Thursday, May 14, 2015

လွှတ်တော်လုပ်မှ နောက်က ကမန်းကတမ်း လိုက်တင်တာက နှစ်ဘက်စလုံး အကျိုးမရှိ ဟု လွှတ်တော် နာယကပြော



ဥပဒေပြုရေးအတွက် ဥပဒေကြမ်းများ ရေးဆွဲသည့်အခါ ကြာသင့်သည့် အချိန်ထက် မပိုသင့်ကြောင်း၊ လွှတ်တော်က ဥပဒေကြမ်း ရေးဆွဲဆွေးနွေးတော့မှ သက်ဆိုင်ရာ ဝန်ကြီးဌာနက နောက်က ကမန်းကတမ်း လိုက်လံရေးဆွဲတင်သွင်းခြင်းသည် နှစ်ဘက်စလုံးအတွက် အကျိုးမရှိနိုင်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မေ ၁၃ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့ သည်။

“မူလတုန်းကတော့ လွှတ်တော်မှာ ဆွေးနွေးတဲ့ ဥပဒေကို အကြံပြုချင်လို့အချိန်တစ်ခု စောင့်ပေးပါ ဆိုတော့ စောင့်ခဲ့တယ်။ တကယ် တင်လာတော့ အကြံပြုချက် မဟုတ်ဘဲ အသစ်ပြုလုပ်ထားတဲ့ ဥပဒေကြမ်း ကြီးကို တင်လာတယ်။ လွှတ်တော်က လက်ခံပြီး မူလဥပဒေကို အခြေခံ ဆွေးနွေးခဲ့တယ်။ ဥပဒေကြမ်း ကို မြန်မြန်လုပ်ပေးတာ ကောင်းပါတယ်။ အဲလိုအပ်တာက ဘာလဲဆိုရင် စကတည်းကမြန်မြန်လုပ်ပေး ရမယ့်ကိစ္စကို နှောင့်နှေးတဲ့အတွက် လွှတ်တော်က လုပ်တော့မှပဲ နောက်ကနေ ကမန်းကတမ်း လိုက် ပြီးတော့ တင်လာတဲ့ ကိစ္စဟာ နှစ်ဘက်စလုံးအတွက် အကျိုးမရှိနိုင်ဘူး” ဟု သူရဦးရွှေမန်းက ပြောကြား သည်။

ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးများ၌ ကြာသင့်သည်ထက် ပိုကြာခဲ့ရသော ဥပဒေကြမ်းများအနက် အမျိုးသားပညာရေး ဥပဒေကြမ်း၊ မြန်မာ့သတ္တုလုပ်ငန်း ဥပဒေနှင့် လျှပ်စစ် ဥပဒေကြမ်းတို့ကို သူရ ဦးရွှေမန်း က ရည်ညွှန်း ပြောဆိုခဲ့သည်။

ထိုသို့ အုပ်ချုပ်ရေးအဖွဲ့က ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်က တင်သွင်းနိုင်သည့် အဆင့်သို့ ရောက်ရှိ ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊အစိုးရ ကက်ဘိနက်အဖွဲ့ အပါအဝင် အထက်အဖွဲ့ အဆင့်ဆင့်သို့ ဖြတ် သန်း စိစစ်ရသောကြောင့် အနည်းဆုံး ခြောက်လခန့်ကြာမြင့်လေ့ရှိကြောင်းလည်း သူရဦးရွှေမန်းက ပြော သည်။

ဥပဒေကြမ်းများ လွှတ်တော်သို့ တင်သွင်းနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့် ကြာမြင့်ချိန်တို့နှင့် ပတ်သက် ပြီး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက “ဝန်ကြီးဌာနအဖွဲ့ အစည်းများက အသစ်ရေးဆွဲသင့်တဲ့ ဥပဒေတွေ ပြင်ဆင်တဲ့ဥပဒေတွေ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို တင်လာတဲ့အခါ ကျွန်တော်တို့ ရုံးက အလွန်ဆုံး နှစ်လလောက်အတွင်းမှာ အကြံပြုပြန်ကြားပါတယ်။ အဲဒီ ဌာနက အစိုးရအဖွဲ့ (ကက်ဘိနက်)ကို ဆက်တင်လို့ ရပါပြီ။ ဒါပေမယ့် ကျွန်တော်တို့  အကြံပြုချက်တွေ အတိုင်း သူတို့ ပြန်ပြင်ထားတာတွေ
ပြည့်စုံမှန်ကန်ရဲ့လား ဆိုပြီး သူတို့က ကျွန်တော်တို့ဆီ ပြန်တင်ပြတာလည်း ရှိပါတယ်။ ဥပဒေများကတော့ စိစစ်လိုက်တိုင်းမှာ အချိန်ပေးလုပ်ရင် လုပ်သလောက် ပိုပြည့်စုံတဲ့ သဘာဝရှိပါတယ်။ ပြန်စိစစ် ပြန်တင်ပြနဲ့ အချိန်ကြာတာလည်း ရှိပါတယ်။ အဲဒါပြီးရင် ဝန်ကြီးဌာနအနေနဲ့ အစိုးရအဖွဲ့က ဖွဲ့ထားတဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီကို ဆက်တင်ရတယ်။ 
အဲဒီကနေ ကက်ဘိနက်ကိုတင်ပြီးတော့ မှ ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းတာပါ” ဟု လွှတ်တော် သို့ ရှင်းပြသည်။ ထိုသို့ သောအဆင့်များ၊ လုပ်ထုံးလုပ်နည်းများကြောင့် အချို့သော ဥပဒေကြမ်းများ သည် နှစ်ပေါက်အောင် ကြာပြီး အချို့ကမူ ခြောက်လခန့်သာ ကြာလည်းရှိကြောင်း ၎င်းက ပြောသည်။

ပြည်ထောင်စု ရှေ့နေချုပ်ရုံးကမူ ရောက်လာသမျှ ဥပဒေကြမ်းတို့ကို ကျွမ်းကျင်ဝန်ထမ်း များဖြင့် နိုင်နိုင်နင်း နင်း စိစစ်ပေးလျက်ရှိသဖြင့် ယခု ဧပြီလအထိ ဆောင်ရွက်ကျန်သော ဥပဒေကြမ်း ဟူ၍ ပြင်ဆင်သည့် ဥပဒေ တစ်ခု၊ အစားထိုးပြဋ္ဌာန်းသည့် ဥပဒေ ငါးခုနှင့် ဥပဒေအသစ် ဆယ်ခုတို့သာ ရှိကြောင်း၊ ပြီးခဲ့သည့်လ အတွင်း စိစစ်အကြံပြု ပြန်ကြားခဲ့သည့် ဥပဒေမှာ ၂၆ ခုရှိကြောင်း ၎င်းက ရှင်းပြသည်။

“ဥက္ကဋ္ဌကြီးပြောသလို လွှတ်တော်မှာ ဆွေးနွေးနေဆဲမှာ ဝန်ကြီးဌာနက ဥပဒေ အသစ် ထပ်တင်တဲ့ ကိစ္စကတော့ အမည်တူ အကြောင်းအရာတူ ဥပဒေတွေမှာ လွှတ်တော်က စဉ်းစားတဲ့ ဥပဒေတစ်ခု အပေါ်မှာပဲ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆွေးနွေးရပါမယ်။ ဥပဒေ(တစ်မျိုးတည်း)နှစ်ခု မတင်ရဘူးလို့ ပြဋ္ဌာန်းချက် မရှိသော်လည်း ဒါကလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်ပြီးတော့ အကြောင်းအ ရာ ခေါင်းစဉ်တူ အမည်တူ အနှစ်သာရ တူတဲ့ကိစ္စမျိုးမှာတော့ လွှတ်တော်က ဆုံးဖြတ်ထားတဲ့ ဥပဒေ အပေါ်မှာ လိုအပ်တဲ့ အချက်အလက်များကို ပြင်ဆင်ဖြည့်စွက် သွားခြင်းကတော့ ဥပဒေ နှစ်ခုကို ပြိုင်ဆွေးနွေးစရာ မလိုဘူးလို့ ထင်ပါတယ်” ဟု ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယရှေ့ နေချုပ်က လွှတ်တော် ဥက္ကဋ္ဌ အား ရှင်းပြခဲ့သည်။

အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသည် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အသီးသီးက ပေး ပို့လာသော ဥပဒေကြမ်းများကို ၂၀၁၁ တွင် ၇၆ ကြိမ်၊ ၂၀၁၂ တွင် အကြိမ် ၆၀၊ ၂၀၁၃ တွင် ၆၁ ကြိမ်၊ ၂၀၁၄ တွင် ၈၁ ကြိမ်၊ ၂၀၁၅ တွင် ယနေ့အထိ ၂၂ ကြိမ် စုစုပေါင်း အကြိမ် ၃၀၀ စိစစ် အကြံပြုကာ အကြောင်း ပြန်ခဲ့သည်ဟုလည်း ဦးထွန်းထွန်းဦးက ဖြေကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List