နိုင်ငံတကာတရားရုံး( ICJ)အရေးသည် နိုင်ငံရေးမဟုတ်ဘဲ နိုင်ငံအရေးဟု အတိုင်ပင်ခံရုံးဝန်ကြီးက ပြောသည်။ လက်ရှိတွင် နိုင်ငံရေးသမားအချို့ကပင် အိုင်စီဂျေကို နိုင်ငံရေးဟုပင် ယူဆလျှက်ရှိနေကြသည်။ ယင်းအပေါ် ဝန်ကြီးက ငြင်းဆိုလိုက်ခြင်းလည်းဖြစ်သည်။
အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်သီတာဦး၊ဥပဒေအကြံပေးဦးသီဟန်မျိုးညွှန့်၊ဥပဒေအကြံပေးဦးကျော်တင်၊ဦးကိုကို(စက်မှုတက္ကသိုလ်)တို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ယခုရက်ထဲ ပြုလုပ်သည့် အိုင်စီဂျေနှင့်စကားဝိုင်းဆွေးနွေးပွဲအတွင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုလိုက်ခြင်းဖြစ်ကာ နိုင်ငံတော်အတိုင်ပင်ခံကို အိုင်စီဂျေရုံးသို့မသွားရန် ပြည်ပနိုင်ငံအချို့က မေတ္တာရပ်ခံခဲ့သည့်အကြောင်းပါ ထုတ်ဖော်ပြောဆိုခဲ့သည်။
“မသွားဖို့ ပြည်ပနိုင်ငံအချို့က မေတ္တာရပ်ခံခဲ့ပါတယ်။ဒါပေမယ့် နိုင်ငံအပေါ်တာဝန်မကျေရာရောက်မှာစိုးလို့ ဆယ်စုနှစ်နဲ့ ချီတဲ့ ပုံရိပ်ဆိုး၊အထင်မှားအမြင်မှားတွေကို ချေဖျက်ဖို့ ကိုယ်တိုင်သွားရောက်ခဲ့တာပါ“ဟု ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အိုင်စီဂျေသို့ သွားရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေကပြောသည်။
ယခု ဇန်နဝါရီ ၂၃ရက်နေ့တွင် အိုင်စီဂျေ ၌ ပြုလုပ်မည့် ကြားဖြတ်ဆုံးဖြတ်ချက်ချမည့် ပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံ၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည် သွားစရာမလို၍ မသွားရောက်ဘဲ ၎င်းနှင့်အတူ အစိုးရအရာရှိကြီးများ၊ဥပဒေအကြံပေးများသာ သွားရောက်မည်ဟု ဦးကျော်တင့်ဆွေကဆက်ပြောသည်။
ယင်းနောက်ဦးကျော်တင့်ဆွေက“ ကမ္ဘာ့မီဒီယာများကအမှန်အတိုင်းမီးမောင်းထိုးပြခဲ့ခြင်းမရှိသော်လည်း အကြောင်းမှန်ကို နိုင်ငံတကာကသိသွားခဲ့သည့်အကြောင်း၊အာဆာက တိုက်၍ တပ်မတော်ကပြန်လည်တုန့်ပြန်ကာကွယ်မှုကို အစီရင်ခံစာများက ကွယ်ဝှက်ထားခဲ့သည့်အကြောင်း၊အမှုက မြန်မာ နိုင်ကိုနိုင်မယ့်အကြောင်း၊ဇန်နဝါရီ၂၃ရက်နေ့ကို စောင့်ကြည့်ကြဖို့အကြောင်း၊အဲ့နေ့ ဘယ်လိုဆုံးဖြတ်ချက်ပဲချချ ရင်ဆိုင်ပြီး ဆက်လက် တုန့်ပြန်ရင်ဆိုင်မယ်ဆိုတဲ့အကြောင်း၊မြန်မာအပေါ်ဆုံးဖြတ်ချက်ချလိုက်လည်း စိုးရိမ်စိတ်မထားဘဲဒါက အမှုတစ်ခု၏နိုင်ခြင်းရှုံးခြင်းမဟုတ်။-နိုင်ငံအရေးဖြစ်၍ ပြည်သူအားလုံး၊တိုင်းရင်းသားလက်နက်ကိုင်များပါ အားလုံးပူးပေါင်းညီညွှတ်စွာနဲ့ ရပ်တည်ပေးကြဖို့ဆိုတဲ့အကြောင်း“အစရှိသည်များ ဆွေးနွေးခဲ့ကြောင်းဆွေးနွေးပွဲမှတဆင့်သိရှိရသည်။
ကိုမင်း/Myanmar Harp
No comments:
Post a Comment