Monday, May 11, 2015

ကြက်ခြေနီအသင်း၏ ရခိုင်ပြည်နယ်အထူးစီမံချက် ရုံးသစ် စစ်တွေတွင်ဖွင့်လှစ်



မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရခိုင်ပြည်နယ်အထူးစီမံချက် ရုံးသစ်ဖွင့်ပွဲကို အခမ်းအနားတစ် ရပ်ဖြင့် မေလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည်။ 


အဆိုပါရုံးသည် ရခိုင်ပြည်နယ် စစ်တွေမြို့ ဗောဓိလမ်းတွင် တည်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ ဖက်ဒရေးရှင်းတို့က စုပေါင်းတည်ဆောက်ထားသော ရုံးဖြစ်ကြောင်း သိရသည်။ ၄င်းရုံးသည် အလျား ၅၀ ပေ အနံ ၃၀ ပေ ရှိပြီး ကျပ်သိန်း ၄၀၀ ကုန်ကျ ကြောင်း သိရသည်။

ရုံးသစ်ကို စီမံချက်လုပ်ငန်းစဉ်ကာလအတွင်း စီမံချက်၏ လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် အသုံးပြုမည်ဖြစ်ပြီး၊ စီမံချက်ပြီးဆုံးပါက ရခိုင်ပြည်နယ် ကြက်ခြေနီအတွက် အသုံးပြုရန် ကျန်ရှိမည်ဖြစ်ကာလူသားချင်းစာ နာ ထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားနိုင်ရန် ရည်ရွယ်၍ဖွင့် လှစ်ခြင်း ဖြစ်ကြောင်းသိရသည်။

“မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာဆိုရင် ဆင်းရဲဒုက္ခနည်းပါး သက်သာ စေရန်ဆိုတဲ့ ရည်ရွယ်ချက်ကို ဦးတည်ပြီးတော့ ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေးဒုက္ခအပေါင်းမှ ကူညီကာကွယ်ရန် ဆိုတဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်ပြီးတော့ လူမှုရေးဂရုနာလုပ်ငန်းတွေကို လုပ်ဆောင်လုပ်ခဲ့တာ ၁၉၂၀ ခုနှစ်ကနေ ယနေ့ထိ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း အကျိုးဆောင်အတွင်းရေးမှူး ဒေါက် တာအောင်မွန်က ပြောသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် လက်တွဲလုပ်ဆောင်နေသည့် IFRC သည် သဘာဝကြောင့် ဖြစ်ပေါ်လာ သည့် ကိစ္စရပ်များတွင် ကူညီပြီး၊ ICRC သည် လူကြောင့်ဖြစ်ပေါ်သည့် ကိစ္စရပ်များတွင် ကူညီကြောင့် သိရသည်။

ရခိုင်ပြည်နယ်တွင် ဂီရိမုန်တိုင်းဖြစ်ပွားစဉ်က IFRC သည် ကယ်ဆယ်ရေး လုပ်ငန်းများကို နိုင်ငံတကာနှင့် ချိတ်ဆက်၍ အစအဆုံးလုပ်ကိုင်ခဲ့ကြောင်း သိရသည်။

၎င်းအဖွဲ့သည် ဂီရိပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြေပုံနှင့် မင်းပြား မြို့နယ်တို့တွင် ၂ နှစ်စီမံ ကိန်းဖြင့် လုပ်ဆောင်ခဲ့ပြီး၊ လူမှုဘ၀ဖွံ့ဖြိုးရေး အတွက် မာန်အောင်မြို့နယ်တွင် ၂ နှစ်စီမံကိန်းချမှတ်ကာ ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရသည်။

ထို့အပြင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ပစ္စည်းသိုလှောင်ထားသော ဂိုတောင်တစ်ခုစီကို စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲတွင် ထားရှိပြီး၊ စစ်တွေမြို့ဂိုတောင်တွင်ရှိသော ပစ္စည်းများသည် မိသားစု ၃၀၀၀ ကို အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ပေးနိုင်မည်ဖြစ်ကြောင်း IFRC မှ အရာရှိတစ်ဦးပြောပြချက်အရ သိရသည်။

ICRC ၏ အဓိကထားလုပ်ဆောင်နေသော လုပ်ငန်းများမှာ ဆေးဝါးများ ကူညီပေးခြင်း၊ ကျန်းမာရေး ၀န်ထမ်းများကို သင်တန်းပို့ချပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိပြီး ထောင်တွင်းအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးနှင့် အကျဉ်းကျသူများနှင့် ၄င်းတို့မိသားစုများ အကြား တွေ့ဆုံနိုင်အောင် စီစဉ်ပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ရုံးသစ်ဖွင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းမြေအသင်းများ ဖက်ဒရေးရှင်း မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် မစ္စတာအူဒါယား၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ စစ်တွေရုံးတာဝန်ခံ မစ္စတာ အန်ရီကဲတို့မှ လည်း အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

အခမ်းအနားသို့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ IFRC နှင့် ICRC မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများ၊ မြန်မာနိုင်ငံအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များအပါအ၀င် စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားကို ၉ နာရီတွင် စတင်ပြီး၊ ၉ နာရီခွဲကျော်တွင် ပြီးဆုံးခဲ့သည်။

Narinjara




No comments:

Post a Comment

My Blog List