Monday, February 17, 2020

မြဝတီတွင် ရွှေမြစန္ဒီအိမ်ရာ ဖျက်ဆီးမှု ကန့်ကွက်သူ နော်အုန်းလှအပါအဝင် ၄ ဦးကို ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ၁ လ ချမှတ်

Image may contain: 13 people, people standing, wedding, crowd, tree and outdoor
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ရွှေမြစန္ဒီအိမ်ရာစီမံကိန်းကို ကရင်ပြည်နယ် အစိုးရက ဖျက်ဆီးမှုကို ကန့်ကွက်ခဲ့ကြသော နော်အုန်းလှ အပါအဝင် ၄ ဦးကို မြဝတီမြို့နယ်တရားရုံးက ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ယနေ့ ထောင်ဒဏ် ၁ လချမှတ်လိုက်ကြောင်း သိရှိရသည်။

မြဝတီမြို့နယ် ရွှေမြစန္ဒီအိမ်ရာစီမံကိန်း နှင့် ပတ်သတ်၍ နစ်နာသူ ပြည်သူများအား အကူအညီပေးခဲ့သောကြောင့် မြဝတီမြို့နယ်တရားရုံးမှ ငြိမ်းစုစီဥပဒေ ပုဒ်မ (၁၉/၂၀) ဖြင့် စွဲချက်တင်ခဲ့ပြီး ငြိမ်းစုစီ ဥပဒေပုဒ်မ (၁၉)ဖြင့် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ ဥက္ကဌ နော်အုန်းလှ နှင့်အတူ ရွှေမြစန္ဒီ မှနစ်နာသူ ဦးငယ်၊ ဒေါ်စန္ဒာ နှင့် ဦးမောင်ဦး တို့ကို ထောင်ဒဏ် (၁) လ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးများအဖွဲ့မှ ဒေါ်ဇာခြည်လင်းက "အန်တီနော်ကိုတော့ အခုဖမ်းခေါ်သွားပြီ မြဝတီထောင်ကိုခေါ်သွားတာ အန်တီနော်ကတော့ ဒီလိုထောင်ချ ဖမ်းဆီးခေါ်ဆောင်သွားတာ မတရားပြုလုပ်ခံရတာလို့ ပြောဆိုသွားတယ်။ နောက်ပြီးတော့ ရဲတွေက ထောင်ဒဏ်ချမှတ်လိုက်ပြီး မီဒီယာတွေနဲ့ အန်တီနော်တို့ကို စကားပေးမပြောဘူး။ ကားပေါ်အတင်းဆွဲတင်လို့ တရားရုံးရှေ့မှာ ပဋိပက္ခတွေဖြစ်သွားတယ်။ ကျွန်မတို့အခု ထောင်ကိုလိုက်နေတယ်" ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရွှေမြစန္ဒီအိမ်ရာစီမံကိန်း နစ်နာသူပြည်သူများက ၂၀၁၉ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ငြိမ်းစုစီ ဥပဒေနှင့်အညီ ဆန္ဒပြခဲ့သော်လည်း ၎င်းတို့ ဆန္ဒပြသော နေ့တွင် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တဦး လမ်းကြောင်းရှိနေ သည်ဆိုကာ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ မှ ငြိမ်းစုစီကိုရက်ပြောင်းခိုင်းခဲ့ရာမှ ရက်မပြောင်းသည့်အတွက် မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သူရည်မှ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၉ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ၊ မဲကနယ်ကျေးရွာ ၊ ကုန်သွယ်ရေးဇုန်အနောက်ဘက်ရှိ ရွှေမြစန္ဒီ အိမ်ရာ ကွက် ရှိ လူနေအိမ် ၃၀၀၀ ကျော်ခန့်ကို အာဏာပိုင်များက ဖျက်ဆီးခဲ့သဖြင့် ဒေသခံများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသည်။
အဆိုပါ အိမ်ရာသည် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ( DKBA ) အပစ်ရပ် အဖွဲ့ ၊ ဗိုလ်မှူးညီညီ က မြဝတီမြို့တွင် နေထိုင်သည့် ဝန်ထမ်း ၊ စစ်မှုထမ်ဟောင်းများ ၊ ဒေသခံပြည်သူ ကျေးရွာသားများကို တန်ဖိုးနည်းအိမ်ယာဟုဆိုကာ မြေကွက်တစ်ကွက်လျှင် ကျပ်ငွေ တစ်သိန်း မှ ငါးသိန်းခွဲ ဈေးနှုန်းဖြင့် ခြံကွက်ဖော်ကာ ရောင်းချထားခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့က အဆိုပါအိမ်ရာမှ အိမ်ကွက်ပေါင်း ၃၂၀၉ ကွက်မှ လူနေထိုင်ခြင်း မရှိသည့် မြေကွက် ၇၅၇ ကို ဘူဒိုဇာ စက်ယန္တရားများဖြင့် ဖျက်သိမ်းရှင်းလင်းခဲ့ပြီး ဧပြီလတွင်လူနေထိုင်နေသည့် အိမ်ယာ ၁၀၀၇ လုံး လာရောက်ဖျက်ဆီးခဲ့ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ မြေဧက ၂၅၇ ဒသမ ၁၃ မြေနေရာတွင် မိသားစု လူဦးရေ ၃၀၀၀ ကျော် ကျုးကျော်အခြေကျနေထိုင်လျှက်ရှိပြီး သာသနိက ဆိုင်ရာ ဘုရားစေတီများ ၊ ကွန်ကရစ်လမ်းမများ ပြုလုပ်ကာ အခိုင်အမာနေထိုင်နေကြာင်း၊ တရားမဝင် မြေယာကျူးကျော် အကွက်ရိုက်ရောင်းချခြင်းကို ဦးဆောင်နေသည့် ဗိုလ်မှူးညီညီကို ဖမ်းဆီးထားပြီး စစ်ဆေးချက်များအရ အဂတိဆိုင်ရာ ပတ်သက်ဆက်နွယ်သူ အစိုးရ ဝန်ထမ်းများကို စစ်ဆေးအရေးယူခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့

No comments:

Post a Comment

My Blog List