Monday, January 20, 2020

တရုတ်-မြန်မာပိုင် Alphaဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေး တောင်းဆိုသော အောင်သပြေကျေးရွာသား ၄၀ကျော် ဖမ်းဝရမ်းထုတ်ခံထားရပြီး တရားစွဲဆိုခံရသူ ၉ဦးထိရှိ၊ အပင်များ ဖျက်ဆီးခံရပြီး မြေယာလျှော်ကြေးမပေး


Image may contain: 2 people, indoor
မန္တလေးတိုင်း အောင်သပြေကျေးရွာတွင် ၂၀၁၉ မေလအတွင်းက ကျောက်မီးသွေးစွမ်းအင်သုံး အယ်ဖာဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းပေးရေး ဆန္ဒထုတ်ဖော်ခဲ့သော ကျေးရွာသူ ကျေးရွာသားများကို ရဲတပ်ဖွဲ့က လက်ရှိချိန်ထိ ဖမ်းဆီးမှုများပြုလုပ်လျက်ရှိပြီး ဖမ်းဝရမ်းထုတ်ထားသူ ၄၀ကျော်နှင့် တရားစွဲဆိုထားသူ ၉ဦးထိရှိသွားပြီဖြစ်ကြောင်း အောင်သပြေရွာသများကပြောဆိုသည်။
" အဘွားတို့ရွာမှာ ဒုက္ခတော်တော်လေးကိုရောက်နေတယ်။ စိုးရိမ်စိတ်တွေနဲ့နေနေကျရတယ်။ အိမ်ရှေ့မှာ ခြေသံကြားတာနဲ့ ငါ့ကိုလာဖမ်းတာလားဆိုပြီး အကုန်လုံးစိုးရိမ်စိတ်တွေနဲ့ နေနေကျရတယ်။ တချို့ဆိုရင် ထွက်ပြေးကုန်ကျပြီ ဖမ်းဝရမ်းထဲမှာပါလို့ တချို့ဆိုရင်လည်း ငါ့အမည် ဖမ်းဝရမ်းစာရင်းထဲမှှာ ပါတော့မှာဆိုပြီး စိုးရိမ်စိတ်တွေနဲ့ထွက်ပြေးနေကျတယ်။ အဘွားတို့ ဘာနစ်နာကြေးမှလည်းမရပါဘူး။ သီးပင်စားပင် ဖျက်ဆီးခံရတဲ့သူတွေရှိတယ်။ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကလည်း အဘွားတို့ကို ဘာမှလည်းလာမမေး။ ဘာမှလည်းတွေ့ဆုံတာမရှိဘူး။ အဘွားကတော့ ဘယ်မှထွက်မပြေးဘူး။ သူတို့လာဖမ်းချင်ရင် လာဖမ်းလို့အဘွားကပြောထားတယ်။ ဝရမ်းထုတ်ထားတဲ့သူတွေကအများကြီးပဲ အဘွားတို့မတရားခံနေရတယ်။ ဒါတွေကို တာဝန်ရှိတဲ့ သက်ဆိုင်ရာအကြီးအကဲကြီးတွေက လာကြည့်ပြီးဖြေရှင်းပေးဖို့ အဘွားတို့က မေတ္တာရပ်ခံတဲ့အနေနဲ့ ရှင်းလင်းပွဲလုပ်တာပါ"ဟု အောင်သပြေကျေးရွာသူ အသက်၈၀ အရွယ် ဘွားအေးသိန်းကပြောဆိုသည်။

ဖမ်းဝရမ်းထုတ်ခံထားသော အောင်သပြေကျေးရွာသားများကို ပုဒ်မ ၁၄၇(ရုန်းရင်းဆန်ခတ် မှု)၊ ပုဒ်မ ၃၅၃(ပြည်သူ့ဝန်ထမ်းကို နှောက်ယှက်ဟန့်တား)၊ ပုဒ်မ ၃၃၂(ပြည်သူ့ဝန်ထမ်းကို သာမာန်ဒဏ်ရာရအောင်ပြုမှု) ၊ ပုဒ်မ ၃၃၃(ပြည်သူ့ဝန်ထမ်းကို ပြင်းထန်ဒဏ်ရာရအောင်ပြုမှု)၊ ပုဒ်မ ၁၁၄(အားပေးကူညီမှု)၊ ပုဒ်မ ၄၃၆ (အကျိုးဖျက်ဆီးမှု)၊ ပုဒ်မ ၄၄၀ (သူတစ်ပါးအကျိုးဖျက်ဆီးမှု) တို့ဖြင့် တရားစွဲဆိုကာ ဝရမ်းထုတ်ထားခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် ကိုနန္ဒ၊ ကိုချစ်မင်းသူ၊ ကိုမင်းနိုင်၊ ကိုအောင်နိုင်ထွန်း၊ ကိုဖိုးမာ၊ ကိုမိုးလင်း၊ ကိုမင်းသိန်း၊ ကိုကျော်ဇေယျ၊ ကိုတူးဝေယံ တို့ကို ပုဒ်မ ၁၄၇(ရုန်းရင်းဆန်ခတ် မှု)၊ ပုဒ်မ ၃၅၃(ပြည်သူ့ဝန်ထမ်းကို နှောက်ယှက်ဟန့်တား)၊ ပုဒ်မ ၃၃၂(ပြည်သူ့ဝန်ထမ်းကို သာမာန်ဒဏ်ရာရအောင်ပြုမှု) ၊ ပုဒ်မ ၃၃၃(ပြည်သူ့ဝန်ထမ်းကို ပြင်းထန်ဒဏ်ရာရအောင်ပြုမှု)၊ ပုဒ်မ ၁၁၄(အားပေးကူညီမှု)၊ ပုဒ်မ ၄၃၆ (အကျိုးဖျက်ဆီးမှု)၊ ပုဒ်မ ၄၄၀ (သူတစ်ပါးအကျိုးဖျက်ဆီးမှု) တို့ဖြင့် စွဲချက်တင် အမှုရင်ဆိုင်နေရကာ ဖမ်းဆီးထောင်ချခံရသူများလည်းရှိကြောင်း ကျေးရွာသားများကပြောဆိုသည်။

အောင်သပြေကျေးရွာသားများက နိုင်ငံတော်အစိုးရတာဝန်ရှိသူများကကို အချက်၆ချက် တောင်းဆိုခဲ့သည် အမှုမှန်ဖော်ထုတ်ပြီး နစ်နာသူတွေအတွက် ထိုက်ထိုက်တန်တန် လျော်ကြေးပေးရန်၊ မတရားဖမ်းဆီး ထောင်ချခံထားရတဲ့သူ ၉ ယောက်ကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်၊ လက်ရှိ ဖမ်းဝရမ်းထုတ်ထားခြင်းများအား အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပေးဖို့ ဖမ်းဝရမ်းများ ထပ်မံ ခြိမ်းခြောက်မထုတ်ရန်၊ ကျေးရွာသူကျေးရွာသားများကို နောက်ထပ် ဖမ်းဆီးခြင်းများ ခြိမ်းခြောက်မှုများ ထပ်မံမပြုလုပ်ရန်၊ မြေယာလျှော်ကြေးများကို ထိုက်တန်မှန်ကန်စွာပေးဆောင်ရန်၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို မှန်မှန်ကန်ကန် လုပ်ဆောင်ပေးရန် စသည့်အချက်များကိုတောင်းဆိုခဲ့သည်။

ထိုတောင်းဆိုချက်များသည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတများကို မေတ္တာရပ်ခံခြင်းသာဖြစ်ပြီး တောင်းဆိုချက်များ မရရှိခဲ့လျှင် ဆန္ဒပြတောင်းဆိုခြင်းများပြုလုပ်မည်မဟုတ်ကြောင်း အောင်သပြေရွာသားများကပြောဆိုသည်။

Alpha ဘိလပ်မြေစီမံကိန်းကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်နေသော အောင်သပြေကျေးရွာသားများက ဇန်နဝါရီလ ၁၆ရက်နေ့တွင် MPFC တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ကြသည်။

အောင်သ ပြေ ကျေးရွာသားများ၏ သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်ပြီး Alpha ဘိလပ်မြေစက်ရုံကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ်မရရှိပေ။

No comments:

Post a Comment

My Blog List