Wednesday, February 19, 2020

ကျောင်းသားသမဂ္ဂများ တရားဝင် ရပ်တည်ခွင့် အပါအဝင် အချက် ၅ ချက် တောင်းဆိုပြီး မရရှိလျှင် နိုင်ငံတစ်ဝန်း GTI ကျောင်းများတွင် ဆန္ဒပြမည်

Image may contain: one or more people and outdoor
မြန်မာနိုင်ငံတစ်ဝန်းရှိ စက်မှုလက်မှုသိပ္ပံကျောင်း (GTI) များတွင် ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့်ပြုရန် အပါအဝင် တောင်းဆိုချက် ၅ ချက်ကို ကန့်ဘလူ GTI ကျောင်းသားများသမဂ္ဂက တောင်းဆိုလိုက်ပြီး တောင်းဆိုချက် ၅ ချက်ကို သက်ဆိုင်ရာက မလိုက်လျောပါက နိုင်ငံတစ်ဝန်းGTI ကျောင်းများတွင် ဆန္ဒပြ သွားမည်ဖြစ်ကြောင်း ကန့်ဘလူ စက်မှုလက်မှု သိပ္ပံကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုစိုးလှနိုင်ကပြောဆိုသည်။

ဇန်နဝါရီလ ၂၅ရက်၊ ၂၆ရက်နှင့် ၂၇ရက်တို့တွင် မန္တလေးGTI တွင် မြန်မာတစ်နိုင်ငံလုံးရှိ GTI သမဂ္ဂများ တွေ့ဆုံပွဲကျင်းပခဲ့ပြီး GTI ကျောင်းသားသမဂ္ဂများတရားဝင်ဖွဲ့စည်းခွင့်ရရှိရေး၊ ကျောင်းအတွင်း လုံခြုံမှုရရှိစေရန် လုံခြံုရေးဝန်ထမ်းများ တိုးမြှင့်ခန့်အပ်ပေးရေး၊ ကျောင်းခေါ်ချိန် ၇၅ရာခိုင်နှုန်းပြည့်မှီမှ စားမေးပွဲဖြေဆိုခွင့်ပေးခြင်းကို ပြန်လည်ညှိနှိုင်းရေး၊ သင်ထောက်ကူပစ္စည်းများ လုံလောက်စွွာရရှိရေး၊ သင်ထောက်ကူပစ္စည်း လုံလောက်စွာမရရှိဘဲ GTI ကျောင်းအသစ်များဖွင့်လှစ်နေခြင်းကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းရေး ဆိုသော အချက် ၅ ချက်ကို ပညာရေးဝန်ကြီးဌာနထံသို့ တောင်းဆိုထားကြောင်း သိရှိရသည်။
“ အဲဒီတောင်းဆိုချက် ၅ချက်ကို တောင်းဆိုဖို့အတွက် အဲဒီတွေ့ဆုံပွဲကနေပဲ ကော်မတီ၅ခုဖွဲ့လိုက်တယ်။ အဲကော်မတီ ၅ခုကနေ ဝန်ကြီးဌာနနဲ့ ဦးစီးဌာန နှစ်ခုလုံံးကို တွေ့ဆုံညှိနှိုင်းဖို့အတွက် တစ်ပတ်အတွင်း အကြောင်းပြန်ပေးပါဆိုပြီးတော့ ကျွန်တော်တို့စာပို့ခဲ့တယ်။ ဒါပေမယ့် ဒီဝန်ကြီးဌာနနဲ့ ဦးစီဌာနနှစ်ရပ်လုံးက ယနေ့အချိန်အထိ ဘာမှအကြောင်းပြန်ခြင်းမရှိသေးဘူး။ ကျွန်တော်တို့နဲ့ တွေ့ဆုံညှိနှုင်းမှုမလုပ်ရင် တစ်နိုင်လုံးမှာရှိတဲ့ GTI ကျောင်းတွေ ဆန္ဒပြဖို့ရှိတယ်” ဟု ကိုစိုးလှနိုင်ကပြောဆိုသည်။
GTI ကျောင်းသားများ တောင်းဆိုထားသည့် အချက်များကို ပညာရေးဝန်ကြီးဌာနနှင့် နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာကတွေ့ဆုံညှိနှိုင်းရန် အကြောင်းပြန်ကြားခြင်း မရှိသောကြောင့် ကန့်ဘလူစက်မှုလက်မှုသိပ္ပံကျောင်းသားများသမဂ္ဂက စတင်ကာ ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ကျောင်းအတွင်းဆန္ဒဖော်ထုတ်ကြောင်း သိရှိရသည်။
“ ကျွန်တော်တို့ကျောင်းမှာဆိုရင် လုံခြုံရေးဆိုရင် တရားဝင်ခန့်ထားတာမဟုတ်ဘူး။ နေ့စားဖြစ်နေတယ်။ ကျွန်တော်တို့ လုံခြံုရေးဆိုရင် နေ့လုံခြံုရေးက တစ်ယောက်ပဲရှိတယ်။ ညလုံခြံုရေးက နှစ်ယောက်ရှိတယ်။ အဲမှာပျောက်တာတွေ ဘာတွေဆိုရင်လည်း ခဏခဏပဲ ပြီးရင် ဒီလုံခြံုရေးဝန်ထမ်း နေ့မှာ တစ်ယောက် ညမှာတစ်ယောက်တည်းနဲ့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့လုံခြံုတယ်လို့ မခံစားရဘူး။ သမဂ္ဂတွေ ပညာရေးဝန်ကြီးဌာနအောက်မှာ အဆင့်မြင့်ပညာဦးစီးဌာနရှိတယ်။ ကျွန်တော်တို့နည်းပညာသက်မွေးပညာနဲ့ လေ့ကျင့်ရေး ဦးစီးဌာနရှိတယ်။ အခြေခံပညာဦးစီးဌာနရှိတယ်။ ပြီးရင် ကျန်တဲ့ဦးစီးဌာနတွေရှိတယ်ဗျ။ အဲဒီမှာမှ ဝန်ကြီးဌာနက ညွန်ကြားလိုက်တဲ့အခါမှာ အဆင့့်မြင့်ပညာဦးစီးဌာနက သမဂ္ဂတွေ တရားဝင်ရပ်တည်ခွင့်ဖွဲ့ခွင့်ရှိတယ်ဆိုတဲ့ဟာကို အဆင့့်မြင့်ပညာဦးစီးဌာန တစ်ခုတည်းကပဲ ထုတ်တယ်။ ကျွန်တော်တို့ ဦးစီးဌာနက မထုတ်ဘူး။ အဲတော့ ကျောင်းအနေနဲ့ စကားပြောတဲ့အခါမှာ ကျွန်တော်တို့ မင်းတို့ကို တရားဝင်ဖွဲ့ခွင့်မရှိဘူး။ မင်းတို့ကို အထက်ကလည်း ညွန်ကြားထားတာမရှိဘူးဆိုတဲ့ စကားလုံးတွေနဲ့ ကိုင်ပေါက်တယ်။ သမဂ္ဂတွေ တရားဝင်ရပ်တည်ခွင့်ရရှိရေး ကျွန်တော်တို့ကို စာထုတ်ပေးဖို့အတွက် တောင်းဆိုတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။
အခြားသော တောင်းဆိုချက်များမှာလည်း ကျောင်းသားများနှင့် ညှိနှိုင်းဆောင်ရွက်ရန် အဓိက ထား တင်ပြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျောင်းခေါ်ချိန် ၇၅ရာခိုင်နှုန်းက ကျွန်တော်တို့တောင်းဆိုတာက ပြည့်အောင်တက်ရမယ်တော့ မဟုတ်ဘူး။ သူတို့က ကျောင်းခေါ်ချိန် ၇၅ရခိုင်နှုန်းမပြည့်ရင် စာမေးပွဲဖြေခွင့်မရှိဘူး။ တချို့ကျောင်းသားတွေဆိုရင်လည်း ၇၄ ရာခိုင်နှုန်းပဲ ရှိတဲ့ကျောင်းသားတွေလည်း စာမေးပွဲဖြေခွင့်မရတာတွေရှိတယ်။ အဲတာကို မတင်းကြပ်ဖို့ပေါ့။ ညှိနှိုင်းမှုနဲ့သွားမယ်ဆိုတဲ့သဘောပေါ့။ ကျွန်တော်တို့ နည်းပညာကျောင်းသားတွေဖြစ်တဲ့အတွက် ဒီသင်ထောက်ကူပစ္စည်းတွေ တကယ်လိုအပ်တယ်။ ဒီသင်ထောက်ကူ ပစ္စည်းတွေနဲ့ သင်ကြားမှ တစ်ကယ်အလုပ်လုပ်မှ တစ်ကယ်တက်မြောက်မှ ကျွန်တော်တို့က နည်းပညာကျောင်းသားလို့ ခံစားရမယ်။ ကျွန်တော်တို့က အခုကကျောင်းသားတော်တော်များများမှာ တကယ်တတ်မြောက်မှုမရှိဘူးပေါ့။ ခံစားနေရတယ်။ GTI ကျောင်းများဖောင်းပွမှုပြဿနာ သူတို့က ကျောင်းအသစ်တွေပဲဆောက်နေတယ်။ လက်ရှိရှိပြီးသားကျောင်းတွေတောင်မှ သင်ထောက်ကူပစ္စည်း လုံလုံလောက်လောက်မပေးနိုင်ဘဲနဲ့ ကျောင်းအသစ်တွေထပ်ဆောက်လည်း ကျွန်တော်တို့ဟာ အလကားပဲ” ဟု၎င်းကပြောဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂများသည် ကျောင်းအတွင်းဖြစ်ပေါ်နေသည့် ပွင့်လင်းမြင်သာမှုမရှိသောကိစ္စရပ်များ၊ စည်းမျဉ်းချိုးဖောက်ခံရသောကိစ္စရပ်များနှင့် ကျောင်းသားအခွင့်အရေး ဆုံးရှုံးနေမှုများကို တောင်းဆိုဆန္ဒပြမှုများ များပြားလာသော်လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့်မူ ပြည်သူများစိတ်ဝင်စားမှုမရှိလျှင် ဆန္ဒပြကျောင်းသားများနှင့် ညှိနှိုင်းမှု ပြုလုပ်ခြင်းမရှိဘဲ လျစ်လျူရှုများရှိနေ ကြောင်း ကျောင်းသားများက ပြောဆိုကြသည်။
Image may contain: one or more people, people standing and text
Image may contain: one or more people and people standing
Image may contain: one or more people and text
Image may contain: one or more people, people standing and text
Image may contain: one or more people, people standing and text
Photo Credit - ကန့်ဘလူ GTI

No comments:

Post a Comment

My Blog List