Wednesday, May 13, 2015

တရုတ်၏ ခြိမ်းခြောက်မှုကြောင့် ရေတပ်စခန်းသစ်တစ်ခု အရေးတကြီး လိုအပ်လာဟု ဖိလစ်ပိုင် စစ်ဦးစီးချုပ်ဝန်ခံ


တရုတ်နှင့် ရေပိုင်နက်အငြင်းပွားမှု ပြဿနာများ ကြီးထွားနေချိန်တွင် နိုင်ငံ၏အနောက်ဘက် ကမ်းခြေ၌ ရေတပ် အခြေစိုက် စခန်းတစ်ခု တည်ဆောက်ရေးသည် အရေးအကြီးဆုံး ဦးစားပေး လုပ်ငန်းတစ်ရပ် ဖြစ် လာကြောင်း ဖိလစ်ပိုင် စစ်ဦးစီးချုပ်က ဖွင့်ဟ ပြောကြားလိုက်သည်။


ဗိုလ်ချုပ်ကြီး ဂရီဂိုရီ ကာတာပန်က ရေတပ်စခန်း ဆောက်လုပ်ရေးစီမံကိန်းသည် လတ်တလောတွင် ဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ရှေ့ ဆက်ရန် အခက်တွေ့နေကြောင်းလည်း ဝန်ခံသည်။၎င်းလျာ ထားသည့်ရေတပ်စခန်း နေရာသည် နိုင်ငံ၏ အနောက်ဘက် ကမ်းခြေတွင် တည်ရှိပြီး တရုတ်နှင့် ပိုင်နက် ကိစ္စ အငြင်းပွားနေသည့် စပရတ်လေ ကျွန်းစုများကို မျက်နှာမူလျက် ရှိနေမည်ဟု သိရသည်။

ဗိုလ်ချုပ်ကြီး ကာတာပန်က အကယ်၍ ရေတပ်စခန်းကို အတည်ပြု ဆောက်လုပ်ဖြစ်ပါက အမေရိကန်၊ ဂျပန်နှင့် ဗီယက်နမ် စစ်သင်္ဘောများကိုပါ ဆိုက်ကပ် ရပ်နားခွင့် ပေးသွားမည်ဟုလည်း ကမ်းလှမ်းခဲ့သည်။ ဂျပန်နှင့် ဗီယက်နမ်တို့သည်လည်း တရုတ်နှင့် ရေပိုင်နက်ကိစ္စ အငြင်းပွားမှုများ ရှိနေသည်။

တရုတ်သည် တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ထားရာ ယင်း အခြေအနေက ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်ဝမ်တို့နှင့်ပါ ပိုင်နက်အငြင်းပွားမှုများ ဖြစ် လာစေသည်။ ဖိလစ်ပိုင် ကျွန်းစုများတွင် ဆက်နွှယ် ပါဝင်သည့် ပါလာဝမ်ကျွန်းသည် စပရတ်လေ ကျွန်း စုနှင့် ကီလိုမီတာ (၁၆၀)မျှသာ ကွာဝေးပြီး ထိုနေရာတွင် ဖိလစ်ပိုင် ရေတပ်စခန်း ဆောက်လုပ်ပါက တရုတ်နှင့် သေချာပေါက် ဆက်ဆံရေး ပိုမို တင်းမာလာမည် ဖြစ်သည်။ တရုတ်သည် စပရတ်လေ ကျွန်းစု အနီးတဝိုက်တွင် သန္တာကျွန်းတုများ တည်ဆောက်ကာ ၎င်းတို့၏ စစ်အခြေစိုက် ဌာနများ ဖြန့်ကျက်ရန် ကြိုးပမ်းနေကြောင်း အမေရိကန်က စွပ်စွဲထားသည်။

ဗိုလ်ချုပ်ကြီး ကာတာပန်က “ရေတပ်စခန်း ဆောက်လုပ်ရေးဟာ နံပါတ်တစ် ဦးစားပေးကိစ္စ ဖြစ်လာပြီလို့ ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေးအရ အခြေအနေတွေက အရေးကြီးလာပြီလေ။ ခက်တာက ဘဏ္ဍာရေး ကိစ္စပဲ။ ကျွန်တော်တို့မှာသာ ငွေကြေး အလုံအလောက်ရှိရင်စစ်စခန်း ဆောက်လုပ်ရေးအတွက် အရင်းအမြစ်အားလုံး ပုံအောပြီး သုံးလိုက်မှပါ”ဟု ပြောကြားခဲ့သည်။

၎င်းက ရေတပ်စခန်း၏ ကနဦးအဆင့် တည်ဆောက်မှုအတွက် ပီဆို သန်း ၈၀၀ (ဒေါ်လာ ၁၉ သန်းခန့်) လိုအပ်မည်ဖြစ်ပြီး အဓိက ရေတပ်အခြေစိုက် စခန်းကြီးအဆင့် မြှင့်တင်ရန် နောက်ထပ် ပီဆို ၅ ဘီလီယံမျှ ထပ်မံ လိုအပ်မည်ဟုလည်း ခန့်မှန်းခဲ့သည်။ “အခုလောလောဆယ်တော့ လမ်းပိုင်းတစ်ခု ဖောက်လုပ်နေ တာရယ်၊ ရေပြင် အနေအထားကို မွမ်းမံ တည်ဆောက်နေတာရယ်ကလွဲရင် ဘာမှ မလုပ်ရသေးဘူး။ လုပ်ငန်းသုံး ရေယာဉ်တွေအတွက် ဆီသိုလှောင်တဲ့ နေရာတွေ ရှိတယ်။ ကျန်တာကတော့ လုပ်စရာတွေ အများကြီး ရှိနေဆဲပါ”ဟုလည်း ၎င်းက ဖွင့်ဟခဲ့သည်။

ဖိလစ်ပိုင်၏ ရေတပ်အင်အား တိုးမြှင့်ရေးတွင် အကူအညီများ ပေးနေသည့် ဂျပန်က ရေတပ်စခန်း၏ အခြေခံ အဆောက်အအုံ လိုအပ်ချက်အတွက် ရန်ပုံငွေ ထောက်ပံ့မည် ဖြစ်သော်လည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင် တည်ဆောက်ပေးမည် မဟုတ်ဟု သိရသည်။

တရုတ်၏ ခြိမ်းခြောက်မှု ကြီးထွားလာသည့်နောက် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ကြား လုံခြုံရေးကဏ္ဍအတွက် ပူးပေါင်း ဆောင်ရွက်မှုများလည်း တိုးတက်လာခဲ့သည်။ ဖိလစ်ပိုင် ရေတပ်သည် ယခင်က အမေရိကန် ကမ်းခြေစောင့်တပ် အသုံးပြုခဲ့သည့် အခြေစိုက် စခန်းနေရာ နှစ်ခုကို အသုံးပြုကာ အူလူဂန် ပင်လယ်အော် ကို စောင့်ကြည့်သွားမည်ဟုလည်း ပြောကြားထားသည်။

Ref: CNA
7Day News Journal

No comments:

Post a Comment

My Blog List