Friday, January 24, 2020

တပ်မတော်က တရားစွဲထားသည့်အမှု စာရေးဆရာ မာန် (တောင်လုံးပြန်) အပြစ်ရှိဟု အမိန့်ချ


တပ်မတော်က တရားစွဲဆိုထားသည့်အမှုတွင် စာရေးဆရာ မာန်(တောင်လုံးပြန်)အား ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင်ရန် ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အမိန့်ချလိုက်ကြောင်း မြိတ်မြို့နယ်တရားရုံးနှင့် ကာယကံရှင်ထံမှ သိရသည်။
ဆရာ မာန်(တောင်လုံးပြန်) သည် ၂၀၁၉ မေလ ၉ ရက်က မြိတ်မြို့၊ ကမ်းနားလမ်းတွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲတွင် တပ်မတော်အား အကြည်ညိုပျက်အောင် ဟောပြောသည်ဟုဆိုကာ တနင်္သာရီတိုင်း ကမ်းရိုးတန်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်မင်းဦးက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းကမ်းရိုးတန်းစစ်ဌာနချုပ်က ဇွန်လ ၄ ရက်တွင် မြိတ်မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကာ စက်တင်ဘာလ ၂၄ ရက်ကစပြီး အမှုစတင်ရင်ဆိုင်ရကြောင်း ဆရာမာန် (တောင်လုံးပြန်) က ပြောပြသည်။

"သုံးသောင်းမဆောင်ရင် ထောင်ဒဏ်သုံးလဆိုတော့ ဒဏ်ငွေပဲ ဆောင်လိုက်တယ်"ဟု ၎င်းက ပြောသည်။

စာရေးဆရာ မာန် (တောင်လုံးပြန်) ခေါ် ဦးမိုးကျော်သူအား တရားစွဲခံရပြီးနောက် ရုံးချိန်း ၁၉ ကြိမ်ခေါ်ခဲ့ကာ ၎င်းလာရောက်သည့် ရုံးချိန်း ၁၀ ကြိမ်မြောက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်မြို့နယ်တရားသူကြီး ဒေါ်ကေခိုင်မြင့်က ပြောသည်။

ဆရာ မာန် (တောင်လုံးပြန်) အား အမိန့်ချသည့်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်တစ်ချို့နှင့် မြိတ် ၈၈ မှ ခေါင်းဆောင်တစ်ချို့လည်း လာရောက်ဝန်းရံခဲ့ကြသည်။

Dawei Watch

No comments:

Post a Comment

My Blog List