Thursday, February 20, 2020

ချင်းပြည်နယ်ရဲ့ ဆက်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့ ဦးစားပေးဆောင်ရွက်နေတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

Image may contain: 1 person
ချင်းပြည်နယ်ဟာ ပထဝီမြေပြင်အနေအထားအရ ဆက်သွယ်၊သွားလာရေး ခက်ခဲတဲ့အတွက် ချင်းပြည်နယ်ရဲ့ ဆက်သွယ်ရေး၊လမ်းပန်းဆက်သွယ်ရေးကို ဦးစားပေးဆောင်ရွက်နေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ 
ဖေဖော်ဝါရီ(၂၀)ရက် မနက်ပိုင်းက ချင်းပြည်နယ် ထန်တလန်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအားကစားကွင်းမှာ ကျင်းပတဲ့ (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နုတ်ခွန်းဆက်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
ချင်းပြည်နယ်ရဲ့ ဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့ ဦးစားပေးဆောင်ရွက်နေသလို ပညာရေး၊ကျန်းမာရေးနဲ့ လျှပ်စစ်မီးရရှ်ိရေးကိုလည်း အလေးပေးဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တွေနဲ့ ရပ်ရွာလူထုကိုပွင့်လင်းမြင်သာမှု၊တာ၀န်ခံမှုရှိပြီး လူထုက တုန့်ပြန်မှုပေးနိုင်တဲ့စနစ်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်နိုင်ဖို့ မူဝါဒချမှတ်ထား သလို တာ၀န်ရှိသူတွေကလည်း ချမှတ်ထားတဲ့ မူဝါဒအတိုင်း ဆောင်ရွက်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ချင်းပြည်နယ် ထန်တလန်မြို့မှာ ကျင်းပတဲ့(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ပြည်ထောင်စုအဆင့်၀န်ကြီးတွေ၊ ပြည်နယ် ၀န်ကြီးချုပ်နဲ့၀န်ကြီးတွေ ၊ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတာ၀န်ရှ်ိသူတွေနဲ့ တိုင်းရင်းသား ပြည်သူတွေ တက်ရောက်ခဲ့ ကြပါတယ်။

သတင်း - အောင်ကျော်ညွန့်

No comments:

Post a Comment

My Blog List