Tuesday, February 18, 2020

မြန်မာနိုင်ငံအနောက်ဘက်ရှိ ကမ်းလွန်လုပ်ကွက် အစမ်းတွင်း မဟာ(၁)အား တူးဖော် သဘာဝဓာတ်ငွေ့ တစ်နေ့လျှင်ပျမ်းမျှ ကုဗပေ ၃၈သန်းကျော် အထိ စမ်းသပ်ရရှိနေ

Image may contain: water

မြန်မာနိုင်ငံအနောက်ဘက် ကမ်းလွန်လုပ်ကွက် A-3 တွင် တည်ရှိသော သဘာဝဓာတ်ငွေ့ အစမ်းတွင်း မဟာ(၁) တူးဖော်နေမှု အခြေအနေများအား ဗဟိုအစိုးရအဖွဲ့တာဝန်ရှိသူများ၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများက ယနေ့တွင် သွားရောက်စစ်ဆေးခဲ့သည်ဟုသိရသည်။

မဟာ (၁) ရှာဖွေရေးတွင်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် Top Hole စတင်တူးဖော်ခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရည်မှန်းအနက် ၂၅၉၈ မီတာ (၈၅၂၄ ပေ) ထိ ရောက်ရှိ တူးဖော်နိုင်ခဲ့သည်ဟုသိရသည်။
မဟာ(၁) ရှာဖွေရေးတွင်းတွင် စမ်းသပ်တိုင်းတာရရှိသော အချက်အလက်များအရ သဘာဝ ဓာတ်ငွေ့ ခိုအောင်းနေသော ရည်မှန်းသဲကြော G4 ကို အနက် ၁၁၄၇ မီတာတွင် တွေ့ရှိခဲ့ပြီး သဲကြောအထူ ၁၂ မီတာ (၄၀ ပေ) ခန့်မှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု စမ်းသပ်ခြင်း (Drill Stem Test) ကိုဆောင်ရွက်ခဲ့ရာ သဘာဝဓာတ်ငွေ့ တစ်နေ့လျှင်ပျမ်းမျှ ကုဗပေ ၃၈သန်းကျော် အထိ စမ်းသပ်ရရှိကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-1/A-3 တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ထုတ်လုပ်မှုပေါ် ခွဲဝေခံစားရေးစာချုပ် (PSC) စာချုပ်ချုပ်ဆို၍ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကို ပူးပေါင်းဆောင်ရွက်နေသော POSCO international ကုမ္ပဏီ၊ ONGC ကုမ္ပဏီ၊ GAIL ကုမ္ပဏီနှင့် KOGAS ကုမ္ပဏီတို့သည် လုပ်ကွက် A-3 တွင် ရှာဖွေရေးတွင်း ကစ္စပနဒီ(၁)၊ မဟာ(၁)၊ ရန်အောင်မြင်(၁) အစမ်းတွင်း ၃ တွင်းကို အသုတ်လိုက် တစ်ပြိုင်တည်း စနစ်ဖြင့် တူးဖော်နေကာ၊တူးဖော်ရေး သင်္ဘော (Drill-Ship) Maersk Viking သည် လုပ်ကွက်အမှတ် A-3 ရှိ ရှာဖွေရေးတွင်း ရန်အောင်မြင်(၁)ကို ယခုဖေဖော်ဝါရီလအတွင်း ဆက်လက်တူးဖော်သွားမည်ဟုသိရသည်။
မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-1/A-3 တွင် POSCO international ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယ နိုင်ငံ ONGC ကုမ္ပဏီမှ ၁၇ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံ GAIL ကုမ္ပဏီမှ ၈.၅ ရာခိုင်နှုန်း နှင့် ကိုရီးယား နိုင်ငံ KOGAS ကုမ္ပဏီမှ ၈.၅ ရာခိုင်နှုန်း အချိုးကျစီပါဝင်ကာ အကျိုးတူ ပူးပေါင်း ဆောင်ရွက် လျက်ရှိနေသည်ဟုသိရသည်။
အဆိုပါ မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-3 အတွင်းတွင် POSCO international ကုမ္ပဏီမှ မြ(၁) ရှာဖွေရေးတွင်းကို ၂၀၀၅ ခုနှစ်တွင် စတင်တူးဖော်ခဲ့ပြီး သဘာဝဓာတ်ငွေ့ စီးပွားဖြစ်တွေ့ရှိခဲ့ပါသည်။
ထို့နောက် ၂၀၀၉ ခုနှစ်တွင် လုပ်ကွက်အမှတ် A-1 ရှိ ရွှေသဘာဝ ဓာတ်ငွေ့နှင့် လုပ်ကွက်အမှတ် A-3 ရှိ မြသဘာဝဓာတ်ငွေ့တို့ကိုပေါင်းပြီး ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၅၀၀ ခန့် ထုတ်လုပ် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည်ဟုသိရသည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List