိုင်းတာ သဘောတူကျပါတယ်။ နောက်ပြီးတော့တပ်မတော် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း တွေ့ဆုံပြီးတော့ သဘောတူကျတယ်ပေါ့။ ကျွန်တော်တို့ဖက်ကတော့ အဲဒီဟာတွေရလိုက်တယ်။ တစ်ဖက်စဉ်းစားနေတာကျတော့ စီးပွားရေးနဲ့ ပတ်သက်လို့ နှစ်ဖက်အကျိုးတူလုပ်ကျတာပါပဲ သူတို့လည်း သူတို့ရသင့်ရထိုက်တာကို ရအောင်ယူတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရသင့်ရထိုက်တာကို ရအောင်ယူတာပါပဲ။ အဲတာလေးပဲ တရုတ်သမ္မတခရီးစဉ်မှာ အကျိုးအမြတ်ရှိခဲ့တယ်လို့ပဲပြောလို့ရပါတယ်။ မြစ်ဆုံကိစ္စမှာလည်း အယူအဆတချို့ အစိုးရနဲ့ သဘာဝပတ်ဝန်းကျင်သမားတွေ ပြည်သူလူထုတချို့နဲ့ပေါ့။ ပွတ်တိုက်တွေရှိတယ်။
အဲတော့အခုဒီဟာကိုနှစ်ဖက်စလံုးက လက်ရှောင်ပြီးတော့ ဆွေးနွေးကျတာတွေ့ရတယ်။ ကျောက်ဖြူစီမံကိန်းကတော့ ဟိုတုန်းကတည်းက ဒီဟာတွေက သဘောတူထားတယ်။ သဘောတူထားပြီးတော့ အကြိမ်ပေါင်းများစွာ ကျွန်တော်တို့ အစိုးရလက်ထပ်မှာ ဆွေးနွေးပြီးတော့မှ ဒီကျောက်ဖြူစီမံကိန်းကို အခုလိုသဘောတူတာလုပ်ကျတာ အရင်အစိုးရတွေ လက်ထပ်တုန်းက သဘောတူထားတဲ့ စာချုပ်တွေကို ကျွန်တော်တို့က အများကြီး ပြုပြင်ရတယ်။ အများကြီးအတိုးအလျာ့ လုပ်ကျရတယ်ပေါ့။ အဲတာပြီးတော့မှ ကျွန်တော်တို့အခုဟာ လုပ်တာပါ။ သူနာတယ် ကိုယ်နာတယ်ဆိုတာမျိုးမရှိပါဘူး။ သူလည်း ရသင့်ရထိုက်တာတွေရပြီး ကျွန်တော်တို့လည်း ရသင့်ရထိုက်တာတွေ အများကြီးရလိုက်တယ်လို့ ကျွန်တော်ကတော့မြင်ပါတယ်။

Photo Credit - MPO
By ရန်ကုန်ခေတ်သစ်

No comments:

Post a Comment

My Blog List