Friday, January 17, 2020

ကျပ်သိန်းပေါင်းသုံးသိန်းကျော်တန်ဖိုးရှိသည့် မြေနေရာနှင့်ငါးကန်များအား မူလပိုင်ရှင်များက ပြန်လည်ရယူလို

Image may contain: 3 people
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဟောင်လိပ်ကျေးရွာအုပ်စု၊ လွယ်စတုံကွင်းအမှတ်(၅၃)၊ ကာလတန်ဖိုးကျပ်သိန်းပေါင်းသုံးသိန်းကျော်တန်ဖိုးရှိသည့် မြေနေရာနှင့်ငါးကန်များအား မူလပိုင်ရှင်များက ပြန်လည်ရယူလိုကြောင်း သိရသည်။

လွယ်စတုံကွင်းအမှတ်(၅၃)၊ ဦးပိုင်အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၁၇) နှင့် မြေလွတ်(၃၁.၃၇)ဧကကို ငါးမွေးမြူရေးကန်နှင့် မွေးမြူရေးခြံပြုလုပ်ခဲ့သော ဦးတင်စိန်နှင့် ဒေါ်နန်းခမ်းတစ်ပ်တို့၏ လျှောက်ထားချက် အပေါ်ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(အရှေ့ပိုင်)က ၉ ရက်၊ ၉ လ၊ ၂၀၀၀ ခုနှစ်ရက်စွဲပါ စာအမှတ်(၅/၁၈)-၃၁/ဦး-၆(၁၂၅၁) ခုနှစ် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုရေးအက်ဥပဒေ ပုဒ်မ-၃၉ အရ ယင်းခေတ်အချိန်က အခြားနည်းဖြင့် အသုံးပြုခွင့်ကို ခွင့်ပြုပေးခဲ့ကြောင်း ဒေါ်နန်းခမ်းတစ်ပ်၏ ကိုယ်စားလှယ် ဦးစိုင်းဆန်က ဆိုသည်။
ယင်းနှင့်ပတ်သက်ပြဦးစိုင်းဆန်က
“ကျွန်တော်တို့နိုင်ငံတော်သမ္မတဆီလည်း တင်ပြပြီးတောင်းဆိုထားပါတယ်။ ဝန်ကြီးချုပ်ကိုလည်း တင်ပြတောင်းဆိုထားပါတယ်။ အခုက ကျွန်တော်တို့ကလုပ်ပိုင်ခွင့်ရပြီး အခုလိုမျိုးသိမ်းသွားတော့ နစ်နာတယ်။”ဟု နစ်နာသူ ဒေါ်နန်းခမ်းတစ်ပ်၏ ကိုယ်စားလှယ်(အကိုဖြစ်သူ)ကပြောသည်။

ဦးတင်စိန်နှင့် ဇနီးဒေါ်နန်းခမ်းတစ်ပ်တို့သည် အချင်းဖြစ်မြေပေါ်တွင် ငါးကန်တူးပြီး ငါးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ် ဦးတင်စိန်မှာ ရာဇဝတ်ကြောင်းအရ ၂၀၀၅ ခုနှစ်တွင် အရေးယူခံရပြီး ဦးတင်စိန်မကွယ်လွန်မီ အင်းစိန်ထောင်တွင် ပြစ်ဒဏ်ကျခံနေရစဉ်(ယင်းငါးမွေးမြူရေးပြုလုပ်သောနေရာ မြေ ၃၁.၃၇ ဧကနှင့် ပတ်သက်ပြီး တာချီလိတ်မြို့၊ မိုင်းဟဲပြည်သူ့စစ်အဖွဲ့မှ ဦးအားလယ် နှင့်ဦးရာကုတ် တို့က ဦးတင်စိန်မကွယ်လွန်မီကပင် ရယူသွားခဲ့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီးတာချီလိတ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက"
ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ဆိုရင်တော့ မှန်လည်း မှန်တယ်ဗျ။ သူတို့ဟာတော့ မတရားတော့အသိမ်းခံရတာ။ စကတည်းကမှအလွဲအမှားကို တကယ်တမ်းတော့ သူတို့ကလည်း ဒီကိစ္စကိုမြန်မြန်ဆန်ဆန်လုပ်ရမှာပေါ့လေ။
လုပ်ရမယ့်ကိစ္စမှာ သူတို့ကလည်း နည်းနည်းသွေးအေးတယ်။ သွေးအေးတဲ့အခါကျတော့ နောက်ပိုင်းကျတော့ သူတို့က အုပ်စုလိုက်လုပ်တာကိုဗျ အုပ်စုလိုက်လုပ်တော့ သဘောကဗျာ၊ ပြည်နယ်က အစိုးရက အုပ်စုလိုက် သူတို့အမှားကို ဖာဌေးနေတဲ့သဘောပေါ့ဗျာ။
အဲ့ဒီသဘောမျိုးဆိုတော့ သူတို့ဘက်ကလက်ဦးမှုက များနေတယ်။ ဒီကိစ္စမှာနောက်တစ်ခုက စာချွန်တော်လျှောက်ထားတာရှိဖူးတယ်။ လျှောက်ထားတဲ့အခါကျတော့ စာချွန်တော်ဘာကျလာလဲဆိုတော့ အစိုးရတစ်ရပ်အပေါ်မှာ လူထုကနေပြီးတော့မှ ဘယ်လိုခေါ်မလဲ အမိန့်ထုတ်ဆင့်လို့မရဘူးပေါ့ဗျာ။
အဲ့ဒါကြောင့်မို့စာချွန်တော်ကိုပလပ်တယ်ဆိုတဲ့အခါကျတော့ သူတို့ကပိုပြီးတော့ အားသာသွားတဲ့သဘောမျိုးဖြစ်တာပေါ့။ သူတို့က အဲ့ဒီမှာတွန်းပြီးတော့ လုပ်တာပေါ့လေ။
ဒါတွေကို ကျွန်တော်ကပြောပြတယ်။ ပြောပြတယ်။ ဒါတွေက လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး။
နောက်ပြီးတော့ အစိုးရအနေနဲ့ အခုနောက်ဆုံးကျတော့ ဘာနဲ့သွားပြီးသိမ်းလဲဆိုတော့ စည်းကမ်းပျက်မြေပေါ့ဗျာ။ လေးနှစ်အတွင်းမှာ အလုပ်မလုပ်ပါဘူးဆိုပြီးတော့ စည်းကမ်းပျက်မြေနဲ့ သူတို့ကသိမ်းတာ။ အဲ့ဒီက စည်းကမ်းပျက်မြေဆိုတာကလည်း တကယ်တမ်းပြောရရင်တော့ သူတို့လည်း လုပ်ခဲ့တယ်။ သူတို့လည်း စိုက်ခဲ့၊ ပြုခဲ့တယ်။
စိုက်ပျိုးပြီးလို့ လေးငါးနှစ်နေတဲ့အခါမှာ ဒီပြဿနာဖြစ်တော့၊ စိုက်ပျိုးပြီးတဲ့အခါမှာ အဲ့ဒီမှာပြဿနာဖြစ်တော့ အဲ့ဒီမှာဘယ်သူမှ မဝင်ရဘူး၊ မထွက်ရဘူးဆိုပြီးတော့ ပြည်နယ်ကနေ ပိတ်လိုက်တာ။ ဟိုးအရင်အစိုးရလက်ထက်တွေအဆက်ဆက်ပဲဗျ။ အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက် ကတည်းက။ အဲ့ဒီကတည်းက ဖြစ်တဲ့ကိစ္စကိုး။ သိမ်းပြီးတဲ့အခါမှာ ဒီဘက်ကနေပြီးတော့ သွားရောက်ပြီးတော့မှ စောက်ရှောက်တာတို့၊ ဘာတို့မလုပ်နိုင်ဘူး။ မလုပ်နိုင်ဘူးဆိုတာက သိမ်းတယ်၊ မဝင်ရဘူး၊ မထွက်ရဘူးဆိုတော့ ဘယ်သူမှကြောက်တော့ကျတော့ ဘယ်သူမှမလုပ်ပေးတာလည်း ပါတယ်"ကပြောသည်။

အဆိုပါအကြောင်းနှင့်ပတ်သက်ပြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ်ဝန်ကြီး ဦးစိုင်းလုံကျော်က"ဒါကတော့ သူတို့ကစည်းကမ်းပျက်မြေဖြစ်နေတာကို လုပ်ပိုင်ခွင့်ပေးထားပြီးတော့ မလုပ်တဲ့အနေအထားမှာရှိတာပေါ့နော်။ ပြန်ပြီးတော့ မြို့တိုးချဲ့ဖို့ စီမံဖို့အတွက် လုပ်တော့လုပ်နေပါတယ်။ ခရိုင်က လုပ်နေပါတယ်။ သူတို့မြို့ပြအကောင်အထည်ဖော်ဖို့လေ။ သူတို့ကိုအဲ့ဒါလုပ်ခိုင်းထားတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့စာချွန်လွှာတက်တယ်။ နေပြည်တော်မှာစာချွန်လွှာတက်တယ်။ စာချွန်လွှာက ဒီအမှုကိုပယ်လိုက်တယ်။ ဘာလို့ပယ်ရလည်းဆိုတော့ စာချွန်လွှာအမှုမှာသူတို့ရှုံးသွားတယ်။ စာချွန်လွှာမှာ သူတို့ရှုံးထားတယ်။ အဲ့ဒီတုန်းက တိုင်တဲ့ဒေါ်နန်းခမ်းတစ်ပ်ဆိုတာ မြန်မာပြည်မှာမရှိဘူး။ မရှိဘဲနဲ့ တာချီလိတ်မမှာလိုလို၊ ရန်ကုန်မှာလိုလိုနဲ့ တိုင်တာကို ကိုယ်တို့စုံစမ်းပြီးတော့ စာချွန်မှာတင်ပြတဲ့အခါမှာ စာချွန်လွှာက ဒါကိုပယ်လိုက်တာဖြစ်တယ်။
အခုတိုင်တယ်ဆိုတာ ဘေးကနေလုပ်တဲ့သူတွေက တိုင်နေတာ။ ကာယကံရှင် ဒေါ်နန်းခမ်းတစ်ပ်က မြန်မာပြည်မှာမရှိဘူး။ ပြန်လည်စိစစ်ဖို့ ရှိ၊ မရှိဆိုတာကတော့ သူတို့ခရိုင်ရုံးကနေပြီးတော့ လုပ်နေတယ်။ သူတို့မြို့ပြပုံစံဆောင်ရွက်ဖို့ပေါ့။ အဲ့ဒီကနေတက်လာဖို့ရှိတယ်။ လောလောဆယ်မှာတော့ အစိုးရဆီမှာရှိတယ်။ အစိုးရစီမံခန့်ခွဲခွင့်အနေနဲ့ပဲ ရှိနေမှာပေါ့လေ။
ဘယ်လိုစီမံမယ်ဆိုတာတော့ အကွက်တွေလည်း လုပ်ထားပြီးသားဆိုတော့လေ ရပ်ကွက်တွေပဲဖြစ်မှာပေါ့။ ခရိုင်ကိုတော့ တင်ခိုင်းထားတယ်။ မြို့ပြစီမံကိန်းကို တင်ခိုင်းထားတယ်။ အဲ့ဒါမတက်လာသေးဘူး။ အောက်ခြေကတော့ လုပ်နေပါတယ်။ ခရိုင်အဆင့်တွေ၊ မြို့နယ်အဆင့်တွေလုပ်နေပါတယ်။
ပြန်လျှောက်ရင်တော့ ကိုယ်က ကိုယ်တစ်ယောက်ထဲ သဘောနဲ့ပေးလို့တော့မရဘူးလေ။ သူတို့အဖွဲ့ရှိတယ်လေ။ မြေလွတ်မြေရိုင်ဆိုရင် မြေလွတ်မြေရိုင်းစီမံခန့်ခွဲရေး ကော်မတီရှိတယ်။ ဆိုလိုတာက အဲ့ဒီအဖွဲ့ကဆုံးဖြတ်တာဖြစ်တဲ့အတွက် ပေး၊မပေးကတော့ ကိုယ်လည်း ပြောလို့မရဘူး"ဟုဆိုသည်။

မူလလုပ်ကိုင်ခွင့်ရရှိခဲ့သူ ဦးတင်စိန်မကွယ်လွန်မီကရယူသွားသောမြေကိုမိသားစုဆွေးမျိုးသားချင်းများလည်း မရှိတော့ကြောင်း၊ အာဏာပိုင်အဖွဲ့အစည်းသို့ လိမ်လည်တင်ပြပြီး အဆိုပါမြေပေါ်တွင် ပြည်သူ့စစ်ရံပုံငွေအတွက် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် ၇ ရက်၊ ၂ လ၊ ၂၀၁၁ ရက်စွဲဖြင့် တြိဂံတိုင်းစစ်ဌာနချုပ်သို့တင်ပြခဲ့ရာ ရှမ်းပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(အရှေ့ပိုင်း)မှ ၁၀ ရက်၊ ၂လ၊ ၂၀၁၁ ရက်စွဲပါ စာအမှတ်- ၅/၁၆-၁၃/ဦး(၆) ဖြင့် ဦးတင်စိန်သေဆုံးပြီးဖြစ်သောကြောင့် ဆွေမျိုးအသိုင်းအဝိုင်းများက တစ်စုံတစ်ရာကန့်ကွက်ခြင်းမရှိသရွေ့ ဦးရာကုတ်နှင့် ဦးအားလယ်တို့အား ပြည်သူ့စစ်သက်သာချောင်ချိရေးအတွက် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ဦးတင်စိန်မကွယ်လွန်မီ ဇနီးဖြစ်သူဒေါ်နန်းခမ်းတစ်ပ်က ရှမ်းပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (အရှေ့ပိုင်) သို့ အကြိမ်ကြိမ်ကန့်ကွက်ခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခဲ့ခြင်း မရှိသည့်အပြင် ဦးအားလယ်နှင့် ဦးရာကုတ်တို့သည် ရှမ်းပြည်နယ်မွေးမြူရေးနှင့် သား၊ငါးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် စာချုပ်ချုပ် ဆိုပြီး မွေးမြူရေးခြံ၏ တစ်စိတ်တစ်ဒေသကို ၁၇ ရက်၊ ၁ လ၊ ၂၀၁၂ ခုနှစ်တွင် ဦးကိုကိုအောင်ဆိုသူအား ကျပ်ငွေသိန်းသုံးရာဖြင့် ရောင်းစားခဲ့ကြောင်း သိရသည်။
တာချီလိတ်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဌေးဝင်းက"အခုချိန်ခါကျတော့ သူတို့ကစည်းကမ်းပျက်မြေလို့သက်မှတ်ပြီးတော့ သိမ်းလိုက်တယ်။ နိုင်ငံတော်ကနေပြီးတော့ စီမံခန့်ခွဲခွင့်ရှိတဲ့မြေပေါ့။ သူတို့စီမံခန့်ခွဲခွင့်ရှိတဲ့မြေအဖြစ် သူတို့က သက်မှတ်လိုက်တယ်။ တကယ်တမ်းကျတော့ အဲ့ဒါစည်းကမ်းပျက်မြေမဟုတ်ဘူး။ အဲ့ဒါကြောင့်မလို့ ကျွန်တော်က ဝန်ကြီးချုပ်ဆီကို အကျိုးအကြောင်းစာတင်ထားတယ်။ ပြောလည်း ပြောထားတယ်။ အဲ့ဒီတော့ သူတို့ပြည်နယ်ကတော့ ဘယ်လိုပုံစံမျိုးပြန်ချလာမလဲတော့ မသိသေးဘူးပေါ့ဗျာ။ ကျွန်တော်လည်း အဲ့ဒါပဲ စောင့်နေတာ။ ကျွန်တော်ကိုယ်တိုင်လည်း ဒါကလုပ်ထုံးလုပ်နည်းနဲ့လည်း မညီဘူး။
စည်းကမ်းပျက်မြေလည်း မဟုတ်ဘူး။ ဒါက သက်သက်ကို ကာယကံရှင် ပိုင်ရှင်တွေမှာ နစ်နာပါတယ်ပေါ့။ နစ်နာတဲ့အတွက်ကြောင့် ဒီလိုမျိုးကတော့ မလုပ်သင့်ပါဘူးလို့ ကျွန်တော်ကိုယ်တိုင်လည်း လက်မှတ်ထိုးပြီးတော့ တင်ထားပေးတယ်။ နောက်ဆုံးတော့ ပိုင်ရှင်ကအနိုင်ကျင့်ခံရတာပေါ့ဗျာ။
အနိုင်ကျင့်တာကို ဘယ်လိုမျိုးအနိုင်ကျင့်ခံရတာလဲလို့ မေးလို့ရှိရင်တော့ အမျိုးမျိုးအနည်းနည်းနဲ့ အနိုင်ကျင့်ခံရတာပေါ့ဗျာ။ အဲ့လိုအနိုင်ကျင့်ခံရတဲ့ ကိစ္စကြီးမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ကတော့ ကိုယ့်ရှေ့မှာ မှားနေတာကြီး မြင်ရဲ့သားနဲ့တော့ ငုတ်တုတ်ထိုင်ပြီး မပြောလို့မရဘူး"ဟုပြေသည်။

No comments:

Post a Comment

My Blog List