Thursday, February 20, 2020

၀န်ကြီးဌာနများနှင့်ပူးတွဲ အလုပ်လုပ်သော ဖက်စပ်ကုမ္ပဏီ ၄၀ တွင် ၂၄ ခုက အကျိုးအမြတ်မရမှုများ၊ အရှုံးပေါ်မှုများဖြစ်ပေါ်နေ

Image may contain: text
အစိုးရဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် စီးပွားရေးဖက်စပ်ကိုင်သော ဖက်စပ်ကုမ္ပဏီ ၄၀ ခုတွင် ၂၄ ခုမှာ အကျိုးအမြတ်ရရှိခြင်းမရှိခြင်း၊ အရှုံးပေါ်ခြင်းများ ဖြစ်ပေါ်နေေကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာအပေါ် လေ့လာသုံးသပ်ထားသည့် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ဖက်စပ်ကုမ္ပဏီ ၁ ခု ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဖက်စပ်ကုမ္ပဏီ ၅ ခု ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးက ကုမ္ပဏီ ၉ ခု၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက က ၄ ခု ၊ လျှပ်စစ်နှင့်စွမ်းအင်က ၉ ခု ၊ စက်မှုက ၃ ခု ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးက ၁ ခု ၊ ဆောက်လုပ်ရေးက ၆ ခု ၊ ဟိုတယ်နှင့်ခရီးသွားလာရေးက ၂ ခု စုစုပေါင်း ဖက်စပ်ကုမ္ပဏီ ၄၀ ရှိကြောင်း သိရှိရသည်။
ယင်းတို့အထဲတွင် အကျိုးအမြတ် ပြန်လည်ရရှိမှု ၅၀ ရာခိုင်နှုန်းထက်ကျော်လွန်သော ကုမ္ပဏီ ၈ ခု၊ ငွေစုဘဏ်အတိုးနှုန်း ၈ ရာခိုင်နှုန်းထက် ပိုမိုရရှိသော ကုမ္ပဏီ ၃ ခု နှင့်စာရင်းရှင်းလင်းဖျက်သိမ်းရန် စီစဉ် ဆောင်ရွက်နေသော ကုမ္ပဏီ ၅ ခုမှအပ ကျန် ၂၄ ခုလုံးမှာ အကျိုးအမြတ်အပြည့်အဝ ခံစားရမှု မရှိသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဓိက အကြောင်းအရင်းများအနေဖြင့် အမြတ်ရရှိသော်လည်း အတိုးနှုန်း ၈ ရာခိုင်နှုန်းထက် နည်းနေခြင်း၊ အမြတ်ရရှိသော်လည်း အရှုံးငွေကို မကာမိခြင်း၊ ခွဲဝေမှု မပြုနိုင်ခြင်း ၊ အချို့ ဖက်စပ်ကုမ္ပဏီများမှာ အရှုံးပေါ်နေခြင်း၊ စီးပွားဖြစ် မစတင်နိုင်ခြင်း အပါအဝင် အကြောင်းအရာများကြောင့် ဖြစ်သည်ဟု သိရှိရသည်။
အကျိုးအမြတ်ရရှိရန် အကြံပြုချက် များ အစီရင်ံခံစာတွင် ဖော်ပြထားပြီး အကျိုးအမြတ်ရရှိနေသော ကုမ္ပဏီများအနေဖြင့် ဆက်လက်အောင်မြင်ရန် ဆောင်ရွက်ခြင်း၊ အရှုံးပေါ်ပြီး အကျိုးအမြတ်မရှိသေးသည့် ကုမ္ပဏီများအေနဖြင့် ပကတိအခြေအနေကို စနစ်တကျလေ့လာပြီး ကြိုးပမ်းဆောင်ရွက်ခြင်း၊ အပါအဝင် အကြံပြုချက်များစွာ ပါဝင်သည်။

No comments:

Post a Comment

My Blog List