Thursday, February 20, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် ထန်တလန်မြို့နယ်တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

Image may contain: 5 people, child
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့တွင် ချင်းပြည်နယ် တွန်းဇံမြို့နယ် နှင့် ထန်တလန်မြို့နယ်တို့မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံဖွင့်ပွဲနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းသော နေအိမ်အလုံး (၅၀) ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်သည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်း သိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် နေပြည်တော် မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မြို့မိမြိုဖများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ကလေးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကလေးမြို့မှတစ်ဆင့် ရဟတ် ယာဉ်များဖြင့် ချင်းပြည်နယ် တွန်းဇံမြို့သို့ ရောက်ရှိကြရာ ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့က ရိုးရာယဉ်ကျေးမှု အကများဖြင့် လည်းကောင်း၊ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူလေးများက နိုင်ငံတော်အလံငယ်များကို ဝှေ့ရမ်း၍ လည်းကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချင်းပြည်နယ် တွန်းဇံမြို့ရှိ ချင်းရွှေပြည်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပထမဦးဆုံးအနေနဲ့ ကျွန်မတို့နောက်ကျတဲ့အတွက်တောင်းပန်ပါတယ်။ရာသီဥတုကြောင့်ကလေးမြို့ကနေရဟတ်ယာဉ်ထွက်တာနောက်ကျပါတယ်။ဒီလိုခရီးသွားတဲ့အခါအထူးသဖြင့်ဝေးလံခေါင်သီတဲ့အရပ်ဒေသတွေကိုသွားရင် ရာသီဥတုအခြေအနေကိုကြည့်ပြီးကျွန်မတို့လုပ်ရပါတယ်။ဒါဟာကျွန်မတို့အားလုံးသင်ခန်းစာယူစရာတစ်ခုပါ။သဘာဝကဖြစ်ပေါ်တဲ့ကိစ္စတွေကိုကျွန်မတို့ကပြောင်းလို့မရပါဘူး။ပြောင်းလို့မရတဲ့အခါကျတော့ဒါတွေကိုကျွန်မတို့ကျော်လွှားဖို့လိုပါတယ်။ဒါကြောင့်ချင်းပြည်နယ်လိုနယ်စပ်ဒေသ အင်မတန်ဝေးလံခေါင်သီတဲ့နေရာမှာဘဝကကြမ်းကြမ်းတမ်းတမ်းနဲ့ရင်ဆိုင်ရတဲ့နေရာတွေကိုအထူးဖွံ့ဖြိုးတိုးတက်ဖို့လုပ်ပေးနေပါတယ်။ဒီလိုလုပ်မှလည်းကျွန်မတို့နိုင်ငံဟာပိုပြီး၊ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးဆက်သွယ်မှုရှိလာမှာပါ။
ချင်းပြည်နယ်မှာဆိုရင်တောင်တန်းတွေ၊ အတက်အဆင်းတွေက အလွန်များပါ တယ်။လမ်းပန်းဆက်သွယ်ရေးက နည်းပါးပါတယ်။ ဒါကြောင့်ချင်းပြည်နယ်ရဲ့လမ်းပန်းဆက်သွယ်ရေးကိုအထူး အလေးထားပြီး လုပ်နေပါတယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံက ကျယ်ပြန့်တဲ့ အတွက် တစ်နိုင်ငံလုံးကို မျှမျှတတဖြစ်အောင် လုပ်ရပါ တယ်။ အဲဒါကိုကျွန်မတို့တိုင်းရင်းသားတွေ အားလုံးက နားလည်မှု ပေးစေချင်ပါတယ်။
ကျွန်မတို့အနေနဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို တိုးတက်ဖွံ့ဖြိုးစေချင် ပါတယ်။ချင်းပြည်နယ်မှာဆိုရင် ချင်းတိုင်းရင်းသားတွေက လိုအပ်ချက်တွေ ကိုပိုပြီးသိကြပါတယ်။ကျွန်မတို့အနေနဲ့ ချင်းပြည်နယ်ရဲ့ လိုအပ်ချက်ကိုလည်းသိရမယ်၊ကချင်ပြည်နယ်ရဲ့လိုအပ်ချက်ကိုလည်းသိရမယ်။ကရင်၊ကယားစသဖြင့်အားလုံးကိုခြုံငုံပြီးကြည့်ရပါတယ်။ဒါကြောင့်ဒေသခံတွေနဲ့တွေ့တဲ့အခါကျွန်မမကြာခဏ ဆိုသလိုမျိုး အခွင့် အခါသာတိုင်း ကျွန်မတို့နိုင်ငံဟာပြည်ထောင်စုပါ ဆိုတာကို သတိပေးပါတယ်။
ပြည်ထောင်စုဆိုတာပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေနဲ့ စုပေါင်းပြီး ဖွဲ့ထားတာပါ။အထူးသဖြင့်ကျွန်မတို့ရဲ့နိုင်ငံဟာတိုင်းရင်းသားများစွာနဲ့ဖွဲ့ထားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒီလိုမတူညီတဲ့တိုင်းရင်းသားတွေနဲ့ဖွဲ့စည်းနိုင်တယ်ဆိုတာကိုကကျွန်မတို့ရဲ့အင်အားပါ။ကျွန်မတို့ဂုဏ်ယူရမယ့်ကိစ္စတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမတူညီတဲ့ တိုင်းရင်းသားတွေ နဲ့ ထူထောင် ထားတဲ့နိုင်ငံဖြစ်တာကိုကျွန်မတို့ ဂုဏ်ယူစေချင်ပါတယ်။ ဒီလိုနိုင်ငံအနေနဲ့တိုးတက်အောင်လို့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ၊ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေ အားလုံးက ဝိုင်းဝန်းပြီး ကူညီပေး စေချင်ပါတယ်။
နိုင်ငံတိုးတက်ဖို့အဓိကလိုအပ်ချက်က ငြိမ်းချမ်းရေးပဲဆိုတာ အများ အသိဖြစ်မှာပါ။ချင်းပြည်နယ်ဟာတခြားပြည်နယ်တွေနဲ့စာရင်လက်နက်ကိုင်အဖွဲ့တွေနည်းခဲ့ပါတယ်။ နည်းခဲ့တဲ့အတွက် ပြည်သူတွေက ဒီလောက် ဒုက္ခမရောက်ခဲ့ပါဘူး။ တချို့ပြည်နယ်တွေမှာ လက်နက်ကိုင် တိုက်ခိုက်နေတာ လွတ်လပ်ရေးရကတည်းကစခဲ့တာ အနှစ် ၇၀ ကျော်ပါပြီ ခုထက်ထိငြိမ်းချမ်းရေးမရသေးပါဘူး။ ဒါကြောင့် ကျွန်မတို့ အားလုံးငြိမ်းချမ်းရေးရအောင်လို့ ဝိုင်းဝန်းပြီး လုပ်စေချင်ပါတယ်။ ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုတာ ကပြည်သူပြည်သားတွေ အားလုံး ပါဝင်မှဖြစ်မှာပါ။
ကျွန်မတို့နိုင်ငံဟာစောစောကပြောသလိုတိုင်းရင်းသားများစွာနဲ့ဖွဲ့ထားတဲ့နိုင်ငံဖြစ်ပါတယ်။ကိုးကွယ်တဲ့ဘာသာတွေကလည်းမတူပါဘူး။ချင်းပြည်နယ်မှာခရစ်ယာန်ဘာသာဝင်တွေအများကြီးရှိပါတယ်။ဒါပေမယ့်ခရစ်ယာန်ဘာသာမှာဂိုဏ်းတွေကအမျိုးမျိုးရှိပြီး အားလုံးကိုးကွယ်တာ တစ်ခုတည်းပါ။ဘုရားသခင်တစ်ပါးတည်းကိုကိုးကွယ်တာကြောင့်ခရစ်ယာန်တွေအားလုံးဟာညီညီညွတ်ညွတ်ရှိကြမှာပါ။ဒီအတိုင်းပဲကျွန်မတို့ရဲ့ တိုင်းရင်းသားတွေဟာ မတူညီကြဘူးဆိုပေမယ့်လည်း ပြည်ထောင်စု တစ်ခုရဲ့သားသမီးတွေဖြစ်တာမို့ညီညီညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံး နေဖို့အင်မတန်မှအရေးကြီးပါတယ်။
နိုင်ငံအတွက်အထူးသဖြင့် ငြိမ်းချမ်းရေးက အရေးကြီးတဲ့အတွက် ငြိမ်းချမ်းရေးကိုနှလုံးသွင်းပြီးကျွန်မတို့ရဲ့ပြည်ထောင်စုဖွား တိုင်းရင်းသားတွေက စဉ်းစားစေချင်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ချင်းပြည်နယ်မှာ အများစုဖြစ်တဲ့ ခရစ်ယာန်တွေကလည်း ငြိမ်းချမ်းရေးကို လိုချင်ကြပါတယ်။ အားလုံးအသိပါ ခရစ်တော်ဟာ ငြိမ်းချမ်းရေးရဲ့ သံတမန်တစ်ပါး၊ငြိမ်းချမ်းရေးရဲ့ မင်းကြီးဆိုပြီး ချီးမြှောက်ပြီးခေါ်ဆိုကြပါတယ် ။ဒီလိုငြိမ်းချမ်းရေးကို တကယ်ယုံကြည် တယ်ဆိုရင် စိတ်ထဲကနေစဖို့ဖြစ်ပါတယ်။ စိတ်ထဲကနေပြီး ငြိမ်းချမ်း ရေးကို စတယ်ဆိုတာတစ်ဦး အပေါ် တစ်ဦး မေတ္တာထားတာနဲ့ စရမှာပါ။
ခရစ်ယာန်ဘာသာမှာဆိုရင်ဘုရားသခင်သည်မေတ္တာတရားဖြစ်၏ဆိုပြီးပြောကြပါတယ်။ချစ်ခြင်းမေတ္တာကိုယုံကြည်ကိုးကွယ်သူများဟာငြိမ်းချမ်းရေးကိုလိုလားရမယ်၊ငြိမ်းချမ်းရေးကိုတန်ဖိုးထားရမယ်။ဒါကြောင့် ချင်းပြည်နယ်က ပြည်နယ်သူပြည်နယ်သားတွေ အားလုံး၊ မောင်နှမ သားချင်းတွေအားလုံးကိုငြိမ်းချမ်းရေးဘက်ကိုဦးတည်တဲ့လုပ်ငန်းတွေကိုတတ်နိုင်သမျှလုပ်ပေးကြပါလို့ကျွန်မကမေတ္တာရပ်ခံချင်ပါတယ်။ စောစောကပြောသလို စိတ်ထဲကနေ မေတ္တာတရားနဲ့စရာမှာပါ။ ငြိမ်းချမ်းရေးရဲ့ အဓိကရန်ဘက်က ဒေါသဖြစ်ပါတယ်။ ဒေါသဆိုတာ မလိုမုန်းတီးတဲ့စိတ်၊တခြားသူတွေရဲ့ အကျိုးစီးပွားကိုမလိုလားတဲ့ စိတ်ဒါတွေက ဒေါသစိတ်ဖြစ်ပါတယ်။
ကျွန်မတို့အားလုံးဟာတစ်ယောက်နဲ့တစ်ယောက် အကျိုးစီးပွားကို လိုလားမယ်ဆိုရင်ကျွန်မတို့နိုင်ငံဟာတိုးတက်မှုရှိမှာပါ။ လိုလို လားလားနဲ့လုပ်ဖို့ကျွန်မအနေနဲ့မေတ္တာရပ်ခံချင် ပါတယ်၊ တိုက်တွန်း ချင်ပါတယ်။နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးမရှိလို့ မဖြစ်ဘူး ဆိုတာကိုကျွန်မတို့အားလုံးသတိပြုမိဖို့လိုပါတယ်။ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ဒွန်တွဲနေပါတယ်။ငြိမ်းချမ်းရေးရှိမှ ဖွံ့ဖြိုး တိုးတက်ရေးကိုထိထိရောက်ရောက်ဖြစ်အောင် လုပ်နိုင်မှာပါ။ ဖွံ့ဖြိုး တိုးတက်မှုရှိမှငြိမ်းချမ်းရေးကိုဆက်လက်ပြီး ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်လူသားတွေ အားလုံးက ရုပ်ပိုင်းဆိုင်ရာ ချမ်းချမ်းသာသာနေချင်တယ်။ စိတ်ပိုင်းဆိုင်ရာလည်း ချမ်းသာချင်ကြ တယ်။ ရုပ်ပိုင်းဆိုင်ရာချမ်းသာဖို့ဆိုတာ ပထမဦးဆုံးလိုအပ်ချက်က လုံခြုံရေးပဲဆိုတာကိုသတိပြုစေချင်ပါတယ်။
ကိုယ့်စိတ်မလုံခြုံဘဲနဲ့ကိုယ်နေထိုင်ရတာရုပ်ပိုင်းဆိုင်ရာအရမလုံခြုံဘဲနဲ့ဘယ်လိုမှစိတ်ချမ်းသာနိုင်မှာမဟုတ်ပါဘူး။ရုပ်ပိုင်းဆိုင်ရာလုံခြုံဖို့ဆိုတာလည်းငြိမ်းချမ်းရေးရှိဖို့လိုပါတယ်။ထိုနည်းလည်းကောင်းပဲစိတ်ပိုင်းဆိုင်ရာလုံခြုံဖို့ငြိမ်းချမ်းရေးလိုပါတယ်။ကိုယ့်ရဲ့ပတ်ဝန်းကျင်ကမအေးချမ်းဘူး၊မငြိမ်းချမ်းဘူးဆိုရင်ဘယ်လိုလုပ်ကိုယ့်စိတ်လုံခြုံမှုရှိနိုင်မှာလဲ။စိတ်ကအေးချမ်းနိုင်မှာမဟုတ်ဘူး၊လုံခြုံနိုင်မှာမဟုတ်ဘူး။ဒါကြောင့်မို့လို့ ကျွန်မတို့ အားလုံးလုံခြုံဖို့၊ စိတ်ချမ်းသာနဲ့ ကိုယ်ချမ်းသာရှိဖို့အတွက် ငြိမ်းချမ်းရေး ဟာ ပထမခြေလှမ်းဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ဒွန်တွဲပြီးကျွန်မတို့ဟာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အကောင်အထည် ဖော်သွားရမှာပါ။ ဒါနဲ့ပတ်သက်လို့ပြောရမယ် ဆိုရင် ကျွန်မဘယ်ပဲသွားသွား၊ ပြည်သူတွေနဲ့တွေ့တဲ့အခါ ပြည်သူတွေရဲ့ မေးခွန်းတွေ၊တင်ပြချက်တွေကိုတောင်းခံပါတယ်။ တောင်းခံရတဲ့ အကြောင်းရင်းက နိုင်ငံရဲ့နေရာဒေသအသီးသီးမှာ ဘယ်လိုပြဿနာတွေ ရှိနေလဲ၊ဘာလိုအပ်ချက်တွေရှိနေလဲ၊ပြည်သူတွေက ဘယ်လိုဆန္ဒတွေ ရှိလဲဆိုတာကို ကျွန်မတို့သိချင်လို့ဖြစ်ပါတယ်။ ဒါအစိုးရတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ အထူးသဖြင့်ပြည်သူကရွေးချယ် တင်မြှောက်ထားတဲ့ ဒီမိုကရေစီစနစ်အရပေါ်ပေါက်လာတဲ့အစိုးရရဲ့ တာဝန်တွေဟာ ပြည်သူတွေ ရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ပါ။ လိုအပ်ချက် တွေနဲ့ လိုလားချက်တွေက မတူဘူးဆိုတာကိုလည်း ကျွန်မသတိပေးချင် ပါတယ်။ လူတိုင်းလူတိုင်းက ကိုယ်ပိုင် လိုလားချက်တွေ၊ ဆန္ဒတွေ ရှိပါတယ်။
ကိုယ်လိုချင်တဲ့ ဆန္ဒအားလုံးဟာ လိုအပ်ချက်ရှိမှဖြစ်မှာပါ။ တစ်ခါ တစ်လေကိုယ်လိုချင်တဲ့ဆန္ဒဟာတစ်ခြားသူတွေအတွက် အကျိုးရှိချင်မှ ရှိမယ်။ကိုယ့်အတွက်၊ကိုယ့်အသိုက် အဝန်းအတွက် အကျိုးရှိချင်မှ ရှိလိမ့်မယ်။တစ်ခြားသူတွေအတွက်အကျိုးယုတ်စေတဲ့ ကိစ္စတွေ ဖြစ်နိုင်ပါတယ်။ဒါတွေကိုလည်းကျွန်မတို့တစ်ချိန်လုံးချင့်ချိန်ရမှာ ဖြစ်ပါတယ်။
အထူးသဖြင့်ဒီမိုကရေစီအစိုးရကို တာဝန်ယူထားတဲ့ပုဂ္ဂိုလ်များဟာ အများပြည်သူအတွက်အကောင်းဆုံးဖြစ်တဲ့ အဖြေကို အမြဲပဲရှာနေရ ပါတယ်။ဒါလွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ကျွန်မတို့မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးပေါင်း(၁၄)ခုရှိပါတယ်။ ဒီ(၁၄)ခုမှာ တစ်ခုနဲ့တစ်ခုလိုအပ်ချက်တွေကမတူပါဘူး။ဒါပေမယ့်လိုအပ်ချက်တွေကရှိကြတာပဲ။မတူဘူးဆိုပေမယ့်တချို့လိုအပ်ချက်တွေကအတူတူပါပဲ။တချို့ကျတော့ကွာပါတယ်။လမ်းပန်းဆက်သွယ်ရေးဆိုရင်မြေပြန့်မှာ လည်းလမ်းကောင်းဖို့လိုပါတယ်။ချင်းပြည်နယ်လိုတောင်တက်တောင် ဆင်းများတဲ့နေရာမှာလမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်ဆိုတာ အားလုံးသိကြပေမယ့်တချို့ကဘာကိုဂရုမပြုမိဘူးလဲဆိုတော့ မြေပြန့်မှာအင်မတန်မှမိုးများတဲ့နေရာတွေဥပမာ ဧရာဝတီတိုင်း ဒေသကြီးဆိုရင်မိုးတွင်းကာလမှာ သွားလာရေးအင်မတန်မှ ခက်ခဲပါတယ်။
မိုးတွင်းကာလမှဆိုရင်ရာသီစုံသွားတဲ့လမ်း မဟုတ်တဲ့အတွက် လမ်းတွေ က ပျက်စီးသွားပြီးတစ်ခါတစ်လေ (၅)လလောက်တောင်မှ လမ်းတွေဟာ သုံးလို့မရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အစိုးရအနေနဲ့တစ်နိုင်ငံလုံးရဲ့လိုအပ်ချက်တွေ ကိုကြည့်လိုက်တဲ့အခါ ကျွန်မတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ပြသနာတွေဟာ အင်မတန်မှ ဆင်တူယိုးမှားရှိတယ်ဆိုတာကို သဘောပေါက်ပါတယ်။
ချင်းပြည်နယ်ဆိုရင်မိုးတွင်းကာလမှာ သွားရေးလာရေးအင်မတန်မှ ခက်ပါတယ်။ဧရာဝတီတိုင်းဒေသကြီးလိုနေရာမှာလည်း သွားရေး လာရေးအင်မတန်မှခက်ပါတယ်။ဒီလိုနေရာတွေကို ကျွန်မတို့ကနေပြီး ဖြေရှင်းပေးဖို့ကြိုးစားရပါတယ်။ဒီလမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းရဲ့ အကျိုးဆက်တွေက ကျန်းမာရေးအရ၊ ပညာရေးအရ၊ စီးပွားရေး အရခက်ခဲ လာပါတယ်။ကျန်းမာရေးအရ ဆိုရင်ရွာတိုင်း ရွာတိုင်းမှာ ဆေးခန်းတွေဖွင့်ပေးဖို့ဆိုတာ ကျွန်မတို့အခုအချိန်မှာ တတ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ ရွာတိုင်းရွာတိုင်းမှာဆေးခန်း မရှိဘူးဆိုရင်၊ လမ်းပန်းဆက်သွယ်ရေးမကောင်းဘူးဆိုရင် ဆေးခန်းတစ်ခုရှိတဲ့ နေရာကိုရောက်ဖို့အင်မတန်မှခက်ခဲပါတယ်။ခက်ခဲတဲ့အခါအရေးပေါ် ကုသဖို့လိုရင် မလုပ်နိုင်ပါဘူး။ဒီအတိုင်းပါပဲ။ ချင်းပြည်နယ်နဲ့ ဧရာဝတီ တိုင်းဒေသကြီးမှာလည်း ဒီလိုဖြစ်နေပါတယ်။
ဧရာဝတီတိုင်းဒေသကြီးကချင်းပြည်နယ်နဲ့ပထဝီအနေအထားအရ အင်မတန်မှကွာခြားတယ်ဆိုပေမယ့် ဧရာဝတီတိုင်းဒေသကြီး လိုနေရာမှာလည်းမိုးတွင်းအချိန်မှာဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အခါ၊လမ်းတွေမကောင်းတဲ့အခါ ကျန်းမာရေးနဲ့ပတ်သက်ပြီး အခက်အခဲတွေဖြစ်လာပါတယ်။ အနီးဆုံးဆေးခန်းကိုသွားဖို့ အင်မတန် ခက်ခဲပါတယ်။ ပညာရေးဆိုရင်လည်းထိုနည်း၎င်းပါပဲ။
ချင်းပြည်နယ်မှာလည်းလမ်းမကောင်းဘူးဆိုရင် ကလေးတွေ ကျောင်းသွား၊ကျောင်းလာအင်မတန်ခက်ခဲပါတယ်။ ရွာတိုင်း ရွာတိုင်းမှာလည်းကျွန်မတို့ကျောင်းတွေဆောက်ပေးနိုင်တဲ့ အနေ အထားမရှိပါဘူး။ဧရာဝတီတိုင်းဒေသကြီးမှာလည်း ဒီအတိုင်းပါပဲ။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ အချိန်မှာဆိုရင် တစ်ချို့ရွာတွေက ကလေးတွေဆိုရင်ကျောင်းကို သွားချင်ရင်လှေတွေနဲ့ရေလမ်းခရီး ကနေကျောင်းလိုက်ပို့ရပါတယ် ။ဒါပေမယ့် ဒါကတတ်နိုင်တဲ့သူရှိတယ်။ မတတ်နိုင်တဲ့သူရှိတယ်။ မတတ်နိုင်တဲ့ သူတွေကျတော့တစ်ချို့ရွာတွေ မှာဆိုရင်မိုးတွင်းတစ်ရာသီလုံးမှာ ကလေးတွေကကျောင်းမသွား ုဖစ်တဲ့အခြေအနေ ရောက်သွားကြတယ်။
ချင်းပြည်နယ်ကပြည်သူလူထုလည်း ဒီလိုအခက်အခဲတွေရင်ဆိုင်ဖူး မှာပဲ။ကြုံတွေ့ဖူးမှာပဲ။ ဒါကြောင့်ကျွန်မတို့အားလုံးဟာတကယ့်ကို တစ်လှေတည်းသွားနေတဲ့သူတွေပါ။တစ်မြေထဲနေ၊တစ်ရေထဲသောက်ပြီးတစ်လှေတည်းမှာသွားနေတဲ့နိုင်ငံသူနိုင်ငံသားတွေ၊ပြည်ထောင်စုသားတွေဖြစ်ပါတယ်။ဒါကြောင့်ကျွန်မတို့အားလုံးစုစုစည်းစည်းနဲ့ပြည်ထောင်စုကြီးတစ်ခုလုံးတိုးတက်ဖို့အတွက်ကိုကြိုးစားဖို့ဟာတစ်ယောက်ချင်းတစ်ယောက်ချင်းမှာတာဝန်ရှိပါတယ်။
အားလုံးတိုးတက်မှတစ်ယောက်ချင်းလည်းတိုးတက်နိုင်မယ်။တစ်ယောက်ချင်းတိုးတက်မှလည်းအားလုံးဟာတိုးတက်နိုင်မယ်။ဒီလိုစိတ်ထားမျိုးနဲ့ကျွန်မတို့ရဲ့ပြည်ထောင်စုဖွားတိုင်းရင်းသားတွေကိုကြိုးစားပေးစေချင်ပါတယ်။ကျွန်မတို့နိုင်ငံဟာဖွံ့ဖြိုးမှုဘက်မှာနောက်ကျကျန်နေတဲ့နိုင်ငံတစ်ခုပါ။ဒီသမိုင်းကြောင်းကိုအများသိပြီးသားဖြစ်ပါတယ်။ဒီလိုဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံတစ်ခုဖြစ်လို့ ပိုပြီးကြိုးစားဖို့လိုပါတယ်။ပိုကြိုးစားပြီးတော့ ပိုပြီးတိုးတက်ဖို့ အတွက်အရှိန်အဟုန်နဲ့ဆက်ပြီးသွားမှ သာလျှင် တစ်ခြားနိုင်ငံတွေနဲ့ကျွန်မတို့ရင်ဘောင်တန်းနိုင်မှာပါ။နိုင်ငံတစ်နိုင်ငံရဲ့ အဓိကအင်အားဟာဒီနိုင်ငံအတွင်းမှာရှိပါတယ်။
ပြင်ပကဘယ်လိုပဲကူညီတယ်ပြောပြောတစ်ကယ့်အင်အားဟာ ကျွန်မတို့နိုင်ငံကပြည်သူတွေရဲ့အတွင်းကနေထွက်လာတဲ့အင်အားပါ။ ပြည်သူတစ်ဦးချင်းတစ်ဦးချင်းရဲ့အရည်အချင်းတွေကိုစုပေါင်းပြီး ထွက်ပေါ်လာတဲ့အင်အားသာလျှင်ကျွန်မတို့ရဲ့ကိုယ်ပိုင်အင်အားတွေ ဖြစ်ပါတယ်။အပြင်ကအင်အားတွေဆိုတာကျွန်မတို့ကိုပံ့ပိုးတဲ့ အချိန်ရှိချင်ရှိမယ်။မပံ့ပိုးတဲ့အချိန်ရှိချင်ရှိမယ်။ဒါပေမယ့်ကိုယ့်ရဲ့ အင်အားတွေဟာအစဉ်အမြဲခိုင်မာနေမယ်။စုစည်းနေမယ်ဆိုရင်ကျွန်မ တို့ရဲ့နိုင်ငံဟာတိုးတက်နိုင်မယ်၊ဖွံ့ဖြိုးနိုင်မယ်။ကျွန်မတို့ရဲ့ပြည်သူ လူထုတွေအားလုံးလုံခြုံနိုင်မယ်။ကျွန်မတို့ရဲ့ကလေးသူငယ်တွေရဲ့ အနာဂတ်အတွက်ကျွန်မတို့စိတ်ချနိုင်မယ်။ဒါကြောင့်ကျွန်မတို့ဘာပဲ လုပ်လုပ်၊ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်နောင်မျိုးဆက်တွေအတွက် စဉ်းစားဖို့ဆိုတာအင်မတန်မှအရေးကြီးပါတယ်။
ကျွန်မတို့ဘယ်လိုအမွေအနှစ်တွေထားခဲ့မလဲဆိုတာကိုသေသေချာချာ စဉ်းစားစေချင်ပါတယ်။နောင်လာနောက်သားတွေအတွက်၊ကြီးထွား လာမယ့်ကလေးသူငယ်တွေအတွက်ကျွန်မတို့ဘယ်လိုအမွေတွေ ထားပစ်ခဲ့မလဲ။ကျွန်မတို့တုန်းကမိဘတွေကဘယ်လိုအမွေအနှစ်တွေ ထားပစ်ခဲ့သလဲ။ဒါတွေကိုပြန်ကြည့်ပြီးကျွန်မတို့ရဲ့ခေတ်အဆက်ဆက် မျိုးဆက်တွေအတွက်ပိုပြီးတိုးတက်ဖို့၊ပိုပြီးကြီးပွားဖို့၊ပိုပြီးစိတ်ချမ်းသာဖို့ ဦးတည်ပြီးအင်မတန်မှထိုက်ထိုက်တန်တန်နဲ့လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတစ်ခုဖြစ်လို့အားလုံးဝိုင်းပြီးပူးပေါင်းပြီးဆောင်ရွက်ပေးကြပါ လို့ကျွန်မအနေနဲ့မေတ္တာရပ်ခံပါတယ်။
ဒီမိုကရေစီမှာပြည်သူလူထုကိုကိုယ်စားပြုတဲ့ဒီမိုကရေစီအစိုးရဘာဖြစ် လို့ရွေးချယ်ရလဲဆိုရင်ကျွန်မတို့ရဲ့သန်း(၅၀)ကျော်သောပြည်သူတွေ အားလုံးကနေပြီးအစိုးရတက်လုပ်ဖို့ဘယ်လိုမှလက်တွေ့ကျကျဖြစ်နိုင် တဲ့ကိစ္စမဟုတ်ပါဘူး။ဒါကြောင့်ပြည်သူကိုကိုယ်စားပြုပြီးပြည်သူကို လေးလေးစားစားနဲ့ဖြောင့်ဖြောင့်မတ်မတ်နဲ့ဦးဆောင်တဲ့အစိုးရတွေကို ကျွန်မတို့ကနေရွေးချယ်တင်မြှောက်နိုင်ဖို့ ကြိုးစားပြီးဆောင်ရွက် ရတာဖြစ်ပါတယ်။ကျွန်မတို့အနေနဲ့အစိုးရ တာဝန်တွေကို ထမ်းဆောင် နေတဲ့အချိန်ကာလတစ်လျှောက်လုံးမှာ ပြည်သူလူထုနဲ့ပတ် သက်ပြီးဖြောင့်ဖြောင့်မတ်မတ်နဲ့တတ်နိုင်သမျှကျွန်မတို့ရဲ့ အစွမ်း အားတွေကိုသုံးပြီးလုပ်ပါတယ်။ဆက်ပြီးတော့လည်း လုပ်သွားမှာပါ။ အခုကျွန်မတို့ရဲ့ စွမ်းအားတွေသုံးပြီးပြည်သူတွေတင်ပြတဲ့ မေးခွန်းတွေကို အကောင်းဆုံးဖြေပေးပါမယ်ဟု ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်းထားသည့် တွန်းဇံမြို့ ခေါလိုင် ဂိုးဇန်ရပ်ကွက်မှ ဒေါ်ဟောက်ဂိုးကျင်းက တွန်းဇံမြို့မှ (၂၉)မိုင်ခန့်သာ ကွာဝေးသော တီးတိန်မြို့နယ်အား ခရိုင်အဆင့် တိုးချဲ့ပေးရေး၊ တွန်းဇံမြို့ ခေါလိုင်ရပ်ကွက်မှ ဦးထန် လမ့်ပေါင်က ၂၀၁၀ ခုနှစ်မှစ၍ သက်ဆိုင်ရာဌာနမှ ပိုးအိမ်ဝယ်ယူခြင်း မရှိတော့ပါ သဖြင့် ပိုးစာပင်စိုက်ပျိုးခြင်းလုပ်ငန်းနှင့် ပိုးမွေးမြူရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ပါကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့် ပိုးစာပင်စိုက်ပျိုးခြင်း လုပ်ငန်းနှင့် ပိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လိုပါသဖြင့် နိုင်ငံတော်မှ ထောက်ပံ့ကူညီနိုင်ရေး၊ တွန်းဇံမြို့ ခေါဝုန် လေးဆန်ရပ်ကွက်မှ ဦးထန်ကျင့်လျန်းက တွန်းဇံမြို့နယ်အတွင်း သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောအနေဖြင့် ဧရိယာဧကစုစုပေါင်း (၂၃၀၀၀၀)ကျော်ခန့် ရှိသော်လည်း သစ်တောဦးစီးဌာနရုံးမရှိသောကြောင့် အခက်အခဲ များရှိပါသဖြင့် သစ်တောဦးစီးဌာနရုံး ဖွင့်လှစ်ပေးရေး၊ တွန်းဇံမြို့ ခေါဝုန်ရပ်ကွက်မှ ဦးထန်ဆွင်းဟန်က ဒေသခံပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှ အတိုးနှုန်းနည်းသည့် ကာလရှည် ချေးငွေ ထုတ်ချေးပေးရေး၊ ကျီခါးမြို့ အမှတ်(၁)ရပ်ကွက်မှ ဦးထန်ဆွင်းဇမ်းက တွန်းဇံမြို့နယ် ခင်မန်းကျေးရွာ နယ်စပ်ဈေးတည်ဆောက်ရန်လျာထားသည့် နေရာသည် ကျီခါးမြို့မှ (၇)မိုင်အကွာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၏ အင်ဖာလ်မြို့ သို့ ဆက်သွယ်ထားသော အဓိကလမ်းမကြီးပေါ်တွင် တည်ရှိနေပါသဖြင့် ခင်မန်း ကျေးရွာတွင် နယ်စပ်ဈေးဖွင့်လှစ်ပေးရေး၊ ကျီခါးမြို့ အမှတ်(၁)ရပ်ကွက်မှ ဦးဝုန်လန့် ထွန်းက တွန်းဇံမြို့နယ် ကျီခါးမြို့သည် လျှပ်စစ်မီးလုံလောက်မှုမရှိသည့်အတွက် ကျီခါးမြို့နှင့် (၉)မိုင်ခန့်ကွာဝေးသော အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ဘင်းဟန်ကျေး ရွာမှ (၁၁)KV မဟာဓာတ်အားလိုင်းသွယ်တန်းရရှိလိုပါသဖြင့် အိန္ဒိယနိုင်ငံ ဖက်မှတစ် ဆင့် လျှပ်စစ်မီးသွယ်တန်းရရှိရေး နှစ်နိုင်ငံ ညှိနှိုင်းပူးပေါင်းမှုဖြင့် စီစဉ်ဆောင်ရွက်ပေး ရေးနှင့် တွန်းဇံမြို့နယ် ကျီခါးမြို့ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံအား (၂၅)ခုတင်ဆံ့ ဆေးရုံအဖြစ်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရေးတို့ကို မေးမြန်းတင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ချက်ချင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေးရမည့် အခြေအနေများ၊ စိစစ်ဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ ခန်းမအတွင်းနှင့် ခန်းမပြင်ပတို့မှ မေးခွန်းတင်ပြမေးမြန်းလိုသူ ၅ ဦးဖြစ်သည့် တွန်းဇံမြို့ ခေါဝုန်လေးဆန်းရပ်ကွက်မှ ဦးထန်လမ့်ခုပ်က ပြည်သူ့ဆေးရုံ သန့်ရှင်း သာယာလှပရေးနှင့် အများပြည်သူပိုင်ခန်းမတစ်ခုဆောက်လုပ်ပေးရေး၊ တွန်းဇံမြို့ ခေါဝုန်လေးဆန်းရပ်ကွက်မှ ဦးပေါင်ရှင်းမန်က သိမ်းဆည်းလယ်ယာမြေဆိုင်ရာများ၊ မြို့မြေအဖြစ် ထည့်သွင်းမှုနှင့် အိမ်ရာမြေများ ခွဲဝေချထားရေးကိစ္စများတွင် ပြန်လည်စိစစ်ဆောင်ရွက် ပေးရေး၊ တွန်းဇံမြို့ ခေါလိုင်ဂိုးဇန်ရပ်ကွက်မှ ဦးပေါင်လျန်ထန်က နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ဝန်ထမ်းအိမ်ရာရှေ့ ပေ(၅၀)ခန့်နှင့် အနောက် ဘက် ပေ (၅၀)ခန့်တို့ကို မြေထိန်းနံရံဆောက်လုပ်ပေးရေး၊ တွန်းဇံမြို့ ခေါဝုန်လေးဆန်းရပ်ကွက်မှ ဦးထန် ဆွမ်းမုန်က မြို့ပေါ်ရပ်ကွက်များ သောက်သုံးရေရရှိရေး၊ မြို့မှ ရေထွက် (၁၆) မိုင်အား ကြားလမ်းဖောက်ပေးနိုင်ရေး၊ တွန်းဇံမြို့ ခေါဝုန်လေးဆန်းရပ်ကွက်မှ ဦကျင့်ဒွတ်ကိမ်းတွောင်က သိမ်းဆည်းသွားသော တောင်ရာမြေများပြန်လည်ရရှိရေး မေးခွန်းများကို မေးမြန်း တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ကိစ္စတစ်ခုချင်းစီအလိုက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်မတို့က နောက်ကျပေမယ့်လည်း စိတ်ရှည်လက်ရှိနဲ့ စောင့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ ဒီလိုအချိန်တိုအတွင်းမှာ အားလုံးလုပ်ချင်တဲ့ ကိစ္စတွေကို ပြီးအောင်လို့ လုပ်နိုင်ဖို့ဆိုတာ အားလုံးပူးပေါင်းဆောင်ရွက်မှ ဖြစ်တာပါ။ ပူးပေါင်းဆောင်ရွက်မှုမရှိလို့ရင် လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒီလိုတွေ့ရတဲ့အခါမှာ ဒေသခံတွေရဲ့လိုအပ်ချက်တွေကို သိရရုံမက ဒေသခံတွေရဲ့စိတ်နေသဘောထားတွေကိုလည်း သိပိုင်ခွင့်ရတဲ့အတွက် အင်မတန်မှ တန်ဖိုးရှိပါတယ်။နောင်လည်း ဒီလိုပဲပြည်သူတွေနဲ့ မကြာခဏတွေ့ဆုံနိုင်ဖို့လည်း ကြိုးစားပါ့မယ်။ ပြည်သူနဲ့အစိုးရအကြားမှာ အမြဲအဆက်သွယ်ရှိနေဖို့လိုပါတယ်။ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူ့ရဲ့ဆန္ဒအရ တင်မြှောက်ထားတဲ့ အစိုးရပါ။ အစိုးရကို ကြောက်ဖို့မလိုပါဘူး။ ကြောက်ဖို့မလိုဘူးဆိုတာ အစိုးရကို တိုက်ခိုက်ရမယ်လို့ ဆိုလိုတာလဲမဟုတ်ပါဘူး။ ပူးပေါင်းဆောင်ရွက်ပါ။ အားလုံးပူးပေါင်းလုပ်ကိုင်မှသာလျှင် တိုးတက်နိုင်မှာပါ။
တင်ပြသွားတဲ့အချက်တွေအားလုံးကိုလည်း ကျွန်မတို့ လေးလေးနက်နက်ထားပါတယ်။ အားလုံးပြန်ပြီး ကြည့်ပေးပါ့မယ်။ဒီလို ကျွန်မတို့ရဲ့ တွေ့ဆုံပွဲမှာ တင်ပြတဲ့ကိစ္စတွေဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် အထူးအလေးထားပြီး မြန်မြန်ဆန်ဆန်လုပ်ပေးပါတယ်။ဘာဖြစ်လို့လဲဆိုရင် ပြည်သူတွေရဲ့အသံကို တိုက်ရိုက်ကြားရတယ်ဆိုရင်ဒါကို အလေးအနက်ထားရမယ့်ကိစ္စဖြစ်ပါတယ်။နိဂုံးချုပ်အနေနဲ့တော့ ရာသီဥတုကြောင့် နောက်ကျခဲ့ရလို့ ဒီမှာ လာရောက်တွေ့ဆုံတဲ့ ပြည်သူတွေအတွက် အခက်အခဲဖြစ်သွားတယ်ဆိုရင် တောင်းပန်ပါတယ်။ စေတနာအပြည့်အဝနဲ့ အတတ်နိုင်ဆုံးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားမယ်လို့ ကျွန်မအနေနဲ့ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဟု ပြောကြားပြီး တွေ့ဆုံပွဲတက်ရောက်လာသည့် တိုင်းရင်းသား တိုင်းရင်းသူလေးများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ရဟတ် ယာဉ်များဖြင့် သီကီးရ်ကျေးရွာသို့ရောက်ရှိရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းနှင့် ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ကြိုဆိုသောသီချင်းကို သီဆို၍ ရိုးရာယဉ်ကျေးမှုအကများဖြင့်လည်းကောင်း၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသား တိုင်းရင်းသူများနှင့် ကျောင်းသား ကျောင်းသူလေးများက နိုင်ငံတော်အလံငယ်များကို ဝှေ့ရမ်း၍ လည်း ကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ သီကီးရ် ကျေးရွာ တိုက်နယ်ဆေးရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် ရပ်မိရပ်ဖ ဦးဟရမ်ဟေးတို့က သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံ ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် Dingdi Dream Organization ၊ Medi Myanmar Group Ltd နှင့် ဝိသာခါဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများက ဆေးရုံသုံးပစ္စည်းကိရိယာများ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများကို ပြည်နယ် ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေစံထံ ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံ မျက်နှာစာ၌ ဂျပန်ချယ်ရီပင်များကို အမှတ်တရစိုက်ပျိုးပေးကာ ဆေးရုံအတွင်းလှည့် လည်ကြည့်ရှုပြီး ဆေးဝါးကုသမှု ခံယူလျက်ရှိသူများကို အားပေးစကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သီကီးရ်ကျေးရွာသို့ ပြောင်း ရွှေ့ရောက်ရှိလာသည့် ဘောင်လူမျိုးစုများအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်မှ ဆောက်လုပ်လှူဒါန်းသော နေအိမ်အလုံး (၅၀) ဖွင့်ပွဲအခမ်းအနားနှင့် လွှဲပြောင်းပေး အပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင် ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးတို့က နေအိမ်အလုံး (၅၀)ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။
ထို့နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦး က နေအိမ်အလုံး (၅၀)ဆောက်လုပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး နေအိမ်အလုံး(၅၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်ထံ လွှဲပြောင်းပေးအပ် သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်သည်တော်များသည် အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံ တိုင်းရင်းသား တိုင်းရင်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ရဟတ် ယာဉ်များဖြင့် ထန်တလန်မြို့သို့ရောက်ရှိကြရာ ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ကြိုဆိုသောသီချင်းကို သီဆို၍ ရိုးရာယဉ် ကျေးမှုအကများဖြင့်လည်းကောင်း၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသား တိုင်းရင်းသူများ နှင့် ကျောင်းသား ကျောင်းသူလေးများက နိုင်ငံတော်အလံငယ်များကိုဝှေ့ရမ်း၍ လည်း ကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်ထန်တလန်မြို့နယ်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်မတို့ကိုလာရောက်ကြိုဆိုတဲ့ထန်တလန်ကမိဘပြည်သူတွေအားလုံးကိုကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ကျေးဇူးတင်တယ်လို့လည်းပြောချင်ပါတယ်။ချင်းပြည်နယ်မှာပျော်စရာကောင်းတာတစ်ခုကဘယ်ကိုသွားသွားသီချင်းလေးတွေနဲ့ကျွန်မတို့ကိုကြိုဆိုပါတယ်။ချင်းတိုင်းရင်းသားတွေက အဆိုမှာအင်မတန်တော်ပါတယ်။သီချင်းဆိုတဲ့နေရာမှာအသံတွေလည်းကောင်းတယ်၊ဆိုလည်းဆိုတတ်ကြပါတယ်။နေရာတိုင်းမှာသီချင်းတွေဖွဲ့နွဲ့စပ်ဆိုကြတာ အင်မတန်မှကျွန်မတို့အတွက်နွေးထွေးမှုပြတယ်လို့ယုံကြည်ပါတယ်။
ကျွန်မတို့ပြည်ထောင်စုတစ်ခွင်လုံးမှာဘယ်ကိုသွားသွား၊ဘယ်ကိုခရီးထွက်ထွက်ပြည်သူပြည်သားတွေဟာနွေးထွေးမှုနဲ့ကြိုဆိုလေ့ရှိပါတယ်။ကျွန်မတို့ပြည်ထောင်စုရဲ့သင်္ကေတတစ်ခုပါ။ပြည်ထောင်စုဖွားတိုင်းရင်းသားတွေ အားလုံးက နွေးထွေးတဲ့စိတ်ဓာတ်ရှိပါတယ်။ဧည့်သည်တွေကိုခရီးဦးကြိုပြုတဲ့အခါမှာစိတ်ချမ်းသာအောင်တကယ့်စေတနာမေတ္တာနဲ့ကြိုဆိုလေ့ရှိပါတယ်။အဲဒီအတွက်လည်းကျေးဇူးတင်ပါတယ်၊အင်မတန်မှဂုဏ်ယူပါတယ်။
ကျွန်မတို့နိုင်ငံဟာတကယ့်စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်နိုင်တယ်လို့ယုံကြည်ရတဲ့အကြောင်းအရင်းကအခြေခံအားဖြင့်နိုင်ငံသူနိုင်ငံသားတွေရဲ့စိတ်ဓာတ်ကြောင့်ဖြစ်ပါတယ်။နောက်တစ်ခုကကျွန်မတို့နိုင်ငံဟာဘယ်လိုပဲပြောပြောအားလုံးဟာဆက်နွယ်မှုရှိပါတယ်။ပြည်ထောင်စုအတွင်းမှာတချို့တွေကတိုင်းဒေသကြီး တစ်ခုနဲ့ တစ်ခု၊ပြည်နယ် တစ်ခုနဲ့ တစ်ခုဆက်စပ်မှုမရှိဘူးလို့ထင်ကြပါတယ်။တကယ်တော့ကိုယ်ထင်တာထက်အများကြီးဆက်စပ်မှုရှိပါတယ်။
ကျွန်မတို့ဟာတစ်ခရီးတည်းသွားနေတဲ့ပြည်ထောင်စုသားတွေလို့စိတ်ထဲမှာထားစေချင်ပါတယ်။ခွဲခြားပြီးတော့မနေစေချင်ပါဘူး။ကျွန်မတို့အားလုံးဟာခွဲခြားပြီးနေချင်တယ်ဆိုရင်တစ်ယောက်နဲ့တစ်ယောက်မတူတာတွေဘဲ ဖြစ်မှာပါ။ ပြည်ထောင်စုတစ်ခုကိုခိုင်ခိုင်မာမာထူထောင်ဖို့ဆိုရင်နှစ်ခုစလုံးကိုကြည့်ဖို့လိုပါတယ်။ကျွန်မတို့အနေနဲ့တူညီတဲ့ကိစ္စတွေကိုလည်းကြည့်ရမယ်၊မတူတာတွေကိုလည်းကြည့်ရမယ်။တူတာတွေကိုကြည့်ခြင်းဖြင့်ကျွန်မတို့အားလုံးဟာပိုပြီးခိုင်မာတဲ့၊ပိုပြီးညီညွတ်တဲ့၊ပိုပြီးတစ်ယောက်နဲ့တစ်ယောက်စာနာတဲ့စိတ်ထားတွေဖြစ်နိုင်ပါတယ်။
ကျွန်မတို့ခရီးသွားရင်ပြည်သူတွေနဲ့တွေ့ဆုံပွဲတွေလုပ်ပါတယ်။အဓိကပြည်သူတွေရဲ့လိုအပ်ချက်တွေကိုသိချင်လို့၊ပြည်သူတွေရဲ့ဆန္ဒကိုသိချင်လို့၊ပြည်သူတွေရဲ့ခံစားမှုတွေကိုကျွန်မတို့လည်းမျှဝေပြီးခံစားချင်လို့ပါ။အဲဒီလိုသွားတဲ့အခါမှာတစ်တိုင်းပြည်လုံးမှာတူညီတဲ့အချက်တွေကအများကြီးပါ။ချင်းပြည်နယ်နဲ့ကရင်ပြည်နယ်အတူတူပါပဲ။ချင်းပြည်နယ်၊မကွေးတိုင်းဒေသကြီးနဲ့ဧရာဝတီတိုင်းဒေသကြီးကပြည်သူတွေရဲ့တောင်းဆိုချက်တွေကလည်းမကွာခြားပါဘူး။ဒါကလည်းအခုမှမဟုတ်ပါဘူး။ကျွန်မစပြီးနိုင်ငံရေးလုပ်စဉ်ကတည်းကပါ။
ကျွန်မနိုင်ငံရေးလောကထဲကိုဝင်လာတာဘာလိုလိုနဲ့နှစ်၃၀ကျော်သွားပြီ။ဒီနှစ်၃၀ကျော်အတွင်းမှာကျွန်မပြည်နယ်နဲ့တိုင်းဒေသကြီးတွေကိုရောက်ပါတယ်။တစ်တိုင်းပြည်လုံးနှံ့အောင်ရောက်ခဲ့ပါတယ်။အခုလိုအစိုးရတာဝန်ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ခရီးသွားရ၊လာရတာကအရင်တုန်းကပါတီခေါင်းဆောင်တစ်ယောက်အနေနဲ့ခရီးသွားရတာလောက်ကျေနပ်စရာမကောင်းပါဘူး။ဘာဖြစ်လို့လဲဆိုတော့အရင်တုန်းကကျွန်မတို့ကားနဲ့သွားတဲ့အတွက် လမ်းမှာရပ်လို့ရတယ်၊ရွာတွေမှာရပ်လို့ရတယ်၊လမ်းကပြည်သူတွေနဲ့ကားရပ်ပြီးစကားပြောလို့ရပါ တယ်။ချင်းပြည်နယ်ကို၂၀၀၁ခုနှစ်ကလာတုန်းကဆိုရင်လမ်းမှာလမ်းအလုပ်သမားတွေ၊လမ်းဆောက်နေတဲ့အလုပ်သမားတွေနဲ့စကားရပ်ပြောလို့ရတယ်။အဲဒီလိုထိတွေ့မှုရနိုင်တဲ့အခါကျတော့တစ်နည်းအားဖြင့်ကျွန်မအတွက်ကျေနပ်စရာလို့မြင်ပါတယ်။ပြည်သူတွေနဲ့ပိုပြီးနီးနီးကပ်ကပ်နေနိုင်ခဲ့ပါတယ်။
အဲဒီတုံးကထဲကကျွန်မသတိပြုမိပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းရော၊ မြောက်ပိုင်းရောရှေ့၊နောက်၊တောင်၊မြောက်ဘယ်ပဲသွားသွားအမြဲပဲမေးပါတယ်။ဘာလိုအပ်ချက်တွေရှိလဲဆိုတာကိုပါ။အခြေခံလိုအပ်ချက်တွေကအတူတူပါ။အံ့ဩလောက်အောင်ကိုတူပါတယ်။အားလုံးကမေးလိုက်လို့ရင်ဘာလိုအပ်လဲဆိုရင်အဓိကကအခြေခံအားဖြင့်နံပါတ် (၁)ကသောက်သုံးရေပဲ။အားလုံးအတွက်အဓိကအခြေခံပဲ။ဒုတိယတောင်းဆိုတာကလမ်းပန်းဆက်သွယ်ရေးပဲ။ချင်းပြည်နယ်မှာဆိုလည်းဒီလိုပဲတောင်းဆိုတယ်။ရှမ်းပြည်နယ်မှာလည်းဒီလိုပဲတောင်းဆိုတယ်။တနင်္သာရီမှာလည်းဒီလိုပဲတောင်းဆိုပါတယ်။နောက်ထပ်လျှပ်စစ်မီးတောင်းဆိုတယ်။လျှပ်စစ်မီးလည်းအဓိကပဲ။တန်ဖိုးထားပုံခြင်းလည်းတူနေတယ်။ဘာဖြစ်လို့လဲဆိုတော့လိုအပ်ချက်တွေတူလို့။နံပါတ် (၁) ကသောက်သုံးရေမရှိရင်အင်မတန်မှဘဝကရုံးကန်ရတာပင်ပန်းပါတယ်။ဒါ့ကြောင့်အားလုံးကသောက်သုံးရေမရှိတဲ့အခါသောက်သုံးရေကိုအဓိကထားတောင်းပါတယ်။ဒုတိယကလမ်းပန်းဆက်သွယ်ရေး။လမ်းပန်းဆက်သွယ်ရေးဆိုတာအားလုံးသိတဲ့အတိုင်းပဲ။ကလေးတွေကျောင်းသွားဖို့အတွက်အဆင်ပြေတယ်။ကျန်းမာရေးနဲ့ပတ်သက်လို့ဆေးရုံတွေသွားဖို့လည်းအဆင်ပြေတယ်။စီးပွားရေးနဲ့ပတ်သက်လို့သွားရ၊လာရ၊ရောင်းဝယ်ဖောက်ကားမှုလုပ်ဖို့လဲအဆင်ပြေတယ်။လူမှုရေးနဲ့ပတ်သက်လို့ကိုယ့်ရဲ့မိတ်ဆွေတွေ၊မိဘတွေကိုသွားပြီးတွေ့ဖို့လည်းအဆင်ပြေတယ်။လမ်းပန်းဆက်သွယ်ရေးကိုဒုတိယတောင်းကြတယ်။တတိယကတော့လျှပ်စစ်ပါ။လျှပ်စစ်မီးရမှကိုယ့်ရဲ့ဘဝကိုကိုယ်ပိုင်သွားတယ်လို့ကျွန်မကဒီလိုပဲသတ်မှတ်ပါတယ်။
နောက်ထပ်တောင်းကြတာကျန်းမာရေး၊ပညာရေးအဲဒီနောက်ဆုံးနှစ်ခုနဲ့ပတ်သက်လို့တော့စိတ်ဝင်စားစရာကောင်းတာကပညာရေးကိုအမြဲဦးစားပေးပြီးတောင်းတယ်။ပထမဆုံးရေ၊လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်ဒါတွေပြည့်စုံပြီဆိုရင်ပညာရေးကိုတောင်းကြတယ်။ကျောင်းတွေလိုချင်တယ်။ဆရာ၊ဆရာမတွေလိုချင်တယ်။ကလေးတွေပညာရေးအတွက်ဆန္ဒတွေအမျိုးမျိုးထုတ်ဖော်ပြောကြတယ်။
အဓိကအားဖြင့်ပညာရေးကိုအလေးထားတာဟာကလေးတွေရဲ့အနာဂတ်အတွက်ပညာသင်ပေးမှဖြစ်မယ်။ကျွန်မတို့နိုင်ငံဟာပညာတတ်တဲ့နိုင်ငံသူ၊နိုင်ငံသားတွေရှိမှတိုးတက်မယ်ဆိုတဲ့အမြင်လေးရှိနေတယ်။အဲဒါကိုကျွန်မကသဘောကျတယ်။ကျန်းမာရေးကိုပညာရေးလောက်အလေးမထားဘူးလားဆိုတော့ပညာရေးပြီးမှကျန်းမာရေး၊မကျန်းမာ ရင်ဘယ်လောက်ပဲပညာတွေတတ်တတ်ပညာတွေကိုသုံးနိုင်တဲ့အချိန်တွေရှိချင်မှရှိမှာ။ဒါ့ကြောင့်ဒါဟာတန်းတူညီတူအရေးကြီးပါတယ်။အခုနောက်ပိုင်းမှာတော့ပညာရေးနဲ့ကျန်းမာရေးကိုတန်းတူညီတူမြင်တာကိုတွေ့လာရပါတယ်။ကျောင်းတွေတောင်းတယ်။ဆေးရုံတွေတောင်းတယ်။ဆရာ၊ဆရာမတွေတောင်းတယ်။ကျန်းမာရေးနဲ့ပတ်သက်တဲ့ဆရာဝန်တွေ၊သူနာပြုတွေတောင်းဆိုတယ်။အဲဒီလိုဖြစ်လာတဲ့အခါကြတော့ကျန်းမာရေးနဲ့ပညာရေးကိုတန်းတူတန်ဖိုးထားလာတယ်ဆိုတာကျွန်မကတော့သဘောကျတယ်။တိုးတက်မှုတစ်ခုလို့ယူဆတယ်။စိတ်ပိုင်းဆိုင်ရာ၊ဦးနှောက်ပိုင်းဆိုင်ရာအားလုံးဖွံ့ဖြိုးတိုးတက်မှတိုးတက်နိုင်တယ်ဆိုတာကိုအသိအမှတ်ပြုရာရောက်တယ်။ဒါကျွန်မအတွက်အားရစရာပဲ။ဒီဟာကိုတစ်နိုင်ငံလုံးမှာအားလုံးအတူတူတောင်းဆိုနေပါတယ်။ကျွန်မတို့အနေနဲ့တာဝန်အရအစိုးရဆိုတာဟာပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့တာဝန်ရှိပါတယ်။တတ်နိုင်သမျှတော့ဖြည့်ဆည်းပေးပါတယ်။
ကျွန်မတို့နိုင်ငံဟာချမ်းသာတဲ့နိုင်ငံမဟုတ်သေးဘူးဆိုတာအများသိပြီးသားလို့ယူဆပါတယ်။နိုင်ငံတစ်နိုင်ငံချမ်းသာခြင်းဆိုတာပြည်သူတွေရဲ့စွမ်းအားပေါ်မှာမူတည်ပါတယ်။ဘယ်လောက်ပဲနိုင်ငံတစ်နိုင်ငံဟာအခြေအနေတွေဆိုးနေပါစေပြည်သူတွေကညီညီညွတ်ညွတ်နဲ့ကြိုးစားကြတယ်ဆိုရင်တိုးတက်ဖို့ရှိပါတယ်။ကမ္ဘာတစ်ဝန်းမှာအင်မတန်ကြိုးစားပြီးတော့အလုပ်လုပ်တဲ့နိုင်ငံတွေမှာတဟုန်ထိုးတိုးတက်သွားတယ်ဆိုတာအားလုံးလည်းတွေ့ကြမှာပါ။ဒါပေမယ့်နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးရေး၊တိုးတက်ရေးလမ်းစကတော့ညီညွတ်မှုပါပဲ။နိုင်ငံအတွင်းမှာညီညွတ်မှနိုင်ငံဟာအေးချမ်းနိုင်မှာ။နိုင်ငံအေးချမ်းမှတိုးတက်မှာ။ဒီဟာကိုသာမာန်လူသားများရဲ့အမြင်နဲ့ကြည့်ရင်ညီညွတ်မှုဟာတိုးတက်မှုပါပဲ။ဘာသာရေးအရကြည့်မယ်ဆိုရင်လည်းညီညွတ်မှုဟာတိုးတက်မှုပါပဲ။
ပြည်ထောင်စုဆိုတာအာလုံးထပ်တူထပ်မျှအားလုံးတူရမယ်ဆိုတဲ့သဘောထားမဟုတ်ပါဘူး။အားလုံးဟာမတူပေမယ့်လည်းမတူခြင်းအားဖြင့်ကိုက အင်အားဖြစ်နိုင်ပါတယ်။အားလုံးဟာအရည်အချင်းတွေတူညီနေတယ်ဆိုရင်အားနည်းချက်တွေကလည်းအတူတူပဲဖြစ်နေမှာ။အားလုံးဟာအတူတူပဲဆိုရင်ဒီဟာတွေကိုဘယ်လိုလုပ်ကျော်လွှားနိုင်မှာလဲ။အားနည်းချက်ခြင်းမတူဘူး၊အားသာချက်ခြင်းမတူဘူးဆိုမှတစ်ယောက်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။အဲဒီစိတ်ဓါတ်တွေကိုငယ်ငယ်ကတည်းကနေကလေးတွေကိုသင်ပေးစေချင်ပါတယ်။ပြည်ထောင်စုဖွားတိုင်းရင်းသားများဟာကိုယ့်ရဲ့သား၊သမီးကလေးတွေကိုငယ်ငယ်ကတည်းကပြည်ထောင်စုစိတ်ဓာတ်ဖြစ်အောင်သင်ပေးစေချင်ပါတယ်။
ဒီလိုလုပ်မှကျွန်မတို့ရဲ့မျိုးဆက်ဟာတစ်ဆက်ပြီးတစ်ဆက်ကျွန်မတို့ရဲ့မိဘဘိုးဘွားများရဲ့မျှော်လင့်ချက်များကိုဖြည့်ဆည်းပေးနိုင်မှာပါ။ကျွန်မတို့လွတ်လပ်ရေးရတာဆိုရင်နှစ်ရ၀ကျော်သွားပြီးလွတ်လပ်ရေးမရခင်တစ်နှစ်ကာလမှာပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါတွေကိုကျွန်မတို့သိပြီးသားဖြစ်ပါတယ်။ဒီလိုပင်လုံစာချုပ်မှာထိုးခဲ့တဲ့အချက်မှာအဓိကနေရာမှာချင်းတိုင်းရင်းသားများပါခဲ့ပါတယ်။
လွတ်လပ်ရေးရဖို့အတွက်တိုင်းရင်းသားအားလုံးကပူးပေါင်းပြီးဆောင်ရွက်မှမြန်မြန်ရနိုင်မယ်ဆိုတာကိုဒီလိုယုံကြည်ချက်နဲ့ဒီပင်လုံစာချုပ်ကိုလက်မှတ်ထိုးခဲ့တယ်။လွတ်လပ်ရေးရဖို့ဆိုတာထက်နိုင်ငံတစ်နိုင်ငံအတွက်ပိုပြီးတော့အရေးကြီးတဲ့ကိစ္စမရှိပါဘူး။နိုင်ငံတစ်နိုင်ငံဟာလွတ်လပ်မှအချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်မှကိုယ့်ကံကြမ္မာကိုယ်ကိုယ်ဖန်တီးနိုင်မှာပါ။ဒါဟာကျွန်မတို့လွတ်လပ်ရေးခေါင်းဆောင်ကြီးရဲ့ကြွေးကြော်သံပဲဖြစ်ပါတယ်။ကိုယ့်ကံကြမ္မာကိုယ်ကိုယ်ဖန်တီးရမယ်ကိုယ့်ကံကြမ္မာဟာသူများလက်ထဲမှာမရှိရဘူး။
ဒါပေမဲ့လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာကျွန်မတို့ညီညွတ်ရေးကိုအခုထက်ထိမတည်ဆောက်နိုင်သေးဘူး။အပြည့်အဝမတည်ဆောက်နိုင်သေးဘူးအတိုင်းအတာတစ်ခုထိတည်ဆောက်လို့ရတယ်အပြည့်အဝတည်ဆောက်လို့မရသေးဘူးအဲ့ဒီတော့ဒီလိုညီညွတ်ရေးကိုကျွန်မတို့တည်ဆောက်လို့မရတဲ့အကြောင်းရင်းကဘာလဲဆိုတာကိုကျွန်မတို့တစ်ဦးချင်းတစ်ဦးချင်းကိုစဉ်းစားစေချင်ပါတယ်။အခုကျွန်မတို့နိုင်ငံမှာဆိုရင်ကိုးကွယ်တဲ့ဘာအမျိုးမျိုးပြောတဲ့ဘာသာစကားအမျိုးမျိုးဒီတိုင်းရင်းသားလူမျိုးအမျိုးမျိုး၊ဒီအမျိုးမျိုးတွေဟာဘာဖြစ်လို့အေးအေးဆေးဆေးညီညီညွတ်ညွတ်နဲ့မနေနိုင်ရမှာလဲအခုကိုးကွယ်တဲ့ဘာသာမှာဆိုရင်ခရစ်ယာန်ဘာသာဟာဆိုတာမြန်မာနိုင်ငံကနေပေါက်ဖွားလာတာမဟုတ်ပါဘူး၊ပြောမယ်ဆိုရင်ဗုဒ္ဓဘာသာဆိုရင်လည်းမြန်မာနိုင်ငံကနေပေါက်ဖွားလာမဟုတ်ပါဘူး။အဲ့ဒီတော့ကျွန်မတို့ကိုးကွယ်တဲ့ဘာသာအရစိတ်ဝမ်းကွဲစရာဘာမှမရှိဘူး၊ကိုယ့်ယုံကြည်ချက်အရကိုယ်ကိုးကွယ်တာပဲဒီလိုကိုးကွယ်တဲ့ဘာသာတရားဆိုတာကလည်းကိုယ့်ရဲ့နောင်ဘဝတွေအတွက်အဓိကရည်ရွယ်တာပဲကျွန်မတို့နိုင်ငံအတွက်တော့ကိုယ့်အတွက်ကိုယ့်ပတ်ဝန်းကျင်အတွက်ညီညွတ်ရေးကိုဦးတည်ပါလို့ကျွန်မအနေနဲ့မေတ္တာရပ်ခံပါတယ်။
ကျွန်မတို့ညီညီညွတ်ညွတ်နဲ့ငြိမ်းချမ်းရေးရအောင်လို့၊ညီညီညွတ်ညွတ်နဲ့ဖွံ့ဖြိုးမှုရအောင်လို့ဝိုင်းပြီးတော့အားလုံးကပါဝင်စေချင်ပါတယ်။ဒီလိုပါဝင်မှုအတွက်ကျွန်မတို့ဟာတိုက်တွန်းနိုင်သမျှအခွင့်ရေးရှိတိုင်းတိုက်တွန်းမှာပါ၊ဒီလိုပြည်သူလူထုနဲ့တွေ့ဆုံပွဲလုပ်တယ်ဆိုတာကလည်းအဓိကဦးတည်ချက်ကတော့ညီညွတ်ရေးနဲ့ဖွံ့ဖြိုးရေးပါနိုင်ငံတစ်နိုင်ငံမှာညီညွတ်မှငြိမ်းချမ်းမယ်၊ငြိမ်းချမ်းမှဖွံ့ဖြိုးမယ်၊ဖွံ့ဖြိုးမှငြိမ်းချမ်းရေးကိုဆက်ပြီးတော့ထိန်းသိမ်းထားနိုင်မယ်။အဲ့ဒီတော့ဒီသုံးခုဟာဘယ်လိုမှခွဲခြားထားလို့မရပါဘူး။
ကျွန်မတို့ကပြည်သူတွေကိုတွေ့ဆုံတယ်ဆိုရင်ပြည်သူတွေရဲ့လိုအပ်ချက်တွေပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုတွေကိုကျွန်မတို့နားထောင်ချင်လို့၊ဒါတွေကိုကျွန်မတို့ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ။စိုးရိမ်ပူပန်မှုတွေကိုလျော့ကျသွားအောင်လို့ကျွန်မတို့ဘယ်လိုလုပ်ပေးနိုင်မလဲ။ဒီအဖြေတွေကိုကျွန်မတို့တစ်ချိန်လုံးပဲရှာရပါတယ်။အဖြေတွေဟာအမြဲပြီးသွားတယ်လို့မရှိပါဘူးအမြဲရှာနေရပါတယ်။တစ်နေ့ထက်တစ်နေ့ကျွန်မတို့အဖြေသစ်တွေကိုရှာနေရတယ်ဒါတွေဟနေ့စဉ်လုပ်နေရတဲ့အလုပ်ပါ။
ဒါဟာအစိုးရရဲ့တာဝန်ဖြစ်ပါတယ်။ပြည်သူတွေရဲ့တာဝန်လဲဖြစ်တယ်။အထူးသဖြင့်ဒီမိုကရေစီကိုယုံကြည့်တဲ့လူ့အသိုင်းအဝိုင်းမှာဆိုရင်ပြည်သူတိုင်းပြည်သူတိုင်းမှာလည်းကိုယ့်ရဲ့တာဝန်ကိုထမ်းဆောင်ရမှာဖြစ်ပါတယ်။ဒါတွေကိုကျွန်မထပ်တလဲလဲ ပြောပါတယ်။ဒီမိုကရေစီရရင်ဘာအခွင့်အရေးရမလဲဆိုပြီးတစ်ချို့ကလက်ချိုးပြီးတော့ရေကြတယ်။ဘယ်တာဝန်တွေရှိမလည်းဆိုတာကိုတော့မစဉ်းစားကြဘူးနှစ်ခုလုံးကိုစဉ်းစားမှကျွန်မတို့တိုးတက်နိုင်မှာပါ။
ကျွန်မအနေနဲ့တော့ကတိပေးချင်တာကတော့ကျွန်မတို့ရဲ့ပြည်ထောင်စုတိုင်းရင်းသားများ၊ပြည်ထောင်စုသွေးချင်းများအားလုံးဟာရသင့်ရထိုက်တဲ့အခွင့်အရေးတွေရှိသလိုထမ်းဆောင်သင့်တဲ့တာဝန်တွေလည်းရှိပါတယ်။ကိုယ်တိုင်လည်းကိုယ့်တာဝန်ဟာဘာလဲ၊ကိုယ့်အခွင့်အရေးဆိုတာဘာလဲဆိုတာမှန်မှန်ကန်ကန်သုံးသပ်ဖို့အင်မတန်အရေးကြီးပါတယ်။ကျွန်မတို့ရဲ့နိုင်ငံသူ၊နိုင်ငံသားတစ်ဦးချင်းတစ်ဦးချင်းဟာတာဝန်ကျေတဲ့ပုဂ္ဂိုလ်ဖြစ်ပြီဆိုရင်ကျွန်မတို့နိုင်ငံအတွက်ကျွန်မတို့စိုးစဉ်းမှစိုးရိမ်စရာမရှိပါဘူး။တာဝန်ကျေတဲ့နိုင်ငံသားတွေနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဆိုတာဘယ်တော့မဆိုပြီးပြည့်စုံတဲ့နိုင်ငံ၊ခံနိုင်ရည်နဲ့ရပ်တည်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်လာမှာဖြစ်ပါတယ်ဟု ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်းထားသည့် ထန်တလန်မြို့ လိုင်လင်းကျေးရွာမှ ဦးထိုင်ခါက ထန်တလန်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲဆုံးဖြစ်သော မာရာတောင်ကြောရှိ အင်မွှန်ပီး-လိုင်လင်း-လာအိုလမ်း (၂၇)မိုင် လမ်းသစ်ဖောက်လုပ်ပေးရေး၊ ထန်တလန်မြို့နယ် လိုင်လင်းကျေးရွာမှ ဦးထန်ချင်း က နှာဟရိန်မြို့မှ မာရာတောင်ကြောသို့ ဆက်သွယ်သွားသော နှာဟရိန်-အင်မွှန်ပီး လမ်းကြားရှိ ထန်ဟောရ်ချောင်းကူးကွန်ကရစ်တံတား ပေ (၁၇၀)နှင့် လားစော်ချောင်း ကူးတံတား ပေ(၇၀)တည်ဆောက်ပေးရေး၊ ထန်တလန်မြို့နယ် ငါဖိုင်ပီးကျေးရွာမှ ဦးဝင်တင်က အနောက်ဇိုဖေတောင်ကြောရှိ လောင်တလန်ကျေးရွာမှ မာရာတောင်ကြောရှိ လုံကျွဲသဲကျေးရွာသို့ ဆက်သွယ်သော ကိုယ်ထူကိုယ်ထ လမ်း(၈)မိုင်မှ အတက် အဆင်းကြမ်းသည့် (၆)မိုင်အား လမ်းအူကြောင်း အသစ်ဖောက်လုပ်ပေးရေး၊ ထန်တ လန်မြို့နယ် ငါဖိုင်သဲကျေးရွာမှ ဦးဗန်ထောင်းက မာရာတောင်ကြောနှင့် အနောက်ဇိုဖေ တောင်ကြောရှိ ကျေးရွာများဖြစ်သော လောင်တလန်ကျေးရွာ၊ ငါလန်ကျေးရွာ၊ လုံကျွဲသဲ ကျေးရွာ၊ ငါဖိုပီးကျေးရွာနှင့် ဖါရ်တလန်ကျေးရွာတို့သည် ဆက်သွယ်ရေးမရရှိသေး ပါသဖြင့်(MPT/Telenor) တာဝါတိုင်များစိုက်ထူပေးရေး၊ ထန်တလန်မြို့နယ် ဆာကျက် ကျေးရွာမှ ဦးမန်လိန်းက အနောက်ဇိုဖေတောင်ကြောရှိ တလွန်ရမ်(က)၊ ဆန်ပီးချုံး၊ ဆာကျက်၊ ဝေါင်းသူကျေးရွာနှင့် ဘဲလ်ဟာရ်ကျေရွာတို့သည် တယ်လီဖုန်း ဆက်သွယ်၍ မရှိရှိသေးပါသဖြင့် (MPT/Telenor)တာဝါတိုင်များ စိုက်ထူပေးရေးတို့ကိုမေးမြန်း တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ကွင်းဆင်စစ်ဆေးပြီး ချက်ချင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေး ရမည့် အခြေအနေများနှင့် စိစစ်ဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့်စပ်လျဉ်း ၍ ရှင်းလင်းပြော ကြားကြသည်။
ဆက်လက်၍ ခန်းမအတွင်းနှင့် အခန်းမပြင်ပတို့မှ မေးခွန်းတင်ပြမေးမြန်းလိုသူ ၁၄ ဦးအနက် မဲပေါက်သူ ၅ ဦးဖြစ်သည့် လိုင်လင်းကျေးရွာအုပ်စုမှ ဦးထိုင်ခါက လိုင်လင်း ကျေးရွာနှင့် မတူပီမြို့နယ် ရွာမန်ကျေးရွာအကြား ဘွေနူးမြစ်ကူးတံတားဆောက် လုပ်ပေး ရေး၊ ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်မှ ဦးဗန်ရုန်းက ထန်တလန်မြို့ပေါ်ရှိ အထောက်အထားမဲ့ ကျူးကျော်အိမ် ရှင်းလင်းဖယ်ရှားပေးရေး၊ ငါဖိုင်သဲကျေးရွာအုပ်စုမှ ဦးဗန်ထောင်းက ငါဖိုင်သဲကျေးရွာတွင် အသေးစား ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံ တစ်ရုံတည် ဆောက်ပေးရေး၊ အင်မွန်ပီကျေးရွာမှ ဦးဗန်ဇလျန်က ငဖိုင်သဲကျေးရွာအုပ်စု အင်မွန်ပီးကျေးရွာတွင် အသေးစားရေအားလျှပ်စစ်ထုတ်လုပ် ရေးစက်ရုံ တစ်ရုံတည် ဆောက်ပေးရေးနှင့် ငါဖိုင်ပီးကျေးရွာအုပ်စုမှ ဦးဝင်းတင်က ဖါးဖဲမြေရိုင်း ဧက (၃၅၀) အား စက်မှုလယ်ယာအဖြစ်ဖော်ထုတ်၍ ရေသွယ်ပေးပြီး လမ်းပိုင်း (၃) မိုင်ဖောက်လုပ် ပေးရေးမေးခွန်းများကို မေးမြန်းတင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြ ချက်များနှင့်စပ်လျဉ်း၍ ကိစ္စတစ်ခုချင်းစီအလိုက် သက်ဆိုင်ရာဌာနများက ကွင်းဆင်း စစ်ဆေးဆောင်ရွက်သွားမည့် အခြေအနေနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကဒီလူထုတွေ့ဆုံပွဲကို အားရပါတယ်။အားရတယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတော့ အားလုံးမေးတဲ့မေးခွန်းတွေက ရှင်းရှင်းလင်းလင်းလည်းမေးတယ်။ အများနဲ့ သက်ဆိုင်တဲ့ကိစ္စတွေကိုလည်းမေးသွားပါတယ်။ ထန်တလန်ပြည်သူလူထုနဲ့ တွေ့ဆုံပွဲမှာ မေးသွားတဲ့ပုဂ္ဂိုလ်များဟာ မှန်မှန်ကန်ကန်တဲ့ သိက္ခာရှိရှိနဲ့မေးသွားလို့ အင်မတန်မှ ကျေးဇူးတင်တယ်။ ဂုဏ်ယူတယ်။ ဒါဟာ ထန်တလန်ရဲ့ ဂုဏ်သိက္ခာလည်းဖြစ်တယ်။ ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာလည်းဖြစ်ပါတယ်။အဲဒါကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်။တစ်နှစ်နဲ့တစ်နှစ်ပိုပြီးတော့ ဖွံ့ဖြိုးတိုတက်နိုင်ပါစေ။ အားလုံးစိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့ ပြည်ထောင်စုခရီးကို ဆက်ပြီးတော့ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက် ပါတယ်။ ကျေးဇူးတင်ပါတယ် ဟု ပြောကြားပြီး တွေ့ဆုံပွဲတက်ရောက်လာသည့် တိုင်းရင်းသား တိုင်းရင်းသူလေးများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ထန်တ လန်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပသည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အကြိုညမီးပုံပွဲနှင့် ရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေပွဲ သို့တက်ရောက်သည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မီးပုံပွဲကို မီးရှူးတိုင်ဖြင့် ထွန်းညှိဖွင့် လှစ်ပေးသည်။
ထို့နောက် အခမ်းအနားတွင် ချင်းတိုင်းရင်းသူ အဆိုတော် အက်စတာဒေါ့သ် ချင်းဆုန်က ချင်းရိုးရာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ထန်တလန်၊ ပလက်ဝ၊ တီးတိန်၊ မတူပီ၊ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းနှင့် ဟားခါး ယဉ်ကျေးမှုအဖွဲ့များက ချင်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သိရသည်။
Image may contain: 7 people, people standing and crowd
Image may contain: 7 people, people standing, child and outdoor
Image may contain: 4 people, people standing and outdoor
Image may contain: 11 people, people standing and outdoor
Image may contain: 3 people, people standing and outdoor
Image may contain: 2 people, people standing
Credit - MSCO
The Ladies News

No comments:

Post a Comment

My Blog List