Thursday, January 09, 2020

NCA စာချုပ်ပါအချက်များတွင် လိုချင်တာကိုပဲ အကောင်အထည်ဖော်မယ်ဆိုတာမျိုး ရှောင်ကြဉ်ကြရန် အတိုင်ပင်ခံသတိပေးပြောကြား

Image may contain: 2 people, text that says 'one NEWS'

NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စာချုပ်ပါအချက်တွေထဲက လိုချင်တဲ့အပိုင်းကို အကောင်အထည်ဖော်ပြီး မလိုချင်တဲ့အပိုင်းကို အကောင်အထည်မဖော်ဘူးဆိုတာမျိုးကို ရှောင်ကြဉ်ကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ (၈)ရက်က နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်အကောင်အထည်ဖော်ရေး ((၈)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးပွဲ အဖွင့်မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

"NCA ဟာ အားလုံးပူးတွဲပိုင်ဆိုင်တာ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးထားတဲ့ အစုအဖွဲ့တွေအားလုံးက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိကြဖို့လိုပါတယ်။ ဒီစာချုပ်ထဲက ကိုယ်ကြိုက်တာကိုပဲယူမယ်၊ မကြိုက်တာကို မယူဘူး၊ ကိုယ်သဘောကျတဲ့ အပိုင်းကိုပဲ အကောင်အထည်ဖော်မယ်၊ သဘောမကျတဲ့ အပိုင်းကို အကောင်အထည်မဖော်ဘူးဆိုတာတွေကို ရှောင်ကြင်ကြဖို့ ကျွန်မအနေနဲ့ အလေးအနက် သတိပေးချင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အဖွဲ့တစ်ဖွဲ့ဖွဲ့က လိုချင်တာကိုပဲကွက်ပြီးယူမယ်၊ မကြိုက်တာဆိုရင် ရှောင်လွှဲနေမယ်ဆိုရင် ကျန်တဲ့အဖွဲ့တွေအတွက် အခက်အခဲတွေဖြစ်ပေါ်လာနိုင်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကြပ်အတည်းတွေ ဆက်တိုက် ဖြစ်ပေါ်လာနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
လက်ရှိအစိုးရအနေနဲ့ NCA မှာ စတင်ပါဝင်ပြီး လက်မှတ်ရေးထိုးခဲ့တာမဟုတ်ပေမယ့် အစိုးရတစ်ခုနဲ ့တစ်ခုလွှဲပြောင်းတာဝန်ယူတဲ့အခါမှာ အစိုးရအစဉ်အဆက် တာဝန်ရှိမှု၊ တာဝန်သိမှုတွေကို လွှဲပြောင်းရယူထမ်းဆောင်ရတာဖြစ်လို့ ဒီအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ကိုယ့်ရဲ့လိုအင် ဆန္ဒတွေ လိုလားချက်တွေကို ဆွေးနွေးနိုင်ဖို့ အစိုးရကငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ပေးထားပြီး ယုံယုံကြည်ကြည်နဲ့ လျှောက်လှမ်းလာဖို့ လိုတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ ပါတယ်။

" နိုင်ငံရေး စားပွဲဝိုင်းတွေမှာ ဝင်ထိုင်ပြီး ကိုယ့်ရဲ့ လိုအင်ဆန္ဒ၊ ကိုယ့်ရဲ့လိုလားချက်တွေကို ပြောပြပြီး ကျွန်မတို့နဲ့ ဆွေးနွေးဖို့ လိုပါတယ်။ ဒီလို ဆွေးနွေးနိုင်ဖို့ကိုလည်း ကျွန်မတို့ ငြိမ်းချမ်းတံခါးကို ဖွင့်ပေးထားတာဖြစ်ပါတယ်။ ဖွင့်လှစ်ထားတဲ့ ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ်သိက္ခာရှိရှိ ၊ ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းလာဖို့ကြဖို့ ကျွန်မအနေနဲ့ အလေးအနက် တိုက်တွန်းပြောကြားလိုပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အခုကျင်းပတဲ့ JICM အစည်းအဝေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ တာဝန်ရှိသူတွေ၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။
သတင်း- ငြိမ်းချမ်းအောင်၊ ကေသွယ်စန်း

No comments:

Post a Comment

My Blog List