Wednesday, February 19, 2020

ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌအမှု မတရားမှုဖြစ်ပါက ဥပဒေပညာရှင်များနှင့် တိုင်ပင်ကာ လွတ်မြောက်ရေး ကြိုးပမ်းပေးမည်ဟု UNDP ဥက္ကဋ္ဌ ပြော

Image may contain: 6 people, people standing and outdoor, text that says 'မြို့နယ်တရားရုံး မြဝတီမြို့'
ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌ ဒေါ်အုန်းလှအမှုမှာ မတရားမှုဖြစ်ပါက ဥပဒေပညာရှင်များနှင့်တိုင်ပင်ကာ ၎င်းလွတ်မြောက်ရေး အစွမ်းကုန်ကြိုးပမ်းပေးသွားမည်ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ဥက္ကဋ္ဌ ဦးဒေဗစ်လှမြင့်က iSee Media သို့ ပြောကြားသည်။

"ဒီကိစ္စက တမင်သပ်သပ် ထောင်ဒဏ်ချပစ်တယ်ဆိုတာ သတင်းတွေ ဝေဖန်မှုတွေထွက်နေတာ။ အဲဒီဖြစ်စဉ်မှာ နော်အုန်းလှက ဦးဆောင်သူ မဟုတ်ဘူးဗျ။ ကရင်ပြည်နယ် မြဝတီ ရွှေမြစန္နီအိမ်ယာက ဒေသခံတွေ နေအိမ်ဖြိုဖျက်ခံရတာနဲ့ ပတ်သတ်ပြီး သူက ဆန္ဒပြရာမှာ သွားရောက်ဝန်းရံကူညီပေးတာလို့ ကျွန်တော်တို့ သိရတယ်။ ဒေသခံတွေကလည်း ပြောတယ်ဗျာ။ သူက ဦးဆောင်သူ မဟုတ်ဘဲ အမိန့်ချတော့ ဦးဆောင်ပါဝင်တယ်ဆိုပြီး အမိန့်ချလိုက်တာ။ အဲဒီအမှုကို ကျွန်တော်တို့ တရားရုံးက အမှုတွဲဖိုင်ကြည့်ပြီး ဥပဒေကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကြမှာပါ။ တစ်ကယ်လို့ မတရားသဖြင့် ပြစ်ဒဏ်ချမှတ်ခံရတယ်ဆိုရင် သူလွတ်မြောက်ရေးကို အစွမ်းကုန်ကျွန်တော်တို့ ကြိုးပမ်းပေးသွားမှာပဲ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
ကရင်ပြည်နယ် မြဝတီမြို့ ရွှေမြစန္ဒီ အိမ်ရာစီမံကိန်းမှာ နေအိမ်တွေ ဖျက်စီးခံခဲ့ရတာနဲ့ ပတ်သက်ပြီး နစ်နာသူတွေဘက်က ကူညီခဲ့သည့် ကရင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှ အပါအဝင် ဒေသခံသုံးဦးကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် တစ်လစီ ကျခံစေရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်က မြဝတီမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
ဆန္ဒပြရန် ခွင့်ပြုမိန့်တင်ခဲ့သော်လည်း မြဝတီမြို့တွင် နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တစ်ဦး၏ ခရီးစဉ်ကြောင့် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့က ရက်ပြောင်းရွှေ့ခိုင်းမှုကို မပြောင်းရွှေ့ဘဲ ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် DKBA နှှင့် ယခင်ပြည်နယ်ဝန်ကြီးချုပ်တိ့ု သဘောတူ အကောင်အထည် ဖော်ထားသည့် ရွှေမြစန္ဒီ အိမ်ရာမှ လူနေအိမ် ၄၀၀ နီးပါးကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီတွင် ပြည်နယ်အစိုးရအဖွဲ့က ဖြိုဖျက်ခဲ့မှုကြောင့် ဒေသခံများက ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေမြစန္ဒီအိမ်ယာ ဖြိုဖျက်ခံရမှုတွင် အမှန်တကယ် နစ်နာသူများစာရင်း ကောက်ယူကာ နေစရာ အိမ်ရာများ ပြန်လည် စီစဉ်ပေးမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက မီဒီယာအချို့တွင် ပြောကြားထားမှု ရှိသည်။
လက်ရှိအချိန်တွင် ဒေါ်နော်အုန်းလှနှင့် ဒေသခံ သုံးဦးကို ဘားအံမြို့ တောင်ကလေး အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
ကိုဖူးသစ်
Isee Media

No comments:

Post a Comment

My Blog List