Monday, February 17, 2020

နိုင်ငံတော်သို့အကြွေးမပေးဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် မွေးမြူရေးလုပ်ငန်းရှင်များကို တရားခံပြေးအဖြစ်ကြေညာထားကြောင်းသိရ

Image may contain: text that says 'နိုင်ငံတော်သို့ အကြွေးမပေးဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးအဖြစ် ကြေညာထားကြောင်းသိရ အမြန်ဆုံးဖမ်းမိနိုင်ရေး ရဲချုပ်ရုံးနှင့် ဆက်သွယ်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေဟုဆို'

နိုင်ငံတော်သို့ ပေးရမည့်အကြွေးအားမပေးဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် မွေးမြူရေးလုပ်ငန်းရှင်၃၀ကျော်ကို တရားရုံးအသီးသီးက တရားခံပြေးများအဖြစ်ကြေညာထားကြောင်းသိရသည်။
တရားခံပြေးများအဖြစ်ကြေညာခံထားရသည့်လုပ်ငန်းရှင် ၃၀ကျော်သည် ရာဇဝတ်ကြောင်းအရ တရားစွဲခံထားရပြီး ရုံးတော်က စီရင်ချက်ချပြီးသူများဖြစ်သည်ဟုသိရသည်။

နိုင်ငံတော်ရရန်ရှိသည့် မွေးမြူရေးအစာကြွေးများမှာ ၁၉၉၅-၁၉၉၆ မှ အကြွေးစနစ်ဖြင့်စတင်ရောင်းချခဲ့သည့် မွေးမြူရေးအစာဖိုးများဖြစ်ကာ ၃၁-၃-၂၀၁၉ နေ့အထိ စာရင်းအရ ငွေကျပ်သန်းပေါင်း ၂၁၄၈၇.၆၂၉ ရှိပြီး၊သက်ဆိုင်ရာတရားရုံးအသီးသီးတွင် ရာဇဝတ်ကြောင်းအရ ၆၃မှု၊တရားမကြောင်းအရ ၅မှုဖြင့် တရားစွဲဆိုတောင်းဆိုထားသည်ဟုသိရသည်။

ရာဇဝတ်ကြောင်းအရအမှုများအပါအဝင် ၄၀ကျော်မှာ စီရင်ချက်ချပြီး၊ကျန်အမှုများမှာ စစ်ဆေးဆဲနှင့် အကြွေးပြန်ဆပ်၍ ရုပ်သိမ်းလိုက်သည့်အမှု ၂မှုရှိသည်ဟုသိရသည်။

ရာဇဝတ်ကြောင်းအရ စီရင်ချက်ချခံရပြီးသည့် အမှု ၃၈မှုထဲမှ အကြွေးအများဆုံးပေးရန် ရှိနေသည့် ၆မှုမှ တရားခံများသည် အကြွေးပေးပါမည်ဆိုသည့် ဝန်ခံချက်လုပ်ခဲ့သဖြင့် ရာဇဝတ်ကြောင်းအမှုမှ တရားမကြောင်းအမှုသို့ ပြောင်းရွှေ့ လိုက်သည်ဟုလည်းသိရသည်။

အဆိုပါ လုပ်ငန်းရှင် ၆ဦးသည် ငွေကျပ်သန်းပေါင်း ၂၀၀၀၀ကျော်ပေးရမည့်သူများဖြစ်ပြီး ရာဇဝတ်မှုဖြင့် တရားစွဲခံရစဉ် ပေးရမည့်အကြွေး၏ ၂၈ရာခိုင်နှုန်းကျော်ကို ပေးခဲ့ကြသော်လည်း တရားမမှုအဖြစ်ပြောင်းပြီးနောက်ပိုင်း ကြွေးကျန်၏ ၁.၆၅ရာခိုင်နှုန်းကိုသာ ပေးခဲ့သည်ကို စာရင်းစစ်ချုပ်အစီရင်ခံစာအရသိရသည်။

၎င်းတို့၏ ကြွေးကျန်မှာ ကျပ်သန်းပေါင်း ၁၄၄၃၄.၄၅၉ ရှိနေကြောင်း စာရင်းစစ်ချုပ်ရုံးက စိစစ်တွေ့ရှိခဲ့ရသည်။

အထက်ပါအချက်အလက်များကို ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၈ဧပြီလမှ စက်တင်ဘာလ ၆လအထိ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာ ဒုတိယတွဲအရသိရှိရခြင်းဖြစ်သည်။

ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List