Friday, January 17, 2020

တရုတ်ရင်းနှီးမြုပ်နှံမှုကြောင့် လူထုဆိုးကျိုးခံစားနေရ၍ ထင်တိုင်းမကျဲရန်နှင့် စံချိန်စံညွှန်းများ လိုက်နာရန် သမ္မတရှီကျင့်ပင်ထံ ကချင်အဖွဲ့ ၅၂ ခုက စာပို့

Image may contain: textImage may contain: text
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကြောင့် လူထုဆိုးကျိုးခံစားနေရပြီး နိုင်ငံတကာစံချိန်စံညွှန်းများ လိုက်နာရေးအပါအဝင် လိုက်နာရမည့်အချက်များကို တရုတ်သမ္မတ ရှီကျင့်ပင်ထံ ကချင်အရပ်ဘက်အဖွဲ့အစည်း ၅၂ က စာပေးပို့၍ တောင်းဆိုလိုက်သည်။

ကချင်အရပ်ဘက်အဖွဲ့အစည်း ၅၂ က တရုတ်သမ္မတထံ ဇန်နဝါရီလ ၁၇ ရက်နေ့ ပေးပို့သော အိတ်ဖွင့်ပေးစာတွင် အချက် ၆ ချက် ဖော်ပြထားပြီး အဓိကအားဖြင့် တရုတ်နိုင်ငံအနေဖြင့် ရင်းနှီးမြုပ်နှံမှုများ ဆောင်ရွက်ရာတွင် ဒေသခံ ဌာနေတိုင်းရင်းသား၏ ရိုးရာ ဓလေ့ ထုံးတမ်းများကို အလေးထားရန်၊ မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးရန်၊ ငြိမ်းချမ်းရေး ဦးတည်ပေးရန်တို့ကို အဓိကထားတောင်းဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။
" နှစ်ပေါင်း ၂၀ မှာ တရုတ်သမ္မတ မြန်မာနိုင်ငံ လာရောက်တာက အိမ်နီးချင်းကောင်းပီသစွာနဲ့ ကြိုဆိုပါတယ်။ Welcome ပါ။ ကချင်ပြည်နယ်ဆိုတာ Union Of Burma ဆိုတာ မရှိခင်ကတည်းက ပထဝီဝင်အနေအထားအရ ဆက်စပ်ပြီး အတူ တကွ နေထိုင်လာကြတာဆိုတော့ Welcome ပါ ။ အရေးကြီးဆုံးက တစ်နိုင်ငံလုံးက ဆန့်ကျင်နေတဲ့ မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ပေးပါ။ ငြိမ်းချမ်းရေးကို ဦးတည်ပေးပါ။ တရုတ်ရင်းနှီးမြှုပ်နှံမှု မှန်သမျှ အခုထိ လေ့လာ သိရှိချက်အရတော့ ပြည်သူလူထု သာမန်အောက်ခြေ လူတန်းစားမှာ အကျိုးအမြတ်ခံစားခွင့်မရှိတဲ့အပြင် ဝန်ထုပ် ဝန်ပိုး ဖြစ်စေတဲ့ ဟာ အခြားလူမှုရေး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးလက္ခဏာတွေ တအားများတဲ့ဟာတွေရှိတယ်။ သူတို့ဆီက ခရီးသွားလုပ်ငန်းတောင်မှ Zero ဘတ်ဂျက်ဆိုတဲ့ဟာတွေ ရှိလာတယ်။ ဘာတစ်ခုမှ အကျိုးအမြတ်မရှိဘူး။ ပြောကြတာတော့ ဒေသခံတွေအတွက် အလုပ်အကိုင်ရရှိရေး၊ အကျိုးအမြတ်ရရှိရေး ပြောကြတာပဲ။ ဒါပေမယ့် ဆိုးကျိုးပိုများတယ်" ဟု ကချင်အရပ်ဘက်အဖွဲ့အစည်း ၅၂ ခု၏ ကိုယ်စား အင်ဝပ်နော်အောင်က ပြောဆိုသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ကိုင်ရာတွင် တရုတ်အလုပ်သမား၊ ပညာရှင်များနှင့် သွင်းအားစုများအားလုံးကို တရုတ်ကပင် တင်သွင်းလာခြင်းကြောင့်ဒေသခံများမှာ လုံးဝ အကျိုးမရှိဖြစ်နေသည်ဟု ၎င်းက ဆိုသည်။
"တရုတ်ပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှု မှန်သမျှက လုပ်ငန်း အကောင်အထည်ဖော်တဲ့အချိန်မှာ တရုတ်နဲ့ အလုပ်သမား၊ နည်းပညာရှင်တွေ အားလုံးက အစားအစာ ကုန်ထုတ်လုပ်မှုကအစ တရုတ်ပြည်ကပဲ ယူလာတဲ့ဟာတွေ ။ အခြားဆိုးကျိုး အနုတ်လက္ခဏာ တွေ့ရှိတာ များတဲ့ဟာကျတော့ ကျနော်တို့ တောင်းဆိုချင်တာက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက မရှိမဖြစ် လိုအပ်တဲ့ဟာ ဖွံ့ဖြိုးရေးအတွက် ရှိကောင်းလည်းရှိမယ်။ ရှိလည်းရှိမယ်။ တချို့တော့ ကြိုဆိုတယ်။ ဒါပေမယ့် နိုင်ငံတကာစံချိန်စံညွှန်းနဲ့ တရုတ်ပြည်မှာ လိုက်နာတဲ့ စံချိန်စံညွှန်းနဲ့အညီ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လူမှုပြဿနာကို အဲဒီအတိုင်းလုပ်ထုံးလုပ်နည်းနဲ့အညီ အတိုင်းပဲ ချင့်ချိန်ပြီး လုပ်ပေးပါဆိုတာကို ဘယ်လိုပဲဖြစ်ဖြစ် ဒေသခံတွေ ဌာနေတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၊ ထုံးတမ်းအစဉ်အလာကို ကာကွယ်စောင့်ရှောက်ခဲ့တဲ့အတိုင်း လေးစားလိုက်နာပေးဖို့အတွက်ပဲ" ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။
လက်ရှိ နိုင်ငံတွင် လူထု ရွေးချယ်တင်မြှောက်ထားသော အစိုးရအုပ်ချုပ်နေသော်လည်း လူထုကို မျက်နှာမမူခြင်းကြောင့် အရပ်ဘက်အဖွဲ့အစည်းများက လူထုကိုယ်စားအသံထွက်ရခြင်းဖြစ်ကြောင်း၊ တရုတ်အနေဖြင့် ထင်တိုင်းမကျဲရန်နှင့် ဒေသခံများ သဘောထားမှာ တရုတ်စီမံကိန်းများကို သဘောမတူကြောင်း သိရှိစေရန် တရုတ်သမ္မတထံ စာပေးပို့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
"အရပ်ဘက်အဖွဲ့အစည်းတွေက ဘာလို့ ထောက်ပြလဲဆိုတော့ သာမန်အားဖြင့် ဒါတွေ လုပ်တာက ဒီမိုကရေစီနိုင်ငံတွေမှာ အစိုးရတွေက လုပ်ရမှာ။ ဒါပေမယ့် ကျနော်တို့ကချင်ပြည်နယ်မှာ ကချင်အစိုးရက ကာကွယ်ပေးရမယ်။ သို့ပေမယ့်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အကောင်အထည်ဖော်ပြီး ပြည်သူလူထုဘက်ကို ကာကွယ်တဲ့ဟာ မရှိလာတဲ့အခါကျနော်တို့ အရပ်ဘက်လူ့အဖွဲ့အစည်းအနေနဲ့ မခံမရပ်နိုင်ဖြစ်ပြီး တရုတ်သမ္မတဆီ တိုက်ရိုက်စာပို့တာဖြစ်ပါတယ်။ တရုတ်သမ္မတသိစေဖို့ပါ။ ကချင်ပြည်နယ်မှာ မှီတင်းနေထိုင်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းရဲ့ အသံက ဒီလိုပြောဆိုကြတယ်။ သိခွင့်ရှိတဲ့ အကျိုးအမြတ် တရုတ်သမ္မတ သိသွားမှာပေါ့။ သူတို့ ထင်တိုင်းကျဲလို့ ထင်တိုင်းလုပ်လို့မရဘူး တကယ်တော့ လူထုတွေ သဘောမတူတဲ့ဟာတွေ ဆောင်ရန် ရှောင်ရန် အများကြီးရှိတယ်ဆိုတာ တရုတ်နိုင်ငံအစိုးရ သိခွင့်ရှိသွားတာပေါ့" ဟု ၎င်းက ရှင်းပြသည်။
တရုတ်သမ္မတရှီကျင့်ပင်သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၁၇ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့ အထိ ၂ ရက်တာ လာရောက်လည်ပတ်မည်ဖြစ်သည်။
Image may contain: text

No comments:

Post a Comment

My Blog List