Wednesday, February 19, 2020

အကန့်အသတ်များ ရှိခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှေးကွေးခဲ့ရဟုဆို


Image may contain: one or more people, people sitting and indoor
မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အဆင်မပြေ နှေးကွေးခဲ့ရခြင်းမှာ အကန့်အသတ်များ ရှိခဲ့ခြင်းကြောင့်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောကြားလိုက်သည်။
"ကျွန်တော်တို့ အစိုးရဟာ ရွေးကောက်ပွဲ ကြေညာစတမ်းအရ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိက ဦးစားပေးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ သို့သော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စိန်ခေါ်မှုတွေ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပြီး တစ်ဆို့မှုတွေအပြင် ရပ်တန့်သလိုဖြစ်မယ့် အခြေအနေမျိုးကိုပါ ရင်ဆိုင်ခဲ့ရတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ဝန်ခံရမှာပါ။ အဓိက ဘာပြသာနာရှိလဲဆိုတော့ NCA စာချုပ်ရဲ့ အကန့်အသတ်တွေ တပ်မတော်ဘက်က အကန့်အသတ်တွေ နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က အကန့်အသတ်တွေစတဲ့ ကန့်သတ်မှုတွေကို ရင်ဆိုင်နေခဲ့ရလို့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဟာ နှေးကွေးခဲ့ရတာပါ" ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် မြို့နယ်အတွင်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးခန်းမတွင် ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်သည့် ငြိမ်းချမ်းရေးခြေရာ နိုင်ငံရေးစကားဝိုင်းတွင် မုံရွာအောင်ရှင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ တိုင်းပြည်ရဲ့ နှစ် ၇၀ ကျော်ပြည်တွင်းစစ်ဟာ အခုထိ တောက်လောင်နေဆဲပဲ ဖြစ်ပါတယ်။ ပြသာနာရဲ့ ဇစ်မြစ်ကို သိပေမယ့် နှစ်ဖက်စလုံးက စားပွဲဝိုင်းဆွေးနွေးပွဲပေါ်မှ ာဖြေရှင်းကြဖို့ မကြိုးစားတာဟာ သက်ဆိုင်ရာ ကိုယ်ကျိုးစီးပွားတွေ ရှိနေကြလို့ ငြိမ်းချမ်းရေးက ခုချိန်ထိ တိုးတက်မှုမရှိတာလို့ပဲ မြင်ပါတယ်" ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအေးမောင်ကျော်က ပြောသည်။

ယင်းအပြင်" အစိုးရမှာလည်း အားနည်းချက် လိုအပ်ချက်တွေ ရှိသလို တပ်မတော်ဘက်မှာလည်း လိုအပ်ချက်တွေ ရှိနေလို့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ မျှော်လင့်ထားသလောက် ဖြစ်မလာသေးတာလို့ပဲ တိုတိုပဲ ပြောပါရစေ" ဟု သတင်းစာဆရာ ချစ်ဝင်းမောင်က ပြောသည်။

လာမည့် ဧပြီလအတွင်းတွင် ရပ်တန့်ခဲ့ရသော ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရန် စတ္တုတအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပသွားရန်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

ကိုဖူးသစ်
Isee Media

No comments:

Post a Comment

My Blog List