Monday, February 17, 2020

ရန်ကုန်မြို့၏ လေထုအရည်အသွေး ကျန်းမာရေး ထိခိုက်နိုင်ခြေမရှိဟုဆို


Image may contain: car and outdoor
ရန်ကုန်မြို့၏ လေထုအရည်အသွေးအဆင့်သည် ဖေဖော်ဝါရီ ၁၅ ရက်အထိ တိုင်းတာချက်များအရ အလယ်အလတ် အဆင့်သာရှိသောကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်ခြေမရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကမ္ဘာအေးစခန်းမှ တိုင်းတာရရှိသည့် အချက်အလက်များအရ ရန်ကုန်မြို့၏ လေထုအရည်အသွေးသည် AQI တန်ဖိုး ၈၄ အဆင့်ရှိပြီး ၅၀ နှင့် ၁၀၀ ကြားသာ ဖြစ်သည့်အတွက် စိုးရိမ်စရာအခြေအနေ မဟုတ်ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောဆိုသည်။

'အဓိကကတော့ လေအရည်အသွေးတိုင်းတာ နှစ်မျိုးရှိပါတယ်။ အချိန်ပိုင်း တိုင်းတာမျိုးလည်းရှိတယ်။အသွားအလာများတဲ့ အချိန်ပိုင်းတစ်ခုကိုပဲ တိုင်းတာပြီး ယူလို့မရပါဘူး။ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းအရ လေအရည်အသွေး တိုင်းမယ်ဆိုရင် ၂၄ နာရီ တိုင်းရတာ ဖြစ်ပါတယ်။ ၂၄ နာရီကို လအလိုက်၊ နှစ်အလိုက် သွားရတဲ့အနေအထားပါ။ ဒါပေမဲ့ ပြည်သူတွေ လေအရည်အသွေးနဲ့ ပတ်သက်ရင် စိုးရိမ်မှုဖြစ်မှာ စိုးတဲ့အတွက် တိုင်းတာရရှိတဲ့ အချက်အလက်ကို ဖေဖော်ဝါရီ ၆ ရက်မှစပြီး ထုတ်ပြန်ခဲ့တယ်။ ရရှိတဲ့အချက်အလက်အရလည်း ၅၀ နဲ့ ၁၀၀ ကြားမှာ ရှိတဲ့အတွက် ကျန်းမာရေးကိုထိခိုက်နိုင်တဲ့ အနေအထားမရှိပါဘူး'ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ယခု ဖေဖော်ဝါရီလဆန်းပိုင်းတွင် NGO အဖွဲ့အစည်းတစ်ခုက လေအရည်အသွေးကို လူစည်ကားသည့် အချိန်ပိုင်းတစ်ခုတွင် တိုင်းတာပြီးရရှိလာသည့် အချက်အလက်များအရ အန္တရာယ်အဆင့် ရောက်ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည့်အတွက် ပြည်သူလူထုအနေဖြင့် သတိထားမိလာပြီး စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သောကြောင့် မိုး/ဇလအနေဖြင့် ဖေဖော်ဝါရီ ၆ ရက်မှ စတင်ကာ နေ့စဉ်တိုင်းတာရရှိသည့် ရန်ကုန်မြို့၏ လေအရည်အသွေး (PM2.5) အခြေအနေများကို ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

'ဒီလို တိုင်းတာပြီး သတင်းထုတ်တဲ့အခါ ရန်ကုန်မြို့ရဲ့ လေအရည်အသွေးဟာ ဗန်ကောက်တို့၊ ပေကျင်းတို့ထက် ပိုဆိုးနေတဲ့ ပုံစံမျိုးထုတ်ပြန်ပါတယ်။ အမှန်တော့ ဗန်ကောက်တို့၊ ပေကျင်းတို့ဟာ ကျွန်တော်တို့ထက် အများကြီးဆိုးတဲ့ နေရာဒေသတွေဖြစ်ပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ပညာရှင်တွေက ပြန်ပြီးဖြေကြားထားတာ ရှိပါတယ်'ဟု ဦးကျော်မိုးဦးက ပြောဆိုသည်။

ယခင္က မိုး/ဇလ အနေဖြင့် လေအရည်အသွေး တိုင်းတာပြီး ရရှိသည့် report များကို East Asia Network Center of Acid Deposition အဖွဲ့သို့ ခြောက်လတစ်ကြိမ်၊ တစ်နှစ် တစ်ကြိမ်ပေးပို့၍ စစ်ဆေးခဲ့ရာ အဆိုပါ အချက်အလက်များကို ကမ္ဘာ့မိုးလေဝသအဖွဲ့က ပြန်လည် အကြောင်းပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

'သူတို့ဆီက နိုင်ငံအလိုက် report ပေးတဲ့အခါမှာလည်း ကျွန်တော်တို့ နိုင်ငံကများတဲ့အထဲမပါပါဘူး။ အလယ်အလတ် အဆင့်လောက်ပဲရှိတယ်။ ကျွန်တော်တို့ အနေနဲ့ အရင်ကတည်းက တိုင်းတာနေပေမယ့် မထုတ်ပြန်ဘူး။ စိုးရိမ်စရာ အခြေအနေမျိုးမဟုတ်တဲ့ အတွက်ပါ။ အခုကတော့ အဖွဲ့အစည်းတစ်ခုက ကြေညာလိုက်တဲ့အတွက် ပြည်သူတွေ သိရှိအောင်၊ စိုးရိမ်မှု မဖြစ်ရလေအောင် ထုတ်ပြန်ပေးနေခြင်း ဖြစ်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။ မိုး/ဇလအနေဖြင့် လက်ရှိတွင် ကမ္ဘာအေးမိုးလေဝသစခန်း၌ တိုင်းတာရေးစက်တပ်ဆင်၍ ရန်ကုန်မြို့အတွက် လေထုအရည်အသွေးတိုင်းတာ ပေးလျက်ရှိရာ ကီလိုမီတာ ၅၀ အတွင်း လေထုအရည်အသွေးကို တိုင်းတာနိုင်သည့်အတွက် ရန်ကုန်မြို့ တစ်ခုလုံးကို လွှမ်းခြုံတိုင်းတာနိုင်ကြောင်း သိရသည်။

'ဒီလိုမျိုး လေအရည်အသွေးစက်တွေကို မြို့နယ်တိုင်းတပ်ဆင်နိုင်ရင်တော့ ပိုပြီး အချက်အလက်ရမယ်။ ဒီတိုင်းတာမှုနဲ့ ပတ်သက်ပြီး နောက်ထပ်တိုးမယ့် အစီအစဉ်တွေလည်း ကျွန်တော်တို့ မှာ ရှိပါတယ်။ နောက်ထပ်ဘဏ္ဍာနှစ်မှာ ရွေ့လျားအရည်အသွေး တိုင်းတာစက်တွေနဲ့ တိုင်းတာနိုင်အောင် ဆောင်ရွက်နေတာတွေ ရှိပါတယ်'ဟု ဦးကျော်မိုးဦးက ပြောဆိုသည်။ လက်ရှိ၌ မန္တလေးမြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတွင် ဂျပန်နိုင်ငံက လှူဒါန်းထားသည့် လေအရည်အသွေး တိုင်းတာရေးစက်တစ်လုံးရှိပြီး လာမည့် ၂၀၂၁ ခုနှစ်တွင်လည်း အဆိုပါတိုင်းတာရေးစက်ကို နေပြည်တော်၌ ထပ်မံတပ်ဆင်သွားရန်ရှိကာ ဘဏ္ဍာနှစ်တိုင်းတွင် တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ - စိုးစိုးစံ

(Unicode Version)
ရန်ကုန်မြို့၏ လေထုအရည်အသွေး ကျန်းမာရေး ထိခိုက်နိုင်ခြေမရှိဟုဆို

ရန်ကုန်မြို့၏ လေထုအရည်အသွေးအဆင့်သည် ဖေဖော်ဝါရီ ၁၅ ရက်အထိ တိုင်းတာချက်များအရ အလယ်အလတ် အဆင့်သာရှိသောကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်ခြေမရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကမ္ဘာအေးစခန်းမှ တိုင်းတာရရှိသည့် အချက်အလက်များအရ ရန်ကုန်မြို့၏ လေထုအရည်အသွေးသည် AQI တန်ဖိုး ၈၄ အဆင့်ရှိပြီး ၅၀ နှင့် ၁၀၀ ကြားသာ ဖြစ်သည့်အတွက် စိုးရိမ်စရာအခြေအနေ မဟုတ်ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောဆိုသည်။

'အဓိကကတော့ လေအရည်အသွေးတိုင်းတာ နှစ်မျိုးရှိပါတယ်။ အချိန်ပိုင်း တိုင်းတာမျိုးလည်းရှိတယ်။အသွားအလာများတဲ့ အချိန်ပိုင်းတစ်ခုကိုပဲ တိုင်းတာပြီး ယူလို့မရပါဘူး။ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းအရ လေအရည်အသွေး တိုင်းမယ်ဆိုရင် ၂၄ နာရီ တိုင်းရတာ ဖြစ်ပါတယ်။ ၂၄ နာရီကို လအလိုက်၊ နှစ်အလိုက် သွားရတဲ့အနေအထားပါ။ ဒါပေမဲ့ ပြည်သူတွေ လေအရည်အသွေးနဲ့ ပတ်သက်ရင် စိုးရိမ်မှုဖြစ်မှာ စိုးတဲ့အတွက် တိုင်းတာရရှိတဲ့ အချက်အလက်ကို ဖေဖော်ဝါရီ ၆ ရက်မှစပြီး ထုတ်ပြန်ခဲ့တယ်။ ရရှိတဲ့အချက်အလက်အရလည်း ၅၀ နဲ့ ၁၀၀ ကြားမှာ ရှိတဲ့အတွက် ကျန်းမာရေးကိုထိခိုက်နိုင်တဲ့ အနေအထားမရှိပါဘူး'ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ယခု ဖေဖော်ဝါရီလဆန်းပိုင်းတွင် NGO အဖွဲ့အစည်းတစ်ခုက လေအရည်အသွေးကို လူစည်ကားသည့် အချိန်ပိုင်းတစ်ခုတွင် တိုင်းတာပြီးရရှိလာသည့် အချက်အလက်များအရ အန္တရာယ်အဆင့် ရောက်ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည့်အတွက် ပြည်သူလူထုအနေဖြင့် သတိထားမိလာပြီး စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သောကြောင့် မိုး/ဇလအနေဖြင့် ဖေဖော်ဝါရီ ၆ ရက်မှ စတင်ကာ နေ့စဉ်တိုင်းတာရရှိသည့် ရန်ကုန်မြို့၏ လေအရည်အသွေး (PM2.5) အခြေအနေများကို ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

'ဒီလို တိုင်းတာပြီး သတင်းထုတ်တဲ့အခါ ရန်ကုန်မြို့ရဲ့ လေအရည်အသွေးဟာ ဗန်ကောက်တို့၊ ပေကျင်းတို့ထက် ပိုဆိုးနေတဲ့ ပုံစံမျိုးထုတ်ပြန်ပါတယ်။ အမှန်တော့ ဗန်ကောက်တို့၊ ပေကျင်းတို့ဟာ ကျွန်တော်တို့ထက် အများကြီးဆိုးတဲ့ နေရာဒေသတွေဖြစ်ပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ပညာရှင်တွေက ပြန်ပြီးဖြေကြားထားတာ ရှိပါတယ်'ဟု ဦးကျော်မိုးဦးက ပြောဆိုသည်။

ယခင်က မိုး/ဇလ အနေဖြင့် လေအရည်အသွေး တိုင်းတာပြီး ရရှိသည့် report များကို East Asia Network Center of Acid Deposition အဖွဲ့သို့ ခြောက်လတစ်ကြိမ်၊ တစ်နှစ် တစ်ကြိမ်ပေးပို့၍ စစ်ဆေးခဲ့ရာ အဆိုပါ အချက်အလက်များကို ကမ္ဘာ့မိုးလေဝသအဖွဲ့က ပြန်လည် အကြောင်းပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

'သူတို့ဆီက နိုင်ငံအလိုက် report ပေးတဲ့အခါမှာလည်း ကျွန်တော်တို့ နိုင်ငံကများတဲ့အထဲမပါပါဘူး။ အလယ်အလတ် အဆင့်လောက်ပဲရှိတယ်။ ကျွန်တော်တို့ အနေနဲ့ အရင်ကတည်းက တိုင်းတာနေပေမယ့် မထုတ်ပြန်ဘူး။ စိုးရိမ်စရာ အခြေအနေမျိုးမဟုတ်တဲ့ အတွက်ပါ။ အခုကတော့ အဖွဲ့အစည်းတစ်ခုက ကြေညာလိုက်တဲ့အတွက် ပြည်သူတွေ သိရှိအောင်၊ စိုးရိမ်မှု မဖြစ်ရလေအောင် ထုတ်ပြန်ပေးနေခြင်း ဖြစ်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။ မိုး/ဇလအနေဖြင့် လက်ရှိတွင် ကမ္ဘာအေးမိုးလေ၀သစခန်း၌ တိုင်းတာရေးစက်တပ်ဆင်၍ ရန်ကုန်မြို့အတွက် လေထုအရည်အသွေးတိုင်းတာ ပေးလျက်ရှိရာ ကီလိုမီတာ ၅၀ အတွင်း လေထုအရည်အသွေးကို တိုင်းတာနိုင်သည့်အတွက် ရန်ကုန်မြို့ တစ်ခုလုံးကို လွှမ်းခြုံတိုင်းတာနိုင်ကြောင်း သိရသည်။

'ဒီလိုမျိုး လေအရည်အသွေးစက်တွေကို မြို့နယ်တိုင်းတပ်ဆင်နိုင်ရင်တော့ ပိုပြီး အချက်အလက်ရမယ်။ ဒီတိုင်းတာမှုနဲ့ ပတ်သက်ပြီး နောက်ထပ်တိုးမယ့် အစီအစဉ်တွေလည်း ကျွန်တော်တို့ မှာ ရှိပါတယ်။ နောက်ထပ်ဘဏ္ဍာနှစ်မှာ ရွေ့လျားအရည်အသွေး တိုင်းတာစက်တွေနဲ့ တိုင်းတာနိုင်အောင် ဆောင်ရွက်နေတာတွေ ရှိပါတယ်'ဟု ဦးကျော်မိုးဦးက ပြောဆိုသည်။ လက်ရှိ၌ မန္တလေးမြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတွင် ဂျပန်နိုင်ငံက လှူဒါန်းထားသည့် လေအရည်အသွေး တိုင်းတာရေးစက်တစ်လုံးရှိပြီး လာမည့် ၂၀၂၁ ခုနှစ်တွင်လည်း အဆိုပါတိုင်းတာရေးစက်ကို နေပြည်တော်၌ ထပ်မံတပ်ဆင်သွားရန်ရှိကာ ဘဏ္ဍာနှစ်တိုင်းတွင် တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ - စိုးစိုးစံ

No comments:

Post a Comment

My Blog List