Wednesday, May 13, 2015

ဒေါ်မိစုပွင့်နှင့် တွေ့ဆုံမေးမြန်းခြင်း


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ ဗဟို ဦးဆောင်ကော်မတီဝင်၊ မဟာမိတ် ဆက်ဆံရေးတာဝန်ခံ (ရန်ကုန်)၊ မြန်မာ အမျိုးသမီးသမဂ္ဂ၊ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်၊ အမျိုးသမီး အဖွဲ့ချုပ် (မြန်မာ)၊ အကြံပေးအဖွဲ့ဝင်၊ ဒေါ်မိစုပွင့်ကို မေလ ၉ ရက် အင်းယားလိတ် ဟိုတယ်တွင် ကျင်းပ သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲသို့ တက်ရောက်သည့် အကြောင်းအ ရာနှင့် ပတ်သက်ပြီး မဇ္ဈိမက မေးမြန်းခဲ့သည် များကို ဖော်ပြလိုက်ပါသည်။
အမေး။ ။ မေလ ၉ ရက်က လုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲကို ABSDF အနေနဲ့ ဘယ်လိုဖိတ်ကြားခံရပြီး တက်ရောက်ဖြစ်ခဲ့တာလဲ။

အဖြေ။ ။ အဲဒီနေ့က ပွဲက အဓိကအားဖြင့် ဖိတ်စာအရကတော့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ လက်နက်ကိုင်အဖွဲ့ တိုင်းရင်းသား အင်အား စုကြီးနှစ်ခုကနေ အဓိက ဖိတ်တဲ့သဘော၊ နောက်ပြီးတော့ ပြည်ထောင်စုနေ့က လက်မှတ်ထိုးခဲ့တဲ့ ပြည် တွင်း က နိုင်ငံရေးအဖွဲ့အစည်း ပါတီတွေ၊ အပါအဝင် အားလုံးကနေပြီးတော့ ဘာဆက်လုပ်မလဲဆိုတဲ့ လုပ်ငန်းစဉ်လေးတွေကို တိုင်ပင်ကြဖို့ ဆိုပြီးတော့ အဲဒီလိုမျိုးပဲ ဖိတ်ခဲ့ကြတာပါ။

အမေး။ ။ အဲဒီပွဲကို ဘယ်သူက အဓိက လုပ်တယ်လို့ သိထားခဲ့တာလဲ ခင်ဗျ။

အဖြေ။ ။ အဲဒီ အစည်းအဝေးကို စီစဉ်တာကတော့ အစုအဖွဲ့တွေ အများကြီးပေါ့နော်။ ငြိမ်းချမ်းရေးစင်တာနဲ့ အစုအဖွဲ့တွေ အများကြီးပါဝင်တာကိုတော့ လုပ်တဲ့နေ့မှာ တွေ့ရတယ်။ ဒါပေမယ့် ဖိတ်စာအရ KNU နဲ့ RCSS တို့က ဖိတ်တယ်လို့ နားလည်တယ်။

အမေး။ ။ ဖိတ်စာမှာရေးထားတဲ့ စာ အတိအကျကိုလည်း ပြောပေးပါဦး။

အဖြေ။ ။ ဖိတ်စာထဲမှာတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုပြီး ရိုးရိုးစင်းစင်းပဲ ဖိတ်ပါ တယ်။ ကျွန်မတို့က ဒီမှာလည်း ရှိနေတယ်၊ KNU နဲ့ RCSS တို့က ကျင်းပတဲ့ပွဲ ဆိုတော့ ဘာပဲဖြစ်ဖြစ် တက်ရောက် လေ့လာသင့်တယ်လို့ သဘောထားနဲ့ တက်ရောက်တာ ဖြစ်ပါတယ်။ ဘာတွေ ဆက်သွားဖို့ ရှိလဲဆိုတာကို သွားပြီး နားထောင်သင့်တဲ့အတွက်ပါ။

အမေး။ ။ တက်တာက ABSDF အပါအဝင် လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့လို့ပဲ သိရတယ်။ ဖိတ်တာက တိုင်းရင်းသား အဖွဲ့ ၂၂ ဖွဲ့စလုံးကို ဖိတ်တာလား ခင်ဗျ။

အဖြေ။ ။ အားလုံးကို ဖိတ်တယ်လို့ သိရတယ်။ ဒါပေမယ့် အားလုံးကလည်း ဝညီလာခံက ခေါင်းဆောင်တွေ ပြန်လာတဲ့အချိန်၊ ဖိတ်ခေါ်တဲ့ အနေအထားအရလည်း ပြည်ထောင်စုနေ့ ကတိကဝတ်၊ သဘောတူလက်မှတ် ထိုးတဲ့ အဖွဲ့တွေက ဦးဆောင်ပြီးတော့ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုကို ဆောင်ရွက်ဖို့ ဆိုတဲ့ အနေအထားမျိုးကို နားလည်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ပြည်ထောင်စုနေ့မှာ ပါဝင်လက်မှတ်မထိုးတဲ့ အဖွဲ့ တော်တော်များများကတော့ မတက်ရောက်ကြဘူးပေါ့။  အစိုးရအနေနဲ့ တိုင်းရင်းသားတွေ အားလုံး ပူးပေါင်းပြီး  ငြိမ်းချမ်းရေးကို ရရှိအောင် အကောင်အထည်ဖော်မယ်ဆိုတဲ့ Deed of Commitment ကို၊ ပြည်ထောင်စုနေ့ မှာ KNU၊ RCSS၊ DKBA၊ KNU/KNLA/PC တို့ပဲ လက်မှတ်ထိုးခဲ့တာပါ။

အမေး။ ။ အဲဒီ ပြည်ထောင်စုနေ့မှာလည်း ABSDF က ဘာကြောင့် လက်မှတ်မထိုးခဲ့တာလဲ။

အဖြေ။ ။ ပြည်ထောင်စု ညစာစားပွဲ တက်ရောက်ဖို့ဆိုပြီး ဖိတ်စာရတယ်။ အခမ်းအနားကို တက်ရောက်တဲ့ အချိန်မှာ ပြည်ထောင်စုနေ့လို သမိုင်းဝင်နေ့မှာ အမှတ်တရ သမိုင်းဝင်မယ့် အဓိဋ္ဌာန်ပြုကြတာမျိုး လုပ်ကြ မယ်လို့တော့ ကြားထားတယ်။ ဒါပေမယ့် အဲဒီနေ့မှာ လုပ်သွားတဲ့ပုံစံက ကတိုက်ကရိုက် ဖြစ်ပြီးတော့ အားလုံး ပါဝင်နိုင်ဖို့ အားနည်းချက်တွေရှိလို့ ABSDF က လက်မှတ်မထိုးဘူးလို့ ဆုံးဖြတ်လိုက်တာပါ။

အမေး။ ။ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုပြီး ဖိတ်တယ်။ အပြီးမှာ သဘောထား ထုတ်တယ်။ ပြည်ထောင်စုနေ့မှာ အစ်မတို့ လက်မှတ်မထိုးထားဘူးဆိုတော့ ဒီ ထုတ်ပြန်ချက်မှာကော အစ်မတို့ သဘောအရ ထုတ်ပြန်တာလား။

အဖြေ။ ။ ဒီထုတ်ပြန်ချက်အပေါ်မှာ သဘောထားမပေးခြင်းနဲ့ ပတ်သက်ပြီးတော့ အဖွဲ့တွေရဲ့ စဉ်းစား ချက် တွေက အတူတူလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွန်မတို့မှာ အဖွဲ့ရဲ့ တာဝန်ပေးအပ်မှုမပါဘူး။ ထုတ်ပြန်ချက်တစ်ခု ထွက်ဖို့ ဆိုရင် ဒီထုတ်ပြန်ချက်ထဲမှာ မပါဘူးဆိုတာကို မှတ်တမ်းတင်ခိုင်းပါတယ်။ ငါးဖွဲ့ကတော့ မပါပါဘူး။ ငါးဖွဲ့က သဘောထားမပေးဘူးဆိုပြီး မှတ်တမ်းတင်ခိုင်းတာပါ။ အဲဒါတွေက ABSDF၊ NLD၊ ကရင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် နဲ့ နောက်တစ်ခုကတော့ လိုက်မှတ်တာ သဘာပတိကလည်း နောက်ကျနေလို့ အခမ်းအနားကို အမြန်ပိတ်နေရတာနဲ့ မမှီလိုက် ဘူး ဖြစ်သွားတယ်။

အမေး။ ။ ဒါပေမယ့် ထုတ်ပြန်ချက်မှာတော့ မိခင်အဖွဲ့တွေက တာဝန်ပေးထားခြင်းမရှိလို့ ထုတ်ပြန်ချက်မှာ သဘောထားမပါဝင်တဲ့ အဖွဲ့တွေကို မဖော်ပြခဲ့ဘူးနော်။ အဲဒါက ဘာကြောင့်လို့ သိထားလဲ ခင်ဗျ။

အဖြေ။ ။ ဒါက ဖြစ်တတ်ပါတယ်။ ထုတ်လိုက်တဲ့အချိန်မှာ ထွက်လာတဲ့ထုတ်ပြန်ချက်မှာလည်း ကျွန်မတို့ မတွေ့ရဘူး။ ဒါပေမယ့် မှတ်တမ်းတင်ပေးဖို့ပြောတဲ့ အဖွဲ့တွေရဲ့ သဘောထားကို အစည်းအဝေးထုံးစံ အရတော့ မှတ်တမ်းတင်ခိုင်းတဲ့ အဖွဲ့တွေကို မှတ်တမ်းတင်ပေးရပါတယ်။ အဲဒီနေ့မှာတော့ သူတို့ဆီမှာ မှတ်တမ်းတော့ ရှိလိမ့်မယ်။ ထုတ်ပြန်ချက် ထုတ်တော့ ဘယ်အဖွဲ့ တက်တယ်ဆိုတာ ပြောဖို့လိုပေမယ့် လည်း အများစုက ထောက်ခံတယ်ဆိုတဲ့ သဘောထားမျိုးနဲ့ ယေဘုယျ လုပ်လိုက်တယ်လို့ ထင်ပါတယ်။

အမေး။ ။ ဆွေးနွေးပွဲတွေ လုပ်ရင် ဆုံးဖြတ်ချက် ချနိုင်တဲ့သူတွေကို လွှတ်လေ့ လွှတ်ထရှိတာ မဟုတ်ဘူး လား အစ်မ။

အဖြေ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘာအစည်းအဝေးလုပ်မယ် ချက်ချင်းဆုံးဖြတ်မယ်လို့ ဖိတ်စာတွေမှာ ကြိုပြောထားရင်တော့ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပါတီအဖွဲ့တွေက သူတို့ရဲ့ ဦးဆောင် အဆင့်မှာ ဆွေးနွေးပြီး သဘောထားယူလာပြီးရင် သူတို့ရဲ့သဘောတူတယ်၊ သဘောမတူဘူး ဆိုတာကို ပြောလို့ရတယ်။  အစည်းအဝေးတွေမှာ ဘာအကြောင်းဆွေးနွေးမယ်ဆိုတာ မသိဘဲနဲ့တော့ ဥက္ကဋ္ဌ ကိုယ်တိုင် တက်ရောက်သည် ဖြစ်စေ အစည်းအဝေးက တစ်စုံတစ်ရာ ပြုလုပ်မယ်ဆိုရင် အဖွဲ့အစည်း ရဲ့ သဘောထားလို့ ပြောရင်တော့ သဘောထားပေးဖို့ အခက်အခဲ ရှိနိုင်တယ်။ ဒီသဘောထားကိုတော့ ကျွန်မတို့ သိထားရမယ်လို့ ပြောချင်တယ်။ မြန်မာပြည်မှာ ထုံးစံက အဖွဲ့အစည်းက တာဝန်ရှိသူတွေ တက် လာတယ်။ အောက်ခြေကလည်း ပြန်ပြီးဆွေးနွေးတာ ကန့်ကွက်တာ မရှိဘူးဆိုတာကို သဘောတူတယ် ဆိုတဲ့ သဘောပေါ့။ လာတက်တဲ့ သူကလည်း သူ့ အောက်ခြေ အဖွဲ့တွေကို ပြန်ရှင်းပြတာ တစ်ပိုင်း၊ ဒါပေမယ့် အစည်းအဝေးတွေ လုပ်တိုင်း ဘယ်အကြောင်းအရာကို လုပ်တာ ဖြစ်ပါတယ်။ ဆုံးဖြတ်ဖို့ရှိရင် အဖွဲ့သဘောထားတွေ ပေးဖို့ ပြောထား ရင်တော့ ပိုရှင်းနိုင်ပါတယ်။ တကယ်တမ်းလုပ်နေတဲ့ အစည်း အဝေးတွေက အဲဒီလို ပုံစံမဟုတ်တဲ့ အခါကျတော့ နောက်ပိတ်တွေမှာ သဘောမတူတာတွေ၊ ကိုယ့်အဖွဲ့ သဘောထား မပါတာတွေ ဖြစ်လာတာပေါ့။ NLD လို ပါတီကြီး မျိုးကလည်း ထွက်လာပြီးမှ သဘောတူ ပါတယ်လို့ ပြောဖို့ အခက်အခဲရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရင်တောင် အတည်ပြောနိုင် ဖို့ အခက်အခဲ ရှိနိုင်တယ်လို့ ယုံကြည်တယ်။

အမေး။ ။ အဲဒီတော့ အဲဒီ ထုတ်ပြန်ချက်ပါ အကောင်အထည်ဖော်မယ့် အချက်တွေနဲ့ပတ်သက်ပြီး လုပ်တဲ့ အခါကျတော့ အစ်မတို့က ဘယ်လိုလုပ်ဖို့ရှိလဲ။

အဖြေ။ ။ ကျွန်မတို့ သဘောထားကတော့ NCA လက်မှတ်ထိုးဖို့ ကြိုးပမ်းနေတယ်။ အဲဒီအတွက် လက်နက် ကိုင် အားလုံးညီညီညွတ်ညွတ်နဲ့ အသံတစ်ခုတည်း ထွက်လာနိုင်အောင် တတ်နိုင်တဲ့နေရာ ကနေ ပါဝင် ပြီးတော့ ကြိုးစားနေတယ်။ နိုင်ငံရေးဆွေးနွေးပွဲစဖို့ အားလုံးသဘောတူတဲ့ မူဘောင်တစ်ခုကို ရဖို့ ပြည်ထောင် စုနေ့ အခြေခံတဲ့ သဘောတူညီမှုက လုပ်တဲ့အပေါ်ပဲဖြစ်ဖြစ်၊ မူဘောင်တစ်ခုထွက်ပေါ်ဖို့ အကြံဉာဏ်ရယူတာ၊ ပြုလုပ်တာပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသားအားလုံးမှာလည်း မူဘောင်တွေ အသီးသီး ရှိနေတယ်။ ကြံ့ခိုင်ရေးပါတီမှာလည်း ရှိကောင်းရှိမယ်။ အဲဒီမှာ ဘာတွေပါလဲ ဆိုတာ သိဖို့လိုမယ်။ ဒါတွေမသိသေးဘဲနဲ့ သီးသီးခြားခြား မရှင်းလင်းတဲ့အချိန်မှာ  လုပ်လိုက်ရင် တစ်ချိန်ချိန် ကျွန်မတို့ကြားထဲမှာ အခက်အခဲတွေ တွေ့မယ်။  ဒါတွေကို စိုးရိမ်တယ်။ အားလုံးလည်း ပါဝင်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ် တစ်ခု ဖြစ်နိုင်ဖို့ အရေးကြီးတယ်။ ကျွန်မတို့ ဒီအပေါ်မှာ သဘောထား မပေးထားပေမယ့် ABSDF ရဲ့ ဗဟိုအဖွဲ့ကနေ ဆုံးဖြတ်နိုင်တဲ့ အခြေအနေရှိတယ်။ လမ်းကြောင်းတစ်ခုခု ရှင်းရှင်းလင်းလင်း ပေါ်လာ ရင်တော့ အားလုံးနဲ့ ပူးတွဲပြီး ပါဝင်သွားဖို့ ရှိပါတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျ။

ဒေါ်မိစုပွင့်သည် ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် တတိယနှစ် တက်နေစဉ် ဘုန်းမော် အရေးအခင်းအပြီး အဆောင်နေ ကျောင်းသားကျောင်းသူများကို နေရပ်ပြန်ခိုင်းရာမှ ကယားပြည်နယ် လွိုင်ကော် ဇာတိ နယ်မြေသို့ ပြန်ခဲ့ပြီး ရှစ်လေးလုံး အရေးတော်ပုံသို့ ကယားပြည်မှ ကျောင်းသား၊ တက်ကြွလှုပ်ရှားသူများ ပါဝင်ရေး ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ အရေးအခင်းအပြီးတွင် နယ်စုံမှ ရောက်ရှိလာသည့် ကျောင်းသား များနှင့် လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ဖြင့် ဆက်လက်တော်လှန်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦးသို့ ပါဝင်ခဲ့သည်။ ယင်းအပြင် မြန်မာအမျိုးသမီးသမဂ္ဂ ၁၉၉၅ ခုနှစ်တွင် စတင် တည်ထောင်သည့် အဖွဲ့ဝင်များထဲမှ တစ်ဦးလည်း ဖြစ်သည်။

Mizzima - News in Burmese


No comments:

Post a Comment

My Blog List