Wednesday, May 13, 2015

တိုက်ပွဲဖြစ်နေသည့် ၃ ဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမည့် အခြေအနေ မရှိဟုဆို


အစိုးရနှင့် တိုက်ပွဲများ ဖြစ်နေသည့် မြန်မာ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က ငြိမ်းချမ်းရေး ဆွေးနွေးရန် မြန်မာအစိုးရသို့ ထပ်မံကမ်းလှမ်းမည့် အခြေအနေ မရှိကြောင်း ပြော ဆိုကြသည်။
ရန်ကုန်မြို့၊ အင်းလျားလိတ် ဟိုတယ်တွင် မေလ ၉ ရက်က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန် လည် သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲ၌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက MNDAA ၊ TNLA နှင့် AA တပ်ဖွဲ့များက အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုလျှင် ကမ်းလှမ်းနိုင်ကြောင်း သတင်းမီဒီယာများကို ပြော ဆိုခဲ့သည့်အပေါ် ထိုအဖွဲ့များက ပြန်လည် ပြောဆိုခြင်း ဖြစ်သည်။

TNLA မှ ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက “ကျနော်တို့ ငြိမ်းချမ်းရေးကို လိုချင်တယ်၊ ဒါပေမယ့် ငြိမ်း ချမ်းရေး ဆွေးနွေးဖို့ အစိုးရကို ကျနော်တို့ နှစ်ကြိမ် ပြောပြီးပါပြီ၊ အကြောင်းမပြန်ဘူး၊ အခု ထပ်ပြောရမယ်ဆိုတော့ ကျနော်တို့ဘက်ကို စဉ်းစားကြည့်ပါ” ဟု ဧရာဝတီသို့ ပြောသည်။

MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကိုလည်း အစိုးရက ဖမ်းဝရမ်းထုတ်ထားသည်။

ထို့အပြင် ကာကွယ်ရေး ၀န်ကြီးဌာနက ပြည်တွင်းသတင်းမီဒီယာ ဌာနများအား MNDAA ၏ သတင်း ထုတ်ပြန်ချက်များကို မရေးသားကြရန် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီမှတဆင့် သတင်းဌာနများသို့ မေလ ၃ ရက်နေ့တွင် သတိပေးစာ ပေးပို့ခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၏ ဒုဥက္ကဋ္ဌလည်း ဖြစ်သော ၀န်ကြီး ဦးအောင်မင်းက MNDAA ၊ TNLA နှင့် AA တပ်ဖွဲ့တို့အား ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းပါ ဟု ပြောဆိုသော်လည်း ထိုသုံးဖွဲ့ကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) အဆင့်တွင် ထည့် သွင်း ဆွေးနွေးမည် မဟုတ်ဘဲ တဖွဲ့ချင်း အစိုးရနှင့် ဆွေးနွေးသည့် ပဏာမ အပစ်အခတ် ရပ်စဲရေးအဆင့် (ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်) အဆင့်တွင်သာ ဆွေးနွေးလိုသည်ဟု ပြောဆိုထားသည်။

AA တပ်ဖွဲ့၏ စစ်ဦးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က “အခုက အကုန်လုံး အတူသွားရမယ့် အခြေအနေပါ၊ ဘာဖြစ်လို့ လူမသိသူမသိ နှစ်ကိုယ်ကြား ပြောချင်ရတာလဲ၊ မသိလို့ရတဲ့ ကိစ္စမရှိပါဘူး၊ တဖွဲ့ချင်းပြောဖို့ မလိုဘူး၊ အကုန်လုံး တခါတည်း ဆွေးနွေးဖို့လိုတယ်” ဟု ဆိုသည်။

အစိုးရက MNDAA ၊ TNLA နှင့် AA တပ်ဖွဲ့များ အပေါ်တွင် ရိုးရိုးသားသား ငြိမ်းချမ်းရေး ဆွေးနွေးလိုစိတ် မရှိဘဲ စစ်ရေးအရ အောင်နိုင်ရေးဗျူဟာ ရေးဆွဲနေခြင်းသာ ဖြစ်သည်ဟု ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် က ပြောသည်။

အစိုးရနှင့် တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည့် မတ်လမှ သမ္မတထံသို့ အိတ်ဖွင့်ပေးစာဖြင့် ငြိမ်း ချမ်းရေး ဆွေးနွေးပေးရန် တောင်းဆိုထားသော်လည်း ဆွေးနွေးမှု မပြုလုပ်ပေးဘဲ ယခုကဲ့သို့ ပြောဆိုမှုကို နားမလည်နိုင်ပါကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ဧရာဝတီသို့ ပြောဆိုသည်။

“ထပ်ပြီးကမ်းလှမ်းဆိုတော့ ဘယ်လို ကမ်းလှမ်းရမယ် မသိတော့ဘူး၊ လက်ရှိ အခြေအနေကို ပြန်သုံး သပ်ရမယ်၊ ဦးအောင်မင်းက ကမ်းလှမ်းဖို့ ပြောနေပေမယ့် တိုက်ပွဲက ပြင်းထန်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း တပ်မတော်နှင့် ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေသဖြင့် MNDAA အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် စဉ်းစားရမည့် အချိန်မရှိသေးကြောင်း ဦးထွန်းမြတ် လင်းက ပြောသည်။

MNDAA ၊ TNLA နှင့် AA တပ်ဖွဲ့များသည် မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြပြီး TNLA နှင့် AA တပ်ဖွဲ့များသည် MNDAA နှင့် အစိုးရ တပ်မတော် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ၀င်ရောက် စစ်ကူတိုက်ပေးနေပြီး၊ AA တပ်ဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် အခြေအနေ တင်းမာနေဆဲ ဖြစ်သည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားနေစဉ် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် ဆွေးနွေးနေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) မူကြမ်းကို သဘောတူ လက်မှတ်ထိုးလိုက်သဖြင့် MNDAA ၊ TNLA နှင့် AA တပ်ဖွဲ့များက NCCT မှ နုတ်ထွက်မည်ဟု ပြောဆိုထားသည်။

NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက တိုင်းရင်းသား စည်းလုံးညီညွတ်မှု လိုအပ်နေသည့် အချိန်ဖြစ်သဖြင့် MNDAA ၊ TNLA နှင့် AA တို့ကို နှုတ်ထွက် ရန် ကိစ္စကို ပြန်လည်စဉ်းစားရန်နှင့် လာမည့် ဇွန်လ ၂၀ ရက် တွင် ကျင်းပမည့် NCA ကို သုံးသပ်မည့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံတွင် ထိုအဖွဲ့များအား ဖိတ်ကြားသွားမည်ဟု ဧရာဝတီကို ပြောဆိုခဲ့သည်။

ဧရာဝတီ


No comments:

Post a Comment

My Blog List