Thursday, January 23, 2020

နိုင်ငံ၏ တန်ဖိုးမှာ ပြည်သူများသာဖြစ်၍ ပြည်သူများ၏ တန်ဖိုးသည် မည်မျှလုံခြုံစိတ်ချစွာနေထိုင်နိုင်သလဲ ပေါ်မူတည်နေ ဒေါ်အောင်ဆန်းစုကြည်ပြော


Image may contain: 6 people, people standing
နိုင်ငံတော်၏ တန်ဖိုးသည် ပြည်သူများသာဖြစ်၍ ပြည်သူများ၏ တန်ဖိုးမှာမူ ပြည်သူများ မည်မျှ စိတ်လုံခြုံမှုရှိသလဲအ‌ပေါ် မူတည်နေကြောင်း၊ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးစဉ်မှ ငြိမ်းချမ်းမှုကို တစ်နိုင်ငံလုံး တစ်ပြေးညီခံစားရခြင်းမရှိကြောင်း၊ မိမိတို့အချင်းချင်း ညီညွတ်အောင်နေထိုင်နိုင်ပါမှ နောင်လာမည့် မျိုးဆက် သစ်လူငယ်များအနေဖြင့် ညီညွတ်စွာ အချင်းချင်းအဆင်ပြေအောင် နေနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ်ပြောကြားလိုက်သည်
"နိုင်ငံရဲ့ တန်ဖိုးဟာ ပြည်သူတွေရဲ့တန်ဖိုးပါပဲ။ ပြည်သူတွေရဲ့တန်ဖိုးဟာ ပြည်သူတွေ ဘယ်လောက် စိတ်လုံခြုံမှုရှိသလဲဆိုတဲ့အပေါ်မှာ တည်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ကလေးတွေကို အထူးအလေးပေးပြီး ဒီလိုအစည်းအဝေးတွေကို တက်စေချင်တယ်။ ငယ်ငယ်ကတည်းက ကလေးတွေဟာ နိုင်ငံရေးကို နားလည်စေချင်တယ်။ ငယ်ငယ်က တည်းက နိုင်ငံရေးဆိုတာ ကိုယ့်ကိစ္စဖြစ်တယ်ဆိုတာ ကလေးတွေအားလုံး ငယ်ငယ်က တည်းက နှလုံးသွင်းထားစေချင်တယ်" ဟု ၎င်းက ပြောသည်။

လူသားများသည် တစ်ဦးကိုတစ်ဦးအမှီပြုကာနေထိုင်ကြသူများဖြစ်သဖြင့် အေးအေးချမ်းချမ်းဖြင့် အားလုံး အတူလက်တွဲနေထိုင်နိုင်အောင် ကြိုးစားရန်လိုအပ်ဟုလည်း နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားသည်။
"ကိုယ်တစ်ယောက်တည်းနေလို့ ဘယ်တော့မှ မရဘူး။ ဘယ်သူမှ တစ်ယောက်တည်းနေလို့ မရဘူး။ ကျွန်မတို့ လူသားတွေဆိုတာဟာ တစ်ယောက်ကိုတစ်ယောက် မှီတင်းပြီး နေရတဲ့သူတွေပါ။ ဒီလိုတစ်ယောက်ကို တစ်ယောက် မှီတင်းပြီး ရှင်သန်ကြရတဲ့သူတွေမို့လို့ တစ်ယောက်နဲ့ တစ်ယောက် နေတတ် အောင်လည်း ကျွန်မတို့ ကြိုးစားရတယ်။ နေတဲ့အခါမှာ အေးအေးချမ်းချမ်း ဖြစ်အောင်လို့ လည်း ကြိုးစားရတယ်" ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အားနည်းချက်မှာ လွတ်လပ်ရေးရစဉ်မှ ယနေ့ချိန်ထိ ငြိမ်းချမ်းရေးရရှိခြင်း မရှိခဲ့ ကြောင်းနှင့် နိုင်ငံ့တစ်နေရာတွင် မငြိမ်သက်ဆိုပါက တစ်နိုင်ငံလုံး ထိခိုက်စေနိုင်ကြောင်း ပြောသည်။

"ကျွန်မတို့ နိုင်ငံရဲ့ အားနည်းချက်တစ်ခုက ဘာလဲဆိုတော့ လွတ်လပ်ရေးရတဲ့ အချိန် ကစပြီး အခုထိ ဒီနိုင်ငံမှာ လုံး၀ငြိမ်းချမ်းရေးရှိတယ်ဆိုတာ တစ်ခါမှ မဖြစ်ခဲ့သေးဘူး။ တစ်နေရာ မဟုတ် တစ်နေရာမှာ ပြည်တွင်းစစ်တွေက ဖြစ်နေတာပဲ။ ဒီဟာတွေ ပပျောက် သွားအောင် ကျွန်မတို့ အစိုးရက အထူးဂရုပြုပြီး ကြိုးစားနေပါတယ်။ ကျွန်မတို့ နိုင်ငံ တစ်နေရာမှာ မငြိမ်မသက်ဘူးဆိုရင် တစ်နိုင်ငံလုံးကို ထိခိုက်ပါတယ်။
ကျွန်မတို့ နိုင်ငံရဲ့ အခြေအနေကို လူ့တစ်ယောက်ရဲ့ အခြေအနေနဲ့ မကြာခဏ နှိုင်းယှဉ်ပြီး ပြောပါတယ်။ လူတစ်ယောက်ဟာ လက်ညှိုးလေး နာနေရင်လည်း နာနေ တာပါပဲ၊ လက်ညှိုးလေးမို့လို့ မနာဘူးပြောလို့ မရပါဘူး။ ရောဂါကြီးကြီးရှိမှလည်း ဝေဒနာ ခံစားရတာ မဟုတ်ပါဘူး။ အင်မတန်မှသေးတဲ့ ဝေဒနာလေးလို့ ပြောရမယ့်၊ လက်ညှိုးလေး နာနေတယ်ဆိုရင် နာနေတဲ့အလျှောက် အနာခံနေရတဲ့ လူအပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်" ဟု ပြောသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိဘများအနေဖြင့် ကလေးများကို ကျောင်းသို့ စေလွှတ်ရာတွင် ပညာသင်ကြားရေးအပြင် အများနှင့် အဆင်ပြေအောင်နေတတ်စေရန် မိမိကလေးကို စေလွှတ်ခြင်း ဖြစ်သည်ကို နားလည်ထားဖို့လိုကြောင်း ပြောသည်။

"ကျောင်းသွားတဲ့အခါကျရင် ကျောင်းမှာ ဆရာဆရာမ တွေက သင်ပေးလိုက်တဲ့ စာတွေတင် မဟုတ်ဘူး၊ ဘာသင်ယူရလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် တည့်အောင်နေဖို့ သင်ယူကြရပါတယ်။ ကျောင်းခန်းထဲသွား တယ်ဆိုရင် ကလေးတစ်ယောက်ထဲက ကိုယ်လုပ်ချင်သလို လုပ်နေလို့ မရပါဘူး။ အားလုံး ထိုင်ပြီး စာရေးဆိုရင် ကိုယ်လည်းထိုင်ပြီး စာရေးရပါတယ်။ သူများတွေထိုင်ပြီး စာရေးနေတဲ့ အချိန်မှာ ကလေးတစ်ယောက်ထဲ ထပြီးဆော့ရင် ဆရာမက စိတ်ဆိုးမှာပါ။
ဒီလိုခွင့်ပြုလို့ မဖြစ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်တည်း ဆော့နေရင် ကျန် တဲ့လူတွေကို အနှောင့်အယှက် ဖြစ်ပါတယ်။ ဒီတော့ ငယ်ငယ်ကတည်းက ကျောင်းသွား တယ်ဆိုတာ တခြားလူတွေနဲ့ နေတတ်အောင် သင်ယူတာလည်းဖြစ်တယ်။ အသက်ကြီး လာတဲ့အခါ သုံးလို့ရမယ့် ပညာတွေကို သင်ယူဖို့လည်းဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေက ဒီလိုစိတ်ထားပေးစေချင်ပါတယ်။ ကလေးတွေကို ကျောင်းလွှတ်တယ်ဆိုတာ ပညာသင်ယူ ဖို့၊ တခြားသူတွေနဲ့ အဆင်ပြေအောင်နေတတ်ဖို့ ဖြစ်တယ်ဆိုတာကို နားလည်စေချင်ပါ တယ်။ ကိုယ်တိုင်လည်း ဒီလိုပဲ စိတ်ထားစေချင်ပါတယ်" ဟု ပြောသည်။

မိဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က မိတို့နိုင်ငံသားအားလုံး အချင်းချင်း ညီညွတ်အောင်နေထိုင်နိုင်ပါမှ နောင်လာမည့်မျိုးဆက်များ ညီညွတ်နိုင်မှာဖြစ်ကြောင်း သတိပေးစကားပြောကြားသည်။

"လူတိုင်း၊လူတိုင်းဟာ ကိုယ့်အသိုင်းအဝိုင်းနဲ့ အဆင်ပြေဖို့ အင်မတန်မှ အရေးကြီးပါ တယ်။ အဲဒါကို လူကြီးတွေက သင်ပေးမှ လူငယ်တွေက နားလည်မှာပါ။ လူကြီးတွေက သင်ပေးတယ်ဆိုတာဟာ ပါးစပ်ပြောနဲ့ သင်ပေးလို့ မရပါဘူး။ ကိုယ်တိုင်လုပ်ပြမှ ဖြစ်တာပါ။ ကလေးတွေဟာ လူကြီးတွေကို ကြည့်ပြီး အတုခိုးပါတယ်။ ဥပမာ တချို့ကလေးတွေကို မိဘတွေက သတိပြုမိမှာပါ။ ကိုယ်က သင်မပေးလိုက်ဘဲနဲ့ တတ်သွားပြီဆိုပြီး ပြောကြပါ တယ်။ တကယ်က ကိုယ်က မသိမသာ သင်ပေးလိုက်တာကို ကိုယ်မသိလို့ပါ။
ကိုယ်လုပ်နေတာ၊ တခြားလူကြီးတွေ လုပ်နေတာကို ကြည့်ပြီးတတ်သွားကြတာပါ။ ဒီလိုပဲ ဘယ်သူ့ကိုမှ မကြည့်ဘဲနဲ့ တတ်သွားတာ မဟုတ်ပါဘူး။ ဒါကြောင့် လူကြီးတွေဟာ သတိထားဖို့ လိုပါတယ်။ လူငယ်တွေအတွက် ကောင်းတဲ့နမူနာဖြစ်ဖို့၊ ကောင်းတဲ့ ဥပမာ ပေးဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ကလေးတွေက တစ်ချိန်လုံးကြည့်နေတယ် ဆိုတာ ကို လူကြီးတွေက သဘောမပေါက်ပါဘူး။ ဒါကြောင့် ကျွန်မတို့ အချင်းချင်း ညီညွတ်အောင် နေပါ၊ အဆင်ပြေအောင်နေပါ။ ဒါမှကျွန်မတို့ နောင်လာမယ့် မျိုးဆက်တွေ၊ နိုင်ငံရဲ့ အနာဂတ်ကို ထူထောင်မယ့် မျိုးဆက်တွေဟာ အချင်းချင်း အဆင်ပြေအောင်နေနိုင်မှာ ဖြစ်ပါတယ်" ဟု ပြောသည်။

ပိုးပုလဲ/Myanmar Harp
Photo/ Myanmar State Counsellor Office

No comments:

Post a Comment

My Blog List