Tuesday, May 12, 2015

လောက်ကိုင်တိုက်ပွဲတွင် သေဆုံးသော ကြက်ခြေနီကို နိုင်ငံတော်သမ္မတ စွမ်းဆောင်ရည်ဆု ချီးမြှင့်မည်


ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း လောက်ကိုင်ဒေသအတွင်း တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်များ တိုက်ပွဲများအတွင်း လက်နက်ထိမှန် ဒဏ်ရာဖြင့် သေဆုံးသွားသော ကြက်ခြေနီတစ်ဦးကို နိုင်ငံတော် သမ္မတ စွမ်းဆောင်ရည်ဆု ချီးမြှင့်မည်ဖြစ်ကြောင်း ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာ သိမ်းမြို့က ပြောကြားသည်။
အဆိုပါ သေဆုံးသွားသော ကြက်ခြေနီတစ်ဦးအပြင် စစ်ဘေးရှောင်ဒုက္ခသည် ကယ်ဆယ်ရေး တာဝန် ထမ်းဆောင်နေစဉ် သေနတ်ထိမှန် ဒဏ်ရာရရှိသော ကြက်ခြေနီနှစ်ဦးကိုလည်း နိုင်ငံတော်သမ္မတ စွမ်းဆောင်ရည်ဆုကို မေလ ၁၅ ရက်နေ့တွင် ပေးအပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မေလ ၁၄ ရက်နေ့ကို ဆုယူဖို့ အကြိုပွဲပေါ့။ ၁၅ ရက်နေ့ကတော့ ပွဲကြီးလို့ သိထားတယ်။ သေဆုံးသွားတဲ့ ကိုမိုးကျော်သန်းအစား သူ့မိန်းမက လက်ခံယူမယ်။ ကျန်ဒဏ်ရာရခဲ့တဲ့ လူတွေကတော့ လူကိုယ်တိုင်တက် မယ်။ မနက်ဖြန် သူတို့ နေပြည်တော်ကို သွားကြမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကြက်ခြေနီများကို ဆုချီးမြှင့်ရန် အကြောင်းကြားထားခြင်း ဖြစ်သော်လည်း မည်သည့်ဆုအမျိုးအ စား ဖြစ်သည်ကိုမူ သိရှိထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေ က ပြောကြားသည်။

“ကျွန်တော်တို့ကို ဆုချီးမြှင့်ဖို့အတွက် ဒီလူတွေကို ခေါ်ပေးပါ။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာနကို အရောက်ပို့ပေးပါလို့ပဲ ပြောထားတယ်” ဟု ၎င်းကဆိုသည်။

ကိုမိုးကျော်သန်းသည် ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းဝင် ဖြစ်ပြီး လောက်ကိုင်တိုက်ပွဲများအတွင်း စစ်ဘေးရှောင်ဒုက္ခသည်များ ကယ်ဆယ်ရင်း သေနတ်ကျည်ဆန် ထိမှန်ပြီးနောက် နှစ်လခန့်ကြာ ဆေး ကုသမှု ခံယူခဲ့သော်လည်း မန္တလေးပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည်။

အလားတူ ကျန်ကြက်ခြေနီ နှစ်ဦးမှာလည်း စစ်ဘေးရှောင် ဒုက္ခသည်များကို ကယ်ဆယ်သည့် ကြက်ခြေနီ ယာဉ်များ ပစ်ခတ်ခံရမှုများတွင်ပါဝင်ခဲ့ပြီး မျက်လုံးတစ်ဝိုက် ထိခိုက်ဒဏ်ရာနှင့်လက်မောင်းကျည် ဆန် ဖောက်ထွက်ဒဏ်ရာများ အသီးသီး ရရှိခဲ့သူများ ဖြစ်သည်။

ထို့အပြင် လောက်ကိုင်တိုက်ပွဲများအတွင်း သေနတ်ထိမှန် ဒဏ်ရာဖြင့် သေဆုံးသွားသူ ကိုမိုးကျော်သန်း ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက ချီးမြှင့်သောဟင်နရီဒူးနန့်ဆုချီးမြှင့်ခံရနိုင်ရေးအတွက် မြန် မာနိုင်ငံ ကြက်ခြေနီအသင်းက အဆိုတင်သွင်းထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List