Wednesday, May 13, 2015

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် သီလဝါ စက်မှုဇုန်တို့တွင် တရုတ်တို့ပါဝင် ရင်းနှီးမြှုပ်နှံလိုဟုဆို


မြန်မာ့ အထူးစီးပွားရေးဇုန် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် သီလ၀ါ စက်မှုဇုန်တို့တွင် တရုတ်တို့ပါဝင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မီဒီယာကို ဖြေကြားသည်။
“ဒီကို မလာခင် သူတို့ ထိုင်းနိုင်ငံကို ဝင်ခဲ့ပြီး ထိုင်းနဲ့တရုတ်နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စက်မှုဇုန်တွေကို လေ့ လာခဲ့တယ်၊ ဒီမှာ သမ္မတကြီးနဲ့ ဆွေးနွေးတော့လည်း သူတို့ အဓိက စိတ်ဝင်စားနေတဲ့ ကျောက်ဖြူ စီး ပွားရေးဇုန်မှာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေ၊ သီလဝါနဲ့ ထားဝယ် အထူးစီးပွားရေး ဇုန်တွေမှာ ရင်းနှီးမြှု ပ်နှံနိုင်မှု အလားအလာတွေကို ဆွေးနွေးခဲ့ပါတယ်” ဟု တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင် စီဝင်၊ နိုင်ငံတော်ကောင်စီ အထွေအထွေ အတွင်း ရေးမှူး မစ္စတာ Yang Jing နှင့် အဖွဲ့ဝင် ၁၂ ဦးတို့ ယနေ့ နေ့လယ် ၂ နာရီတွင် သမ္မတ ဦးသိန်းစိန်အား သမ္မတအိမ်တော်၌ တွေ့ဆုံအပြီး ထိုတွေ့ဆုံပွဲနှင့် ပတ်သက်၍ မီဒီယာသို့ ဖြေကြားရာတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရေးကို အဟန့်အတားဖြစ်စေသည့် လောက် ကိုင် တိုက်ပွဲများအကြောင်း ဆွေးနွေးကြပါ သလားဟု မေးခဲ့ရာ ၀န်ကြီးက “လောက်ကိုင် တိုက်ပွဲတွေ အကြောင်းတော့ ထည့်သွင်းဆွေးနွေးတာ မရှိဘူး။ မြန်မာနိုင်ငံဘက်က ကြဲချလိုက်တဲ့ ဗုံးကျပြီး တရုတ်နိုင် ငံသားတချို့  သေဆုံးတဲ့ ကိစ္စကိုတော့ အစိုးရချင်းရော တပ်မတော်ချင်း ရော နောက် ပြည်သူချင်းရော ညှိနှိုင်းဖြေရှင်းနိုင်တဲ့အတွက်ကြောင့် ရလဒ် ကောင်းတယ်လို့ သူတို့ သုံးသပ်တယ်။ နောက် ဒါမျိုး ထပ် မဖြစ်ပွားဖို့ အစိုးရချင်းရော တပ်မတော်ချင်းရော လိုအပ်တယ်ဆိုတာ ဆွေးနွေးဖြစ်တယ်” ဟု ၎င်းက ပြော သည်။

တရုတ်ဘက်မှ သေဆုံးခဲ့သူတို့အတွက် လျော်ကြေးပေးရန်ကိစ္စကမူ မည်သည့်ပုံစံဖြင့် မည်မျှပေးမည် ဆိုသည်တို့ကို နှစ်ဘက်နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ကအသေးစိတ်ဆက်လက် ဆောင်ရွက်သွားကြ မှာ ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

တရုတ်ဧည့်သည်တော်များအား တွေ့ဆုံရာတွင် သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ခုနစ်ဦးတို့လည်း ပါဝင်ခဲ့ပြီး သမဝါယဝန်ကြီး ဦးကျော်ဆန်းလည်း ပါဝင်ခဲ့ရာ တောင်သူတစ်ဦးလျှင် ကျပ်ငါးသိန်း ချေးနိုင်မည့် တရုတ်ချေးငွေ ဒေါ်လာသန်းသုံးရာ ကိစ္စကိုရော ဆွေးနွေးဖြစ်ပါသလားဟု မဇ္ဈိမက မေးသည့်အခါ ဝန်ကြီး ဦးရဲထွဋ်က “ ဒေါ်လာ သန်းသုံးရာက လွှတ်တော်က သဘောတူထားတဲ့ အတွက် ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်း ကိစ္စတွေကို သူတို့ဘက်က သုံးသပ်နေပြီ။ မကြာခင် မှာ ချေးငွေကို ပေးနိုင်မယ်လို့ ပြောပါတယ်” ဟုလည်း ဦးရဲထွဋ်က ဖြေကြားသည်။

ထို့ အပြင် “အဓိက ကတော့ စက်မှုဇုန်တွေမှာ ရင်းနှီး မြှုပ်နှံနိုင်ဖို့ပါ။ နောက်တစ်ခုက တရုတ်နိုင်ငံ သမ္မတ အဆိုပြုထားတဲ့ ၂၁ ရာစု ရေကြောင်း ပိုးလမ်းမကြီးနဲ့ ၂၁ ရာစု ပိုးလမ်းမကြီး၊ အဲဒီ နှစ်ခုမှာ မြန်မာနိုင်ငံဘက် က ပါဝင်ချိတ်ဆက်နိုင်တဲ့ အလားအလာ၊ ကျွန်တော်တို့ နိုင်ငံမှာ ကမ်းရိုးတန်း တွေ ရှိတယ်၊ အထူးသဖြင့် ထားဝယ်တို့  သီလ၀ါတို့ ကျောက်ဖြူတို့ လို ဆိပ်ကမ်းတွေ ရှိတယ်၊ ဒါတွေက ဒီလမ်းမကြီးနဲ့ ချိတ်ဆက်နိုင် တဲ့ အလားအလာတွေပဲ၊ ဒါတွေကိုလည်း သမ္မတကြီးနဲ့ ယေဘုယျ သဘော ဆွေးနွေးဖြစ်ပါတယ်။ ဒုတိယ သမ္မတနဲ့ ဆွေးနွေးတဲ့အခါမှာ ဒါတွေကို အသေးစိတ် ဆက်ဆွေးနွေးကောင်း ဆွေးနွေးနိုင်ပါတယ်” ဟု လည်း ဦးရဲထွဋ်က ပြောသည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နိုင်ငံတော်ကောင်စီ အထွေထွေ အတွင်းရေးမှူးနှင့် အဖွဲ့သည် မေ ၁၁ ရက် ညနေ ၆ နာရီတွင် ဒုတိယ သမ္မတနှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ပြီး နောက်တစ်နေ့
(မေ ၁၂ ရက်) တွင် ပုဂံမြို့ဟောင်းသို့ သွားရောက် လည်ပတ်ကြမည် ဖြစ်သည်။

Mizzima - News in Burmese


No comments:

Post a Comment

My Blog List