ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံဝန်ထမ်းတွေအနေနဲ့ ပြည်တွင်းကဘဏ်အသီးသီးနဲ့ ချိတ်ဆက်ပြီး မော်တော်ယာဉ် အရစ်ကျ ဝယ်ယူနိုင်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လက်ထောက် အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။
မြန်မာ့စီးပွားရေးဘဏ်က ချေးငွေနဲ့ ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း (၃၀၀) တန်ဖိုးရှိတဲ့ မော်တော်ယာဉ်အတွက် ကနဦး ကျပ်သိန်း (၃၀)ပေးသွင်းရမှာဖြစ်ပြီး လက်ကျန်ငွေကို ဘဏ်တိုးနှုန်း (၉) ရာခိုင်နှုန်းနဲ့ အရစ်ကျ ပြန်ဆပ် ရမှာဖြစ်တယ်လို့ မော်တော်ယာဉ်အရစ်ကျရောင်းချပေးမယ့် အစီအစဉ်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပုဂ္ဂလိကဘဏ်တွေနဲ့ ချိတ်ဆက်ဝယ်ယူမယ်ဆိုရင် အဲဒီဘဏ်တွေရဲ့ သတ်မှတ်ချက်တွေအတိုင်း လုပ်ဆောင် ရမယ်လို့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။
“အရစ်ကျဝယ်မယ်ဆိုရင် ဘဏ်တွေမှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေရှိတယ်။ အဲဒီသတ်မှတ်ချက် စံနှုန်းတွေ အတိုင်း ဆက်လက်ဆောင်ရွက်ရမှာပေါ့” လို့ ဦးခင်မောင်လွင်ကဆိုပါတယ်။ မော်တော်ယာဉ် ဝယ်ယူမယ့် ဝန်ထမ်းတွေအနေနဲ့ အကောက်ခွန် ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပေမယ့် ကုန်သွယ်ခွန်ကိုတော့ ပေးဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံဝန်ထမ်းတွေကို မော်တော်ယာဉ် အရစ်ကျရောင်ချပေးမယ့် အစီအစဉ် ပထမအဆင့်အနေနဲ့ ညွှန်ချုပ်နဲ့အထက် အရာရှိတွေစာရင်းကို ဝန်ကြီးဌာနအလိုက် စတင်ကောက်ခံ နေတယ်လို့ ဦးခင်မောင်လွင်က ပြောပါတယ်။
No comments:
Post a Comment