Thursday, February 20, 2020

မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးသူများ လေ့လာနိုင်ရန် ဖက်ဒရယ်ဒီမိုကရေစီ (၅) နိုင်ငံရှိ လက်နက်ကိုင်တပ်ဖွဲ့များ၏ အခန်းကဏ္ဍကို သုတေသနပြုစုထုတ်ဝေ

Image may contain: one or more people
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်နေတဲ့သူတွေ လေ့လာနိုင်ဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စုစနစ် ကျင့်သုံးတဲ့ နိုင်ငံ (၅) နိုင်ငံက လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍ နဲ့ ဥပဒေအရ ပြဌာန်းထားချက်တွေကို သု‌တေသန ပြုလုပ်ရခြင်းဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျု့က (MIPS) အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီ(၁၈)ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်တဲ့ ဖက်ဒရယ်စနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေက လက်နက်ကိုင်တပ်ဖွဲ့ဆိုင်ရာ ဥပဒေတွေအကြောင်း သုတေသနစာတမ်းစာအုပ် မိတ်ဆက်ပွဲမှာ ဒေါက်တာမင်းဇော်ဦးက အခုလို ပြောကြားခဲ့တာပါ။
“သုတေသနကထွက်လာတဲ့ ရလာဒ်တွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်နေတဲ့သူတွေ သုံးစွဲနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ အစိုးဘက်တစ်ခြမ်းတည်း မဟုတ်ပါဘူး။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်က သူတွေ ရသလိုပဲ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး၊ နိုင်ငံရေးပါတီတွေအားလုံး၊ ဆွေးနွေးပွဲမှာ ပါဝင်နေတဲ့သူတွေအားလုံး အကျိုးဖြစ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်” လို့ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။
ဒီသုတေသနစာတမ်းမှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ နီပေါ၊ ဆွစ်ဇာလန်နဲ့ တောင်အာဖရိကနိုင်ငံတွေက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတွေမှာ တပ်မတော်ဟာ အရပ်သား အစိုးရရဲ့ ကွပ်ကဲမှုအောက်မှာ တည်ရှိရေးနဲ့ ပတ်သက်ပြီး မူအရလက်ခံထားတယ်လို့ ဒေါက်တာမင်းဇော်ဦးက ဆိုပါတယ်။
“အရပ်သားကွပ်ကွဲမှုအောက်မှာ တပ်မတော်ကို ထားရှိရေးကို ဘယ်လိုလုပ်သလဲဆိုတော့ သူတို့ရဲ့ လုပ်ပုံ၊ လုပ်နည်းတွေကို ပြန်ကြည့်တဲ့အခါမှာ အရပ်သားနိုင်ငံရေးခေါင်းဆောင်က သူ့ရဲ့ နိုင်ငံရေးသဘောဆန္ဒတစ်ခုတည်းသက်သက်နဲ့ လုခြုံရေးကိစ္စတွေကို စီမံခန့်ခွဲတာတော့ မဟုတ်ပါဘူး။ တပ်မတော်နဲ့ ပတ်သက်လာရင် သူတို့ဆုံးဖြတ်ချက်ချတဲ့အခါမှာ တပ်မတော်မှာတာဝန်ရှိတဲ့ ခေါင်းဆောင်တွေရဲ့ သဘောထားတွေ အများကြီးယူရပါတယ်” လို့ ဒေါက်တာမင်းဇော်ဦးကပြောပါတယ်။
အဲဒီသုတေသနစာတမ်းကို (MIPS) ရဲ့ သုတေသန ဒါရိုက်တာ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ဦးဆောင်ပြုစုတာဖြစ်ပြီး (MIPS) ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက တည်းဖြတ်ခဲ့တာပါ။
Image may contain: 1 person, flower, text that says 'one NEWS'
Image may contain: 4 people, people sitting
Image may contain: 1 person, flower


သတင်း - သန့်ဇင်လင်း

No comments:

Post a Comment

My Blog List