Thursday, January 09, 2020

ပညာရေးဝန်ကြီးဌာန၏ မတ်လအကုန်အထိ ကျောင်းဖွင့်အမိန့်ကို ဆန့်ကျင်သော ဖဲကြိုးစိမ်းလှုပ်ရှားမှု တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြီးမားကျယ်ပြန့်လာနေ

No photo description available.Image may contain: 6 people, people standing
ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းများကို မတ်လကုန်ထိ ကျောင်းဖွင့်ရက် ပြင်ဆင်သတ်မှတ်လိုက်ခြင်း ကို ဆန့်ကျင်သော ဖဲကြိုးစိမ်းလှုပ်ရှားမှုတစ်ရပ်ကို စတင်လိုက်ပြီး အဆိုပါ ဖဲကြိုးစိမ်းလှုပ်ရှားမှုသည် တက္ကသိုလ်၊ ကျောင်းများနှင့် ဆရာ၊ ဆရာများ ပါ တက်ကြွစွာ ပါဝင်လာပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြီးမားကျယ်ပြန့်လာနေကြောင်း သိရှိရသည်

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများ၏ ပညာသင်ကာလကို မတ်လကုန်အထိ သတ်မှတ်ခြင်းကို ပြင်ဆင်ခြင်းမပြုပါက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံစောင့်ကြပ်ရေးတာဝန်များကို ဥပဒေနှင့်အညီငြင်းပယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်က ဇန်နဝါရီ ၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ပြီးနောက် ဆန့်ကျင်ကန့်ကွက်သော လှုပ်ရှားမှုများ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခြင်းဖြစ်သည်။
အခြေခံနှင့်အဆင်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကော်မတီက ပညာရေးဝန်ကြီးဌာန၏ မတ်လ အကုန်အထိ ကျောင်းဖွင့်ရက်တိုးမြှင့်ခြင်းသည် ကျောင်းသားများ၊ မိဘများ၊ ဆရာ၊ ဆရာများကို အခက်အခဲများကြုံတွေ့စေမည်ဖြစ်သဖြင့် ကန့်ကွက်ပြီး နောက်ဆက်တွဲ အကျိုးဆက်များအတွက် ပညာရေးဝန်ကြီးဌာတွင်ပင် တာဝန်ရှိကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၇ ရက်နေ့တွင် မကွေးပညာရေးကောလိပ်တွင် မကွေးပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂက ဦးဆောင်၍ ပညာရေးဝန်ကြီးဌာန၏ အမိန့်ကို ဆန့်ကျင်သော စတစ်ကာ ကမ်းပိန်းဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီလ ၈ ရက်နေ့တွင် လှည်းကူးပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂက ဦးဆောင်၍ ပညာရေးဝန်ကြီးဌာန၏ အမိန့်ကို ဆန့်ကျင်သော ဖဲကြိုးစိမ်းလှုပ်ရှားမှုကို တရားဝင်စတင်လိုက်သည်။ ဇန်နဝါရီလ ၈ရက်နေ့တွင် စစ်ကိုင်းပညာရေးကောလိပ်နှင့် ရန်ကုန်ပညာရေးကောလိပ်တို့တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှုများ ပြုလုပ်ခဲ့သေးသည်။
ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနောင်ဦးက “ဇန်နဝါရီလ ၉ ရက်နေ့မှာ မြို့နယ်ပညာရေးမှူးတွေ ခရိုင်ပညာရေးမှူးတွေတွေ့ပြီး စာမေးပွဲရက်သတ်မှတ်မယ်လို့ ကျွန်တော်တို့ ကြားတယ်။ ကျွန်တော်တို့စောင့်ကြည့်ချင်သေးတယ်။ ဘယ်လိုအခြေအနေ ဘယ်လိုအတိုင်းအတာရှိလည်းဆိုတာကိုကျွန်တော်တို့ အသံကိုဝန်ကြီးဌာနအလေးထားလား။ ကျွန်တော်တို့အသံကို ဝန်ကြီးဌာန အသိအမှတ်ပြုလား မပြုဘူးလားဆိုတာကိုစောင့်ကြည့်ချင်သေးတယ်” ဟု ၎င်းကဆိုသည်။
ထိုသို့ ကျောင်းဖွင့်ချိန်မတ်လကုန်ထိ တိုးမြှင့်လိုက်ခြင်းသည် ပညာရေးဝန်ကြီးဌာန၏ သုတေနမပါဝင်သည့် ခိုင်လုံမှုမရှိသော အမိန့်တစ်ခုသာဖြစ်ပြီး ကလေးငယ်များသည် စမ်းသပ်ခံများမဟုတ်ကြောင်း ကိုနောင်ဦးကိုက ပြောဆိုသည်။
“ဝန်ကြီးဌာနအနေနဲ့ သုတေသန ခိုင်ခိုင်လုံလုံမပါဘဲနဲ့ ကျွန်တော်တို့ အမိန့်တစ်ခုနဲ့ စနစ်တစ်ခု ပြောင်းလဲတဲ့နေရာမှာ သုတေသနအခြေခံမရှိဘဲ ခိုင်ခိုင်မာမာမရှိဘဲနဲ့ မပြောင်းစေချင်ဘူး။ ပြောင်းပြီးသွားမှ အဆင်မပြေမှ ပြန်ပြီးတော့ ပြန်ရွှေ့ရတာ ပြန်လုပ်ရတာမျိုးက ဘယ်လိုမှအဆင်မပြေဘူး။ ကျွန်တော်တို့ ကလေးတွေက အစမ်းသပ်ခံတွေမဟုတ်ဘူး” ဟု ၎င်းကပြောဆိုသည်။
Photo Credit - ကျောင်းသားသမဂ္ဂများ

No comments:

Post a Comment

My Blog List