Wednesday, January 15, 2020

မိုးပျံရထားလမ်းစီမံကိန်း အသေးစိတ်ဒီဇိုင်းထွက်မှ မြေနေရာလျော်ကြေးတန်ဖိုး ဆုံးဖြတ်မည်

Image may contain: outdoor
ရန်ကုန်မြို့ရဲ့ အရှေ့နဲ့အနောက်ကိုဆက်သွယ်မယ့် မိုးပျံရထားလမ်းစီမံကိန်း အသေးစိတ်ဒီဇိုင်းထွက်လာမှသာ စီမံကိန်းနဲ့ မလွတ်ကင်းတဲ့ မြေနေရာတွေအတွက် လျော်ကြေးတန်ဖိုး ဆုံးဖြတ်ပေးမှာဖြစ်တယ်လို့ စီမံကိန်း ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းနဲ့ မြေယာရယူခြင်း လျော်ကြေးပေးရေးကိုဆောင်ရွက်နေတဲ့ E Guard Environmental Services မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးသီဟက ပြောပါတယ်။ ဇန်နဝါရီ ၁၄ ရက်က လှိုင်မြို့နယ် မင်္ဂလာခန်းမမှာပြုလုပ်တဲ့ မိုးပျံရထားလမ်းတည်ဆောက်ရေးစီမံကိန်းအတွက် အများပြည်သူ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
"မြေကို ထိခိုက်မှုရှိရင် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာ မူဝါဒပိုင်း ပေါ်လစီကို တင်ပြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ စီမံကိန်းဒီဇိုင်း အတိအကျထွက်လာရင် အသေးစိတ်ကွင်းဆင်းပြီးတော့မှ ဒီဆိုင်ရာက ဆက်လက်ဆောင်ရွက်သွားမှာပါ" လို့ ပြောပါတယ်။

မိုးပျံရထားလမ်းစီမံကိန်းဟာ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှိုင်၊ ရန်ကင်း၊ တောင်ဥက္ကလာ စတဲ့ ၅ မြို့နယ်ကိုဖြတ်သန်း တည်ဆောက်မှာဖြစ်ပြီး လက်ရှိမှာတော့ ကနဦးလေ့လာဆန်းစစ်မှုတွေလုပ်ဆောင်နေတယ်လို့ တွေ့ဆုံပွဲမှ သိရပါတယ်။ စီမံကိန်းအတွက် အစိုးရ အတည်ပြုချက်ရပြီးပါက ၂၀၂၀-၂၀၂၁ ခုနှစ်တွေမှာ အသေးစိတ်ဒီဇိုင်းတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားတိုင်း အမှတ်(၇) တာဝန်ခံ ဦးစိုးမိုးအောင်က ပြောပါတယ်။
" စီမံကိန်းအတည်ပြုပြီးရင် ၂၀၂၂ ကနေ ၂၀၂၇ ခုနှစ် အထိ လျာထားတာပေါ့" လို့ ပြောတာပါ။

ဒီစီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ ချေးငွေနဲ့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ။ စီမံကိန်းအတွက် လူနေရပ်ကွက်တွေကို ဖြတ်သန်းရမှာဖြစ်တာကြောင့် စီမံကိန်းအနီးနေထိုင်သူတွေက စိုးရိမ်ပူပန်မှုတွေရှိနေကြတာပါ။ စီမံကိန်းကြောင့် မြေနေရာထိခိုက်ဖယ်ရှားခံရတာမျိုး ဖြစ်ပေါ်လာရင် ထိုက်တန်တဲ့ လျော်ကြေးနဲ့မြေနေရာကိုပြန်ရဖို့ မျှော်လင့်တယ်လို့ လှိုင်မြို့နယ် အမှတ် ၁၆ ရပ်ကွက်မှာနေထိုင်တဲ့ ဦးတင်ဦးက ပြောပါတယ်။
"ပြောသွားတာတော့ သင့်တော်တဲ့ ကွန်ဒိုတို့ တိုက်ခန်းတို့ မြေနေရာတို့ပေးပါ့မယ်လို့ ပြောသွားတယ်။ ဘိုးဘွားပိုင် မြေက ဂရမ်မြေလိုမဟုတ်တော့ ထိုက်တန်တဲ့ မြေနေရာတွေပေးဖို့ အတွက်ပါ" လို့ ပြောပါတယ်။
ရန်ကုန်အနောက်ပိုင်း လှိုင်သာယာဘူတာမှ လှိုင်မြစ်ကိုဖြတ်ပြီး ရန်ကုန်အရှေ့ပိုင်းပါရမီဘူတာအထိ ဆက်သွယ်ဖောက်လုပ်သွားမယ့် ရန်ကုန်မိုးပျံရထားလမ်းမှာ ဘူတာ ၁၃ ဘူတာပါရှိမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းလုပ်ဖြစ် မယ်ဆိုရင် ပြည်သူလူထုနဲ့ထိတွေ့ပြီး ညှိနှိုင်းမှုတွေလုပ်ဆောင်ရမယ်လို့ ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မာဌေးကလည်း ပြောပါတယ်။
"တကယ်တန်းလုပ်မယ်ဆိုရင် ကျွန်မတို့လည်းပါမယ်၊ ပြည်သူကလည်း ဘယ်လိုဖြစ်ချင်တာ လုပ်မယ့်ဟာ ဘယ်လိုဆိုတာတွေကို ညှိနှိုင်းမှာပေါ့၊ သူဘက်လည်းအဆင်ပြေ ကိုယ့်ဘက်လည်း အဆင်ပြေဆိုတာမျိုးသွားမှာပါ" လို့ ဒေါ်ခင်မှာဌေးက ပြောပါတယ်။
စီမံကိန်းကို ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကြပ်တည်းမှုတွေလျော့ချပေးနိုင်ဖို့နဲ့ အရှေ့နဲ့အနောက်တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ပါရမီလမ်းတစ်လမ်းသာရှိနေတာကြောင့် အများပြည်သူအဆင်ပြေနိုင်ဖို့ အကောင်အထည်ဖော်ဖို့ဖြစ်လာတာလို့ မြန်မာ့မီးရထားမှ သိရပါတယ်။

သတင်း - မေလွင်
Photo - Bangkok Skytrain

No comments:

Post a Comment

My Blog List