Friday, January 10, 2020

ဦးကိုနီလုပ်ကြံခံရမှု တရားခံများကို ပြစ်ဒဏ်တိုးရန် အယူခံ ပလပ်ခံရ အထူးအယူခံထပ်တင်မည်

Image may contain: 1 person, eyeglasses, closeup and indoor
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး၊ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် တရားခံများအား ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် တိုးမြှင့်ချမှတ်ပေးရန် တရားလိုရှေ့နေများ၏ လျှောက်လဲချက်ကို ယနေ့ (ဇန်နဝါရီ ၁၀ရက်) တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ပလပ် လိုက်သည်။

တရားလိုရှေ့နေများက ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့ကို ပြစ်ဒဏ်များ တိုးမြှင့်ချမှတ်ပေးရန် လျှောက်ထားချက်အပေါ် အပြီးသတ်အမိန့် ချမှတ်လိုက်ခြင်း ဖြစ်ပြီး တရားလိုဘက်မှ အထူးအယူခံ ဆက်တင်မည်ဟုလည်း သိရသည်။
ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင်ပြုလုပ်သည့် Senior Leadership Programme သို့ တက်ရောက်ပြီး ပြန်အလာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။ ယခုအမှုအတွက် အချိန်နှစ်နှစ်ကျော် ကြာခဲ့ပြီး ရုံးချိန်းပေါင်း ၁၀၄ ချိန်း၊ စုစုပေါင်းသက်သေ ၁၁၀ တို့ကို စစ်ဆေးခဲ့ပြီးနောက် ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကြည်လင်းနှင့် ထိုလုပ်ကြံမှုကို စေခိုင်းခဲ့သူဟု ဆိုသော အောင်ဝင်းဇော်တို့ကို မသေမချင်း ကြိုးကွင်းစွပ် သတ်စေရန် အမိန့်ချမှတ်ခဲ့သည်။ ဦးကိုနီကို ကိုယ်တိုင်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသည့် ကြည်လင်းသည် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ခ)/၃၄ အရ ကြိုးကွင်းစွပ်သတ်ရန်၊ ထိုနေ့က ၎င်းကိုဖမ်းဆီးရန်ကြိုးစားသည့် အငှားယာဉ်မောင်း ကိုနေဝင်းကို သတ်ဖြတ်မှုအတွက် ပုဒ်မ ၃၀၂ (၂) အရ ထောင်ဒဏ်နှစ် ၂၀၊ လက်နက်ကိုင်ဆောင်မှုအတွက် လက်နက်များ အက်ဥပဒေ ပုဒ်မ ၁၉ (ဃ)(စ) အရ ထောင် ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရသည်။
အောင်ဝင်းဇော်သည် ထိုလူသတ်မှုတွင် ကြည်လင်းကို နောက်ကွယ်မှ စေခိုင်းသူအဖြစ် ထင်ရှားကြောင်း တရားသူကြီးက ဆုံးဖြတ်ကာ ၃၀၂ (၁)(ခ)/၃၄ အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် လည်း အမိန့်ချသည်။ ထို့ပြင် အောင်ဝင်းဇော်ကို ထွက်ပြေးနိုင်အောင် ကူညီခဲ့သူ အောင်ဝင်းထွန်းကို ထောင်ဒဏ် သုံးနှစ်၊ ထိုလူသတ်မှုကို ငွေကြေးထောက်ပံ့သူဟု မူလက စွဲချက်တင်ခံထားရသူ ဇေယျာဖြိုးကို ပုဒ်မပြောင်းပြီး ထောင်ဒဏ် ငါးနှစ်စီ အသီးသီးချမှတ်ခဲ့သည်။ အဓိက တရားခံဖြစ်သူဟု ယူဆပြီး ရဲက အလိုရှိနေသည့် တရားခံ အောင်ဝင်းခိုင်မှာမူ ယနေ့အချိန်ထိ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်သည်။
သတင်း - မင်းမင်း/ Myanmar Now
ဓာတ်ပုံ - ဖြိုးသီဟချို/ Myanmar Now

No comments:

Post a Comment

My Blog List