Monday, February 17, 2020

အမျိုးသားရေးလှုပ်ရှားမှုများနှင့် ၂၀၂၀ ရွေးကောက်ပွဲ အလားအလာ

Image may contain: 1 person, standing

မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အမျိုးသားရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာနေပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အမျိုးသားရေးစိတ်ဓာတ်ဟူသော မိန့်ခွန်းများ ပြောကြား၍ အမျိုးဘာသာသာသနာကိုစောင့်ရှောက်ရေး အရေးကြီးကြောင်း ပြောဆိုလာနေသည်။ အမျိုးသားရေးလှုပ်ရှားမှုများသည် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ အရှိန်မြှင့်လာနိုင်ရာ ရန်ကုန်ခေတ်သစ်က ယင်းလှုပ်ရှားမှုများနှင့်ပတ်သက်၍ အမြင်များ မေးမြန်း၍ စဉ်ဆက်မပြတ် ဖော်ပြသွားမည်ဖြစ်သည်။ စာရေးဆရာ သန်းစိုးနိုင်၏ အမြင်ကို ဖော်ပြလိုက်ပါသည်။

စာရေးဆရာ သန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)
တကယ်ကတော့ အမျိုးသားရေးလှုပ်ရှားမှုဆိုတာ ဗြိတိသျှကိုလိုနီများ လက်အောက်တုန်းက လုပ်ခဲ့တဲ့အခါမှာ အလွန်အရှိန်အဝါကောင်းတဲ့ နိုင်ငံရေးလှုပ်ရှားမှုတစ်ခုပါ။ ဒါပေမယ့် ကိုယ့်မင်းကိုယ်ချင်းနဲ့ဖြစ်နေတဲ့ ကာလရောက်မှ အမျိုးသားရေးကိုဖော်ထုတ်တဲ့အခါကျတော့ ဒါက လူမျိုးရေးပဋိပက္ခတွေကို ဖန်တီးအားပေးသလိုဖြစ်နေတယ်။ ဒါကတစ်ချက်ပေါ့ဗျာ။ နောက်တစ်ခုက တပ်မတော်က အခုနိုင်ငံရေးလောကထဲမှာ ပါဝင်ပြီးတော့ လှုပ်ရှားတဲ့နေရာမှာ သူ့မှာက အယူဝါဒတစ်ခုကို တံဆိပ်ကပ်ပြီး ပုံဖော်ဖို့က ခက်တယ်။
အဲတော့ သူတို့ကဘာဖော်ထုတ်လိုက်လည်းဆိုတော့ အမျိုးသားနိုင်ငံရေးဆိုတဲ့ဟာ ဖော်ထုတ်လိုက်တာပေါ့ဗျာ။ ဒါပေမယ့် အမျိုးသားနိုင်ငံရေးဆိုတဲ့ဟာ သူကအဓိပ္ပာယ် နှစ်ခုရှိတယ်။ တစ်ခုကတော့ လူတန်းစားနဲ့ မဆိုင်ဘူး။ အမျိုးသားတစ်ရပ်လုံးနဲ့ ဆိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်းပါတယ်။ နောက်တစ်ခုက အမျိုးသားလှုပ်ရှားမှုဆိုတာဟာ ကျွန်တော်တို့ အမျိုးသားရေးဖိနှိပ်ခံရတဲ့အခြေအနေအောက်မှာမှ လုပ်ကြတာပါဖြစ်ကြတာပါ။ အဲတော့ အခုကျတော့ တပ်မတော်က ဒီအယူဝါဒရေးဆိုင်ရာ နိုင်ငံရေးနဲ့ သူက သီးခြားခွဲထုတ်ပြီးတော့ အမျိုးသားနိုင်ငံရေးဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်းရင်းနဲ့ ဒီစကားတွေဖြစ်လာတာပါ။
အဲတော့ အမျိုးသားနိုင်ငံရေးဆိုတာကို ပြောတာနဲ့ တစ်ပြိုင်နက်တည်းမှာ တခြားက မြန်မာပြည်မှာ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ လှုပ်ရှားမှုက တောက်လျှောက်ရှိလာခဲ့တာပဲ အဲတော့ တစ်ဆက်တည်းမှာ ဘာဖြစ်လာလဲဆိုတော့ အမျိုးသားရေးလှုပ်ရှားမှုတွေက ဘာသာရေးနဲ့ တွဲလာတာပဲ။ အဲတော့ ဘာသာရေးလှုပ်ရှားမှုတွေမှာ တပ်မတော်က ခုနကပြောတဲ့ အခြေအနေအကြောင်းအချက်တွေကို အသုံးချပြီးတော့ သူတို့ရဲ့နိုင်ငံရေးလှုပ်ရှားမှုကို ပုံဖော်နေတယ်လို့ယူဆပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်မှာ အဲအမျိုးသားရေးအလံထောင်ပြီးတော့ ဘာသာရေးနဲ့ ပေါင်းစပ်ပြီးတော့ ဒီနိုင်ငံရေးလုပ်ငန်းတွေထဲမှာ ပါဝင်နေတာဟာ သိပ်ပြီးတော့ ကျွန်တော်အနေနဲ့ ဒီဟာတွေကို အားမပေးသင့်ပါဘူး။
ကျွန်တော်တို့အမြင်မှာတော့ ဒီနေ့ကာလမှာက ကျွန်တော်တို့ အမျိုးသားနိုင်ငံရေးဆိုတာဘာလဲ ကျွန်တော်တို့အမျိုးသားနိုင်ငံရေးဟာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်တဲ့လမ်းကြောင်းကို ကျွန်တော်တို့လျှောက်ကျရမှာပါ။ ကျွန်တော်တို့အမျိုးသားရေးနဲ့ ဘာသာရေးပေါင်းလုပ်တဲ့ နိုင်ငံရေးလှုပ်ရှားမှုမျိုး ကျွန်တော်တို့ တိုင်းပြည်က လိုလည်းမလိုအပ်ဘူး။ အကျိုးလည်းမရှိဘူးလို့ ကျွန်တော်သုံးသပ်တယ်။

No comments:

Post a Comment

My Blog List