မြန်မာနိုင်ငံတွင် နှစ်စဉ် ငွေကျပ်ဘီလီယံ အနည်းဆုံး ၅၀၀ မှ ၁၀၀၀ နီးပါး အထိ အရှုံးပေါ်နေသော နိုင်ငံပိုင်အဖွဲ့အစည်း ၁၃ ခု ရှိကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အဖွဲ့အစည်းများတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ လျှပ်စ်စ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ အမှတ် ၁ အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် ၂ အကြီးစား စက်မှုလုပ်ငန်း၊ အမှတ် ၃ အကြီးစား စက်မှု လုပ်ငန်း၊ မြန်မာ့မီးရထားလုပ်ငန်း၊ ကုန်လမ်းပို့ဆောင်ရေးလုပ်ငန်း၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၊ မြန်မာ့အမျိုးသားလေကြောင်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ဖြစ်ကြောင်း စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ စီးပွားရေးအဖွဲ့အစည်း ၁၃ ခုက ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၈၃၅ ဒသမ ၈၉၂ ဘီလီယံ၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၉၄၅ ဒသမ ၈၆၉ ဘီလီယံ၊ ၂၀၁၈ ခုနစ် ဧပြီလမှ စက်တင်ဘာလအထိ ၅၇၁ ဒသမ ၇၆၂ ဘီလီယံ အရှုံးပေါ်နေကြောင်း သိရှိရသည်။
အဆိုပါ လုပ်ငန်း ၁၃ ခုတွင် ပထမအရှုံးအများဆုံးလုပ်ငန်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဖြစ်ပြီး ဒုတိယမှာ အမှတ် ၁ အကြီးစားစက်မှုလုပ်ငန်း၊ တတိယမှာ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဖြစ်သည်။
အရှုံးပေါ်ရခြင်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ၊ အမှတ် ၁ အကြီးစားစက်မှုလုပ်ငန်း၊ မြန်မာ့မီးရထား၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်း၊ မြန်မာအမျိုးသားလေကြောင်းတို့သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာအထိ နှစ်စဉ် အရှုံးပိုလာခြင်း၏ အဓိက အကြောင်းအရင်းမှာ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ လစာ၊ လုပ်ခ၊ ပင်စရိတ်နှုန်းထားများ တိုးမြှင့်ခြင်း၊ တန်ဖိုးလျော့၊ ပျက်စီးဆုံးရှုံးမှု စရိတ်များ၊ ငွေကြေးလဲလှယ်နှုန်းပြောင်းလဲမှုအတွက် ဖြစ်ပေါ် သည့်စရိတ်များနှင့် ချေးငွေအပေါ် အတိုးပေးချရခြင်းတို့ကြောင့်ဖြစ်ပြီး ထူးခြားသော အခြေအနေများ လည်းရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
No comments:
Post a Comment