Monday, May 11, 2015

ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ ယခုလအတွင်း ပြုလုပ်မည်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ယခုလ (မေလ) အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော်က The Voice သို့ ပြောကြားသည်။
နိုင်ငံတော်သမ္မတ အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် အများစု ပါ ဝင်နေသော ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ ထပ်မံပြုလုပ်ရေးနှင့် ပတ်သက်ပြီး ၎င်းကယင်းသို့ ပြောဆိုခြင်း ဖြစ် သည်။

“ဒီဆွေးနွေးပွဲမှာ သမ္မတကြီးကလည်း ကျွန်တော့်ပါတီကလေ။ နောက် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးကလည်း ကျွန်တော်တို့ဆီကပဲ။ ဒီတော့ ခြောက်ပွင့်ဆိုင်နဲ့ ပတ်သက်ပြီး ပါတီအတွင်း ပြန်ရှင်းပြတာတွေ ရှိတာပေါ့ ။ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဒုတိယအကြိမ်ကို ဒီလထဲမှာ လုပ်မယ်လို့ ဥက္ကဋ္ဌကြီးက ပြော ထားတာပဲ။ ဒီလထဲမှာပဲ လုပ်ဖြစ်မှာပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲသည် ဟန်ပြသက်သက် ပြုလုပ်ခြင်း မဟုတ်ဘဲ နိုင်ငံတော်အကျိုးအ တွက် နိုင်ငံရေးခေါင်းဆောင် အသီးသီးက ဆွေးနွေးခြင်း ဖြစ်သောကြောင့် ယင်းဆွေးနွေးပွဲအပေါ် ပါတီ တွင်း သဘောထားကွဲလွဲမှုများ မရှိကြောင်း ၎င်းကဆိုသည်။

သို့သော်လည်း ဒုတိယအကြိမ် တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ အစိုးရအဖွဲ့မှ ပြည်ထောင်စု လွှတ်တော်သို့ အကြောင်းကြားလာခြင်း မရှိသေးကြောင်း ခြောက်ပွင့်ဆိုင် တိုင်းရင်းသားကိုယ်စားပြု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။ “တကယ်လုပ်ဖြစ်မယ် ဆိုရင် အကြောင်းကြားမှာပေါ့။ လွှတ်တော်တောင် ပြန်စတော့မှာလေ။ ကျွန်တော်တို့ ကြိုသိရမှာပါ” ဟု ၎င်းကဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကတိုက်တွန်းထားသော နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၁၀ ရက်နေ့ တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အဆိုပါ ပထမအကြိမ် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွင်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကို မူအားဖြင့် သဘောတူညီခဲ့ခြင်း ဖြစ်ကာ အခြေခံဥပဒေတွင် ပြင်ဆင်မည့် အချက်များကို ဒုတိယအ ကြိမ် ဆွေးနွေးပွဲတွင် ညှိနှိုင်းမည်ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List