ရခိုင်တွင်လူမျိုးတုန်းသတ်ဖြတ်မှုဟုယူဆရလောက်သည့်သက်သေအထောက်အထားမတွေ့ရဆိုသည့် အကြောင်းအရာပါသော သတင်းကြေညာချက်တစ်ရပ်ကို သံအမတ်ကြီး မစ္စရိုဆာရီယိုမယ်နာလို ဦးဆောင်သော လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့(ICOE)က ယနေ့ထုတ်ပြန်လိုက်ကြောင်းသိရသည်။
ကော်မရှင်သည် နှစ်ဖက်အသိုင်းအဝိုင်း၊အဖွဲ့အစည်းပေါင်းစုံထံမှ သက်သေပေါင်း၁၅၀၀ကို ကိုးကားကာ ယနေ့တွင်သတင်းကြေညာချက်တစ်ရပ်ထုတ်ပြန်သကဲ့သို့ ၁နှစ်နှင့် ၆လကြာ စုံစမ်းစစ်ဆေးပြီးနောက် ရရှိလာသည့် အပြီးသတ်အစီရင်ခံစာကိုလည်း ယနေ့မှာပင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ ကော်မရှင်က ပေးအပ်ခဲ့သည်ဟုသိရသည်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့(ICOE)သည် ရခိုင်အရေးနှင့်စပ်လျဉ်းပြီး လွတ်လပ်စွာ စုံစမ်းစစ်ဆေးနိုင်သည့် အဖွဲ့တစ်ခုဖြစ်ပြီး၊ARSA အဖွဲ့က ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့် ယင်းနှင့်ဆက်စပ်သောကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန်၊ ကော်မရှင်အနေဖြင့် တာဝန် ရှိမှုကို စုံစမ်းဖော်ထုတ်ရန်နှင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရရှိစေရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အဆင့်ဆင့်နှင့်စပ်လျဉ်း၍ အကြံပြုချက်များပေးရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုယ်တိုင် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၅ ရက် ရက်စွဲပါနိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် (၆၁/၂၀၁၈) ဖြင့် ဖွဲ့စည်းပေးခဲ့သည့်အဖွဲ့ဖြစ်သည်။
အပြီးသတ်အစီရင်ခံစာကို ကော်မရှင်အဖွဲ့ခေါင်းဆောင်သံအမတ်ကြီး မစ္စရိုဆာရီယိုမယ်နာလို နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြသိန်း၊ သံအမတ်ကြီး ကင်ဇိုအိုရှီးမားနှင့် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်တို့ တက်ရောက်ပြီးပေးခဲ့ကြသည်ဟုသိရသည်။
ကိုမင်း/Myanmar Harp
No comments:
Post a Comment