Tuesday, May 12, 2015

လူ ၆၂ ဦးသေဆုံးခဲ့သည့် အီရတ်ထောင်ဖောက်မှု ISIS က ၎င်းတို့ လက်ချက်ဟု ပြော


လူပေါင်း ၆၀ ကျော်သေဆုံးခဲ့သည့် အီရတ်ထောင် ၀င်ရောက်စီးနင်းမှုသည် ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း အိုင်စစ် စစ်သွေးကြွများက ပြောသည်။မည်သို့စတင်ဖြစ်ပွားခဲ့သည်ကို သေချာမသိရသေးသောအဆို ပါ ထောင်ဖောက် မှုတွင် ရဲသား ၁၂ ဦးနှင့် ထောင်သား ၅၀ ဦး သေဆုံးခဲ့သည်။
အီရတ်နိုင်ငံ ဘက်ဂဒက်မြို့အရှေ့မြောက်ပိုင်း မိုင် ၅၀ ခန့်အကွာတွင်ရှိသောအယ်လ်ခါလိစ်ထောင် တွင် ထောင်ဆူမှုဖြစ်ပွားခဲ့ပြီးနောက် ထောင်သားများလွတ်ထွက်သွားခြင်းဖြစ်ကြောင်း အီရတ်ရဲတပ်ဖွဲ့ က ပြောသည်။

သို့သော် အိုင်စစ် ထောက်ခံသည့် Amaq အေဂျင်စီ၏သတင်းဖော်ပြချက်အရ အိုင်စစ်အဖွဲ့ဝင်များက ဖောက် ခွဲရေးပစ္စည်းများအသုံးပြု၍ အယ်လ်ခါလိစ်ထောင်တွင်းသို့ စီးနင်းဝင်ရောက်ကာ ထောင်သား ၃၀ ခန့်ကို ခေါ် ထုတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းနောက်တွင် ရှီယာစစ်သွေးကြွများက ထောင်တွင်းသို့ အင်အားသုံးဝင်ရောက်၍ လူ ၆၀ ဦးကို သတ်ပစ် ခဲ့ကြသည်ဟုလည်း အေဂျင်စီက ပြောသည်။

“လူသတ်မှုနဲ့ အကျဉ်းသား လွတ်ထွက်မှုအတွက် အိုင်စစ်မှာ တာဝန်ရှိတယ်။”ဟု မြို့တော်ဝန် အူဒီအယ်လ် ခါဒရန် က ပြောသည်။ မြို့တော်ဝန်၏ အဆိုပါပြောကြားချက်ကို ရဲမှူးကြီး အာမက်အယ်လ်တီမီက လည်း ထောက်ခံပြောဆိုသည်။

အယ်လ်ခါလိစ်ထောင်တွင် အကြမ်းဖက်မှုကြောင့် ဖမ်းဆီးခံထားရသော အကျဉ်းသား ၃၀၀ ခန့် ရှိပြီး အန္တရာယ်ကြီး အကြမ်းဖက်သမားများ ထိန်းသိမ်းထားခြင်းရှိ မရှိကိုမူ မသိရသေးချေ။

အီရတ်ရဲသတင်းရပ်ကွက်မှ သိရသည်မှာ Amaq အေဂျင်စီ၏ သတင်းဖော်ပြချက်များနှင့် ကွဲလွဲမှုရှိနေသည်။

“ထောင်သားတွေအချင်းချင်း ခိုက်ရန်ဖြစ်ပွားတာကို လုံခြုံရေးတွေက ၀င်ရောက်ဖျန်ဖြေပေးခဲ့တယ်။ အဲဒီ မှာ ထောင်သားတွေက လုံခြုံရေးဝန်ထမ်းတွေကို စတင်တိုက်ခိုက်တယ်။

လက်နက်တွေရသွားတယ်။ နောက် ထောင်လက်နက်တိုက်ကိုပါ ၀င်စီးပြီး ဆူပူထကြွခဲ့ကြတယ်။”ဟု အတည်မပြုနိုင်သော ရဲသတင်းရပ်ကွက်မှ သိရသည်။

လက်ရှိတွင် အာဏာပိုင်များက အယ်လ်ခါလိစ်တွင် ညမထွက်ရအမိန့်ထုတ်ထားပြီး လွတ်သွားသည့်အကျဉ်း သားများ ပြန်လည်ဖမ်းဆီးနိုင်ရေးအတွက် အိမ်များကို ပိုက်စိပ်တိုက် ရှာဖွေလျက်ရှိသည်။

အမေရိကန်၏အကူအညီဖြင့် အိုင်စစ်များကို တိုက်ခိုက်လျက်ရှိသော အီရတ်အစိုးရသည် နိုင်ငံတွင်း ကျယ် ပျံ့စွာဖြစ်ပွားလျက်ရှိသော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ထိန်းကွပ်နိုင်ရန် ကြိုးစားနေသည်။

လွန်ခဲ့သော စနေနေ့က ဘက်ဂဒက်မြို့တွင် ကားဗုံးပေါက်မှုတခုဖြစ်ပွားခဲ့ပြီး အရပ်သား ၇ ဦးသေဆုံး၍ ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ရည်ညွှန်း - The Independent
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List