Tuesday, February 18, 2020

"ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်သည်" ဆိုင်းဘုတ်များ ရွေးကောက်ပွဲအတွက် ရည်ရွယ်နေသလား၊ ကျပ်သိန်းထောင်ချီသော ကြော်ငြာခသုံးစွဲမှု ပါတီငွေလား၊ အစိုးရငွေလား မရှင်းလင်း


Image may contain: 1 person, outdoor
အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက စတင်တရားစွဲဆိုချိန် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစတင်၍ စိုက်ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်သည်ဆိုသော ဆိုင်းဘုတ်များသည် လက်ရှိ အချိန်အထိ မဖြုတ်သေးဘဲ ရှိနေရာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက်လည်း ဖြစ်ချင်ဖြစ်နိုင်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်း မြို့ကြီးများတွင် စိုက်ထူထားသော We Stand With Daw Aung San Su Kyi ဆိုင်းဘုတ်များ ဆက်လက်ထားရှိသည့်ကိစ္စ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဇန်နဝါရီလနှောင်းပိုင်း မုံရွာအောင်ရှင်ကို မေးမြန်းခဲ့ရာတွင် ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံဖြစ်တဲ့ ကာလထိ အဲဒါကိုထောင်ထားလည်း ဘာဖြစ်မှာလဲ။ ဘာများဒီဟာကို အကျိုးဖျက်စီးမှာမို့လဲ။ ကိုယ့်ခေါင်းဆောင်နဲ့ အတူရပ်တည်တယ်။ ဆိုင်းဘုတ်တင်ထားတာ အဲတာဘာများ ကျွန်တော်တို့မှာ အပြစ်ရှိလို့လဲ။ ကျွန်တော်တို့က ရပ်တည်မှာပဲ။ ရွေးကောက်ပွဲနီးလာတော့ ဝေဖန်မှုတွေရှိတယ်ဆိုတာကလည်း အပြစ်ရှာချင်တဲ့သူကလည်း ရှာနေမှာပါပဲ။ ကျွန်တော်တို့လည်း ကိုယ်လုပ်စရာရှိတဲ့ဟာကို ကိုယ့်ဘက်က လုပ်စရာရှိတဲ့ဟာကို ဆက်ပြီးတော့ လုပ်နေမှာပါပဲ။ကျွန်တော့်တစ်ဦးချင်းအမြင်ပေါ့။ ဒီလောက်ပြဿနာမရှိဘူးလို့ ကျွန်တော်ကတော့ ထင်ပါတယ်" ဟု မုံရွာအောင်ရှင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ ဆိုင်းဘုတ်များသည် ၂၀၂၀ ရွေးကောက်ပွဲအတွက်လည်း ဖြစ်ချင်ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

"အဲလိုဆိုင်းဘုတ်စိုက်ထူထားတာကတော့ အဲဒါကလည်း ကျွန်တော်တော့ ရွေးကောက်ပွဲအတွက်လည်း ကျွန်တော်တို့က ဖြစ်ချင်လည်း ဖြစ်သွားမှာပေါ့။ ဒီဟာကတော့ မပြောနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်ခေါင်းဆောင်ပဲလေ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရပ်တည်ကျမယ်ဆိုတာ ရွေးကောက်ပွဲအတွက်လည်း ကျွန်တော်တို့ ပါတာပေါ့ဗျ။ ဒေါ်အောင်ဆန်းစုကြည်လည်း ရွေးကောက်ပွဲဝင်မှာဆိုတော့ ဒီဆိုင်းဘုတ်က အကျုံးဝင်ပါတယ်။ ရွေးကောက်ပွဲက ဒေါ်စုလည်း ဝင်မှာပဲလေ ဒါအကျံုးဝင်တာပါပဲ" ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် စိုက်ထူထားသော ဆိုင်းဘုတ်များ၏ ကုန်ကျစရိတ်များကို မည်သူက ကျခံပါသနည်းဟု ရန်ကုန်ခေတ်သစ်သတင်းဌာနက မေးမြန်းသော အခါ မုံရွာအောင်ရှင်က ပါတီနှင့် ပြည်သူလူထုက ကျခံခြင်းဖြစ်ကြောင်း၊ မည်မျှကုန်ကျသည်၊ မည်သည့်ငွေကြေးကို သုံးစွဲသည်ဆိုသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

"ဘုတ်တွေစိုက်ထားတဲ့ အသုံးစရိတ်က အဲဒါကကျွန်တော်တို့ ပါတီကလုပ်တာလေ။ ပါတီကလုပ်တာ။ ပြည်သူလူထုကလုပ်တာလေ ပြည်သူကလုပ်တာလေ အဲတာကရွေးကောက်ပွဲဝင်တဲ့သူရဲ့ ဘားချက်ထဲမှာ မပါဘူးလေ။ ပြည်သူလူထုကလုပ်တဲ့ ဆိုင်းဘုတ်ပဲလေ ပြည်သူလူထုက အကုန်ခံပြီးလုပ်တာပဲလေ။ အခုဟာကရွေးကောက်ပွဲဘာမှတောင်မှ မကြေညာသေးတာ ဘယ်နေ့လုပ်မယ်။ ဘယ်နေ့ကစပြီးတော့ စပြီးတော့ မဲဆွယ်ခွင့်ရှိတယ်ဆိုတာတွေေတာင်မှ မကြေညာသေးတာပဲ။ ဒါကဆက်ပြီးတော့ ကျွန်တော်တို့က ဒီဆိုင်းဘုတ်ကတင်ထားမှာပါပဲ။ ဆိုင်းဘုတ်ကုန်ကျစရိတ်ကတော့ ဘယ်လောက်ထိရှိလဲ ကျွန်တော်မသိဘူး။ ဆိုင်းဘုတ်ကလည်း အရွယ်အစားအမျိုးမျိုးပဲလေ" ဟု မုံရွာအောင်ရှင်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ရန်ကုန်မြို့မှ နာမည်ရ ကြော်ငြာဆိုင်းဘုတ်ကုမ္ပဏီတစ်ခုကို ဆက်သွယ်၍ လမ်းဆုံလမ်းခွများတွင် စိုက်ထူထားသော ဆိုင်းဘုတ်များ၏ ကုန်ကျငွေ ၊ စရိတ်များကို မေးမြန်းရာ လမ်းဆုံလမ်းခွ၊ နေရာ၊ ဆိုင်းဘုတ်အရွယ်အစားကိုလိုက်၍ စျေးနှုန်းနှင့်ကုန်ကျစရိတ် အမျိုးမျိုးရှိကြောင်း၊ အနည်းဆုံး ၆ လစာအတွက် ငွေကျပ် သိန်း ၃၀၀ မှ သိန်းထောင်ချီအထိရှိကြောင်း၊ လက်ရှိ ရန်ကုန်မြို့တစ် ဝန်းလုံးတွင် စိုက်ထူထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ရပ်တည်သည်ဆိုသော ဆိုင်းဘုတ်များအားလုံး၏ ကုန်ကျစရိတ်နှင့် နှုန်းထားသည် လစဉ် ငွေကျပ် သိန်းထောင်ချီ ကုန်ကျလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။

လူစည်ကားရာ လမ်းဆုံ လမ်းခွများတွင် စိုက်ထူထားသော ကြောြ်ငာဆိုင်းဘုတ်များသည် ပုံမှန်အားဖြင့် အနည်းဆုံး ၆ လစာချုပ်ဖြင့် ငှားရမ်းထောင်ရလေ့ရှိပြီး အလျား ၄၅ပေ အနံ ၁၅ ပေရှိဆိုင်းဘုတ်ကြီး တစ်ခုလျှင် ၆လခန့် ဌားရမ်းမည်ဆိုလျှင် ငွေကျပ်သိန်း ၃ဝဝ ဝန်းကျင် ကုန်ကျစရိတ်ရှိကြောင်း အဆိုပါကုမ္ပဏီက ပြောသည်။

အဆိုပါ ကြော်ငြာ ဆိုင်းဘုတ်ကုမ္ပဏီက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ ခွင့်ပြုချက်ရယူ၍ ဆိုင်းဘုတ်လုပ်ငန်း လုပ်ကိုင်ရခြင်းဖြစ်၍ သတင်းရေးသားမည်ဆိုပါက ၎င်းတို့၏ အမည်ကို ထည့်သွင်းရေးသားခြင်းမပြုရန် မေတ္တာရပ်ခံသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကမူ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်သည်ဆိုသော ဆိုင်းဘုတ်များ မည်မျှကြာအောင် စိုက်ထူထားမည်ကို မသိရှိသည့်အပြင် ဆိုင်းဘုတ်ကုန်ကျသည့် ငွေကြေးကိစ္စကိုလည်း စည်ပင်နှင့် ကြော်ငြာ ဆိုင်းဘုတ်ကုမ္ပဏီများအကြား မည်သို့ရှင်းလင်းမည်ကို မသိရှိဟုဆိုသည်။

"ဘယ်နှလလောက် စိုက်ထားမှာလည်း ဆိုတာ မြို့တော်စည်ပင်ပဲသိမှာပေါ့။ ကျွန်တော်သိသလောက်ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ဆိုင်းဘုတ်တွေထောင်တယ်။ အသေးလည်းပါတယ်။ အကြီးလည်းပါတယ်။ ဒီကိစ္စကော ဘယ်လိုအနေအထားလည်း ကျွန်တော်သိသလောက်တော့ ဘဏ္ဍာရေးနှစ်အလိုက် စည်ပင်ကကြော်ငြာဆိုင်းဘုတ်ေတွက ထောင်ချင်တိုင်း ထောင်လို့မရဘူး။ သူတို့က ကန်ထရိုက်ယူထားပြီးသားလေ။ အဲက ကန်ထရိုက်သူတို့နဲ့ ဘယ်လိုနားလည်းမှုယူတာလည်း အဓိကကတော့ ကျွန်တော်ထင်တယ် အဲကန်ထရိုက်က လုပ်ငန်းရှင်ဆိုတော့ ကျွန်တော်ထင်တယ်။ အဓိကက သူတို့ကျေနပ်မှာ မဟုတ်ဘူး။ လုပ်ငန်းရှင်ဆိုတော့ ဘာပဲကြော်ငြာ ကြော်ငြာ ဒီဆိုင်းဘုတ်အကြီးကြီးကို သူဝင်ငွေလိုချင်မှာပေါ့။ ကျွန်တော်သိသလောက်ဆိုရင် အဲအနေအထားပဲရှိတယ်။ ကျန်တဲ့ ဆိုင်းဘုတ်တွေ ဘယ်လောက်ကြာအောင် စိုက်မှာလည်း ကျွန်တော်မသိဘူး။ ငွေဝင်ခွန်ရမရ ဘယ်သူကပေးဆောင်လည်း ပါတီကပေးဆောင်တာလား။ ဘယ်လိုအခြေအနေဆိုတာကတော့ ကြော်ငြာဌာနပဲလှမ်းမေးတော့" ဟု ဦးကျော်ဇေယျက ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်သည်ဆိုသော ဆိုင်းဘုတ်များနှင့်ပတ်သက်၍ ငွေကြေးကိစ္စ အပါအဝင် တစ်စုံတစ်ခုမှ မသိရှိဟုဆိုသည်။

"အဲတာတွေတော့ ကျွန်မတော့မသိဘူး။ အဲဒါ ထောင်ထားတဲ့ ဌာနတွေကိုမေးမှပဲသိမယ်။ ဌာနလား ကုမ္ပဏီလားတော့ မသိဘူး" ဟု ရှင်းပြသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှ စိုက်ထူခဲ့သော ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ ရပ်တည်သည် ဆိုသော ဆိုင်းဘုတ်များသည် ၃ လနီးပါး ကြာမြင့်လာသည်အထိ ဖြုတ်ချခြင်းမရှိသေးဘဲ ဆက်လက် ထားရှိနေခြင်း၏ နောက်ကွယ်တွင် ICJ တရားရုံးတွင် တရားရင်ဆိုင်ရန်အတွက်လား၊ လာမည့် ရွေးကောက်ပွဲ အတွက် မဲဆွယ်သည့် နည်းလမ်းတစ်ခုလား မရှင်းလင်းသော်လည်း ICJ သို့ သွားရောက်ရင်ဆိုင်မှုကို ရွေးကောက်ပွဲ အတွက် အသုံးချမှု ရှိကောင်းရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ သုံးသပ်ပြောဆိုသည်။

NLD ပါတီဘက်ကမူ အဆိုပါ ဆိုင်းဘုတ်များ မည်သည့်အချိန်တွင် ပြန်လည် ဖြုတ်ချမည်ကို သေချာ မသိရှိဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုထားသည်။

Photo By ရန်ကုန်ခေတ်သစ်

No comments:

Post a Comment

My Blog List