Friday, January 24, 2020

လူငယ်တွေ ပညာရေးကောင်းအောင်သင်နေတဲ့အချိန်မှာ မူးယစ်ဆေးဝါး အန္တရာယ်ကို မတိုက်ဖျက်နိုင်ဘူးဆိုရင် ကြိုးစားမှုက သဲထဲရေသွန်ဖြစ်မှာပဲလို့ နိုင်ငံတော်အတိုင်ပင်ခံပြော

Image may contain: one or more people
လူငယ်တွေ ပညာရေးကောင်းအောင်သင်နေတဲ့အချိန်မှာ မူးယစ်ဆေးဝါးကို အန္တရာယ်ကို မတိုက်ဖျက်နိုင်ဘူးဆိုရင် ကြိုးစားမှုက သဲထဲရေသွန်ဖြစ်မှာပဲလို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ (၂၃)ရက် တမူးမြို့ ၊ လူထု‌တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်အတိုင်ပင်ခံက "ကျွန်မ စစ်ကိုင်းတိုင်းဒေသကြီး အနောက်ဘက်ပိုင်းကို မရောက်တာ တော်တော် ကြာပါပြီ။ ကျွန်မ မရောက်တဲ့ အချိန်ကာလအတွင်းမှာ ပြောင်းလဲတိုးတက်မှုတွေ ရှိခဲ့ပါ တယ်။ ကျွန်မတို့ တိုးတက်စေချင်သလောက် တိုးတက်တယ်လို့တော့ ပြောလို့မရသေး ပါဘူး။ ဒါပေမယ့် အခက်အခဲတွေ ကြားထဲကနေပြီး တိုးတက်မှုရှိနေတာကို တွေ့ရပါတယ်။ ဒီ တိုးတက်မှုတွေထဲမှာ လူငယ်တွေရဲ့ ကျောင်းနေတဲ့နှုန်း များလာတာကို ကျွန်မသိပ်ပြီး ဝမ်းသာပါတယ်။
သို့သော်ငြားလည်း လူငယ်တွေကြားထဲမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်းဟာ တက်လာ တယ်ဆိုတာကို ကြားရတဲ့အတွက် ကျွန်မ ဒါကိုစိုးရိမ်ပူပန်မိပါတယ်။ လူငယ်တွေ ကျန်းမာ ရေးကောင်းအောင်၊ ပညာရေးကောင်းအောင် ကြိုးစားနေတဲ့အထဲမှာ ဒီမူးယစ်ဆေးဝါး အန္တရာယ်ကို မတိုက်ဖျက်နိုင်ဘူးဆိုရင် ဒီကြိုးစားမှုတွေက သဲထဲရေသွန်ဖြစ်သွားမှာပါ။ ဒါကလည်း တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ပြဿနာပါ။
ကလေးမြို့မှာ ရှိနေတုန်းက ကြားခဲ့ရတာ ရှိပါတယ်။ အဲဒီပတ်ဝန်းကျင်မှာ မူးယစ် ဆေးဝါး စွဲနေတဲ့လူငယ်တွေ ၇၅ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ကြားခဲ့ရပါတယ်။ ဒါနိုင်ငံ အတွက် အင်မတန်မှ ဝမ်းနည်းစရာ၊ စိုးရိမ်ဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ပထမဦးဆုံး မေးရမှာက ဘာဖြစ်လို့ လူငယ်တွေစပြီး မူးယစ်ဆေးဝါးသုံးကြသလဲ၊ လက်တည့်စမ်းတဲ့ သဘောနဲ့ စကြတာလား၊ ဘေးကနေပြီး မူးယစ်ဆေးဝါးဖောက်ကားနေတဲ့ သူတွေက နည်းအမျိုးမျိုးနဲ့ သုံးချင်အောင် မြူဆွယ်လို့ ပါသွားတာလား၊ ဘာကြောင့် ဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ လူငယ်တွေကို အခုကတည်းက သတိပေးပါရစေ။ မူးယစ်ဆေးဝါး ဆိုတာ လက်တည့်စမ်းရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဒါကိုယ့်တစ်သက်လုံးအတွက် အန္တရာယ် ရှိမယ့်ကိစ္စဆိုတာကို သဘောပေါက် စေချင်ပါတယ်။ ဒါကို နှလုံးသွင်း စေချင်ပါ တယ်။ လူငယ်တွေ ရှေ့ဆက်ရမယ့် ခရီးက အများကြီးကျန်ရှိနေပါသေးတယ်။ လူကြီးတွေ အတွက် အချိန်က သိပ်မကျန်တော့ပါဘူး။ လူငယ်တွေ ရှေ့ဆက်ပြီးသွားရမယ့် အချိန်တွေ အများကြီးကျန်တဲ့အတွက် ကျန်းကျန်းမာမာ၊ စိတ်ချမ်းချမ်းသာသာနဲ့ သွားစေချင်ပါတယ်။ ဒီလို ကျန်းမာဖို့၊ စိတ်ချမ်းသာဖို့ ကိုယ့်ကိုယ်ကိုယ် လုပ်ယူရမယ့်ကိစ္စပါ"ဟု ပြောကြားခဲ့သည်။

ထိုအပြင် နိုင်ငံတော်အတိုင်ပင်ခံက တက်ရောက်လာသည့် ဒေသခံပြည်သူများကို ရင်နှီးနွေးထွေးစွားဆက်ဆံပြီး ဒေသခံများ၏လိုအပ်ချက်များကိုလဲ ဆောင်ရွက်ပေးမည်ဟုကတိကဝတ်ပြုခဲ့ကြောင်း သိရသည်။
Image may contain: 9 people, crowd
Image may contain: 6 people, people standing and beard
ဇော်မင်းနိုင်

No comments:

Post a Comment

My Blog List