Thursday, January 16, 2020

ရဲမှူးချုပ်စိုးနိုင်ဦး၊ ရဲမှူးကြီးမင်းဟန်၊ ရဲမှူးကြီးသာဒွန်း နှင့် ရဲဇာနည်ပေ့ချ် Admin ကို တရားစွဲရန် သမ္မတ ခွင့်မပြုလျှင်လည်း လုပ်ဆောင်မည့် နည်းလမ်းများရှိဟုဆို

Image may contain: 3 people, people on stage and people standing
နေပြည်တော်တွင် လိင်အကြမ်းဖက်ခံရသော ဗစ်တိုးရီးယား၏ အမည်၊ နေရပ်လိပ်စာနှင့် မိဘအမည်များကို ဖော်ထုတ်ခဲ့သည့် ရဲမှူးချုပ်စိုးနိုင်ဦး၊ ရဲမှူးကြီးမင်းဟန်၊ ရဲမှူးကြီးသာဒွန်းနှင့် ရဲဇာနည်ပေချ် Admin တို့ကို တရားစွဲရန် သမ္မတခွင့်ပြုမိန့် တောင်းခံထားပြီး သမ္မတကလည်း ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း(ILAM) မှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောဆိုသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို ချိုးဖောက်ကာ နေပြည်တော်ရှိ ရဲဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီးယားကလေးငယ်အမည်၊ မိဘအမည်နှင့် ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့သော ရဲအရာရှိ ၃ဦးနှင့် ရဲဇာနည် Page Admin တို့ကို တရားစွဲနိုင်ရေးအတွက် ဇန်နဝါရီလ ၁၄ရက်နေ့တွင် နိုင်ငံတော်သမ္မတထံက ခွင့်ပြုမိန့်တောင်းခံခဲ့ကြောင်း မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများ အသင်း (ILAM) ထံမှ သိရှိရသည်။
တရားစွဲဆိုမည့် ရဲအရာရှိ ၃ဦးမှာ မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊ မှုခင်းညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန်၊ မှုခင်းရဲတပ်ဖွဲ့ဌာနမှူး ရဲမှူးကြီး သာဒွန်းတို့ဖြစ်ပြီး ရဲဇာနည် Page Admin မှာမည်သူဖြစ်သည်ကို မသိရှိရသေးကြောင်း ၎င်းတို့သည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၉၆(ဃ)ကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများ အသင်းက ဦးခင်မောင်ဇော်ကပြောဆိုသည်။
“ ဒီအမှုက သမ္မတရဲ့ ခွင့်ပြုချက် ပါကိုပါရမယ့် ကိစ္စလေ။ တရားစွဲတင်တဲ့အခါမှာလေ သမ္မတခွင့်ပြုချက်ဆိုတာက ပြည်သူ့ဝန်ထမ်းတွေကို တရားစွဲတဲ့အခါမှာ ခွင့်ပြုဖို့ သူကအပိုဒ် ၁ နဲ့ အပိုဒ် ၂ရှိတယ်ဗျ။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၇ မှာလေ။ အပိုဒ် ၁ က ခွင့်ပြုချက် မပါရင် တရားရုံးတွေက လက်ခံဆောင်ရွက်ခြင်း မပြုရဆိုတဲ့ ပြဌာန်းချက်ပေါ့ဗျာ။ နံပါတ် ၂ အပိုဒ်ကတော့ သမ္မတရဲ့ အခွင့်အာဏာပေါ့။ ဘယ်ရုံးမှာ ဘယ်သူတွေကို ဘယ်ပုဒ်မနဲ့ အစရှိသဖြင့်ပေါ့။ အဲဒါကို ရွေးချယ်နိုင်တဲ့ အခွင့်အာဏာရှိတယ်။ သမ္မတမှာ အဲဒီအခွင့်အာဏာဖြစ်သလို သူ့တာဝန်လည်းဖြစ်တာပေါ့။ သူရဲ့တာဝန် တစ်ရပ်အနေနဲ့ သူ့အခွင့်အာဏာကို သုံးမယ်လို့ ကျွန်တော်တို့က မျှော်လင့်တာပေါ့” ဟု ဦးခင်မောင်ဇော်က ပြောဆိုသည်။
ထိုသို့ ဥပဒေချိုးဖောက်သူများကို တရားစွဲဆိုရန် နိုင်ငံတော်သမ္မတက ငြင်းပယ်ခဲ့လျှင် ဆက်လက် လုပ်ဆောင်မည့်နည်းလမ်းများရှိပြီး ယခုချိန်တွင် ပြောကြားရန် အဆင်မပြေသေးကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၉၆(ဃ)တွင် မည်သူမျှ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ် (သို့မဟုတ်) မှုခင်းတွင် သက်သေအဖြစ် ပါဝင်နေသော ကလေးသူငယ်သည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မှုခင်းသတင်း အချက်အလက်များရယူခြင်း၊ ထည့်သွင်းခြင်းနှင့် ကြော်ငြာခြင်း၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်ခြင်း၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် စာအုပ်စာတမ်းများတွင် ထည့်သွင်းခြင်း၊ ဖြန့်ချီခြင်း၊ အသုံးပြုခြင်းမပြုရ (သို့မဟုတ်) ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လူမှုဆက်သွယ်ရေး နည်းလမ်းများတွင် ထုတ်လွှင့်ခြင်းမပြုရဟု ပါရှိသည်။
ထိုသို့ ရဲတပ်ဖွဲ့၏ ဥပဒေချိုးဖောက်မှုကြောင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ဥပဒေချိုးဖောက်ခဲ့သော ရဲတပ်ဖွဲ့များကို အရေးယူပေးရန် ပြည်သူများက ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အစိုးရဘက်ကမူ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း ပြောခြင်းမရှိဘဲ နှုတ်ဆိတ်နေသည်။

No comments:

Post a Comment

My Blog List