Wednesday, May 13, 2015

အဖွဲ့စုံပါဝင်သည့် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရေး သဘောထား အပြည့်မရ


ရန်ကုန်မြို့ Inya Lake Hotel တွင်ကျင်းပခဲ့သော “ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဆွေးနွေးပွဲ” တွင် “ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ညှိနှိုင်းအဖွဲ့” (Coordination Team for Peace and National Reconciliation) ကို ဖွဲ့စည်းရန် သဘောထား တောင်းခံ ရာတွင် နိုင်ငံရေးပါတီ ၄ ပါတီနှင့် လက်နက်ကိုင် အဖွဲ့တဖွဲ့က သဘောထား မပေးခဲ့ကြောင်းသိရသည်။
အဆိုပါညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရေးအတွက် တက်ရောက်သူ အများစုက မူအားဖြင့် သဘောတူခဲ့ကြသော် လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO)၊ ကရင်အမျိုးသားပါတီ (KNP)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က သဘောထားမပေးခဲ့ကြဟု သိရသည်။

NLD ပါတီက “ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဆွေးနွေးပွဲ” ကို ဖိတ်ကြားစဉ်မှာ အလုပ်ရုံ ဆွေးနွေးပွဲ အဖြစ်ဖိတ်ကြားခဲ့ခြင်းသာဖြစ်ပြီး ယင်းအဖွဲ့ ဖွဲ့စည်းခြင်းအပေါ် လုပ်ပိုင်ခွင့် ပါမလာ သဖြင့် ပါဝင်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း အခုလ ၁၀ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့သည့် NLD ဗဟိုအလုပ်မှုဆောင် ဦးထွန်းထွန်းဟိန် က “ခေါ်တုန်းက အလုပ်ရုံ ဆွေးနွေးပွဲ အနေနဲ့ခေါ်တာ၊ ဟိုရောက်တဲ့အခါကျမှ သဘာပတိ ဦးစိုင်းအိုက်ပေါင်းက အလုပ်အဖွဲ့ ဖွဲ့ဖို့နဲ့ ထုတ်ပြန်ချက် ထုတ်ဖို့ ပေါ့နော်၊ အဲဒီအတွက်ကျမှာ Mandate ပါမလာဘူး။ ဆိုတော့ Coordination Team ဖွဲ့တဲ့အခါမှာ ကျနော်တို့က သဘောတူတယ်လို့ မပြောနိုင်သလို မတူဘူးလို့လည်းမပြောနိုင်ပါဘူး။ သို့သော်လည်း ၉ ရက်နေ့က သူတို့ ကြေညာချက်ထွက်လာတဲ့ အခါမှာ တက်ရောက်သူအားလုံးက သဘောတူညီကြသည်ဆိုပြီးပါလာလို့ ကျနော်တို့ သဘောထား မပါပါဘူးဆိုတာကို ပြန်တင်ပြတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

“ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲ”ကို အခုလ ၉ ရက်နေ့က ရန်ကုန်မြို့ Inya Lake Hotel တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့က အဓိက ဦးဆောင်ကျင်းပခဲ့ပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) ၏ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ က ပြောသည်။

ယင်းဆွေးနွေးပွဲကို ပြည်ထောင်စု အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသား ရေးရာ ဝန်ကြီးများ၊ နိုင်ငံရေး ပါတီ ၆၄ ပါတီက ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ခုမှ ခေါင်းဆောင် များနှင့် ကိုယ်စားလှယ်များ၊ လူထုအခြေပြု အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း ၁၅၂ ဦး တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် နိုင်ငံတော် သမ္မတကိုယ်တိုင် ဦးဆောင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကတိ ကဝတ်ပြုခြင်း (Deed of Commitment) ကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်နိုင်ရန် အဖွဲ့အစည်းစုံ ပါဝင်သော “ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန် လည် သင့်မြတ်ရေး ဆိုင်ရာ ညှိနှိုင်းအဖွဲ့” ဖွဲ့စည်းလိုကြောင်း သိရသည်။

SNLD ပါတီက ၎င်းတို့အနေဖြင့် စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ၏ ဒုတိယ အကြိမ် ညီလာခံက ချမှတ်ထားသည့် နိုင်ငံရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရန် ၁၅ ဦး ကော် မတီ အဖွဲ့တွင်ပါဝင်နေသည့် အတွက် “ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့” ဖွဲ့စည်းရေး အပေါ် သဘောထား မပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ဖွဲ့မယ်ပဲပြောနေတာ။ ဘာကို ညှိနှိုင်းမလဲ။ သူ့ရဲ့ တာဝန်တွေ၊ ရည်မှန်းချက်တွေ၊ သူ့ရဲ့လုပ်ပိုင်ခွင့်တွေ မပြောဘူး ။ တော်တော်တော့ကို ထူးဆန်းတယ်။ အမှန်ကတော့ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ လုပ်ပိုင်ခွင့် တာဝန်တွေ ကိုပြောပြီးမှ အဲဒီအဖွဲ့ကို ဖွဲ့ရတယ်။ အခုဟာက ဖွဲ့မယ်တာပြောတယ်။ ဘာလုပ်မယ့်အဖွဲ့မှန်းလည်း မသိ ဘူးဖြစ် နေတယ်။ လုပ်တဲ့ရက်ကလည်း တရက်တည်း မလုံလောက်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့ Inya Lake Hotel တွင်ကျင်းပခဲ့သော ဆွေးနွေးပွဲ၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် KNU၊ RCSS ၊ ABSDF၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)နှင့် ချင်းအမျိုးသား တပ်ဦး (CNF) တက်ရောက်ခဲ့ကြ ပြီး “ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ညှိနှိုင်းအဖွဲ့” ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး ABSDF က ၎င်းတို့သဘော မပါဝင်ကြောင်း မှတ်တမ်းတင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ညှိနှိုင်းရေးအဖွဲ့၏ နောက်လုပ်ငန်းစဉ် လုပ်ဆောင်မည့်အကြောင်းအရာများကို အသေးစိတ် ညှိနှိုင်း ခွင့်မရသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုံစုံလင်လင် မတက်ရောက်နိုင်သည့်အပေါ် စိတ်ပူမိကြောင်း ABSDF ကိုယ်စားလှယ် အဖြစ်တက်ရောက်ခဲ့သည့် ရဲဘော် မိဆူးပွင့်က ဧရာဝတီသို့ ပြော သည်။

“အထဲက နိုင်ငံရေးပါတီတွေနဲ့ စီစဉ်တဲ့ အဖွဲ့အစည်း တော်တော်များများ ကတော့ ဒါလုပ်သင့်နေပြီ လုပ်ချင် တယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်သွားဖို့ပြင်တာရော နောက်လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ဆိုတာလည်း ဘာလုပ်မှာလဲဆိုတာ အသေးစိတ် ညှိနှိုင်းခွင့်လည်း မရဘူး။ အဲလိုအနေ အထားမျိုးမှာ မူအရ သဘောတူ ထားတာမျိုးဆိုတာတော့ ဟုတ်တယ်။ နားလည်မှု လွဲမှားမှုတွေ အများကြီး ဖြစ်ကောင်းဖြစ်လာနိုင်တဲ့ အပေါ် မှာ ABSDF ရဲသဘောထားမပါဘူးလို့ မှတ်တမ်းတင်ခိုင်း ခဲ့တာဖြစ်တယ်” ဟု ရဲဘော် မိဆူးပွင့်က ပြော သည်။

အဆိုပါ ဆွေးနွေးပွဲတွင် အစိုးရက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကနဦး လက်မှတ်ထိုးဖို့ ပြင်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့လုံးပင် တက်ရောက်နိုင်ခြင်း မရှိပါ။ ပါဝင်သင့်ပါဝင်ထိုက်သည့်တိုင်းရင်း သား ခေါင်းဆောင်များ မပါလျင် အငြင်းပွားစရာများလည်းဖြစ်လာနိုင်ကြောင်း သူက ဆက်ပြောသည်။

တနိုင်ငံလုံးအပစ်အခက်ရပ်စဲရေး သဘောတူစာချုပ် (NCA) အမြန်ချုပ် ဆိုနိုင်ရေးနှင့် ရွေးကောက်ပွဲမတိုင် မီ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရေးအတွက် အလောတကြီး လုပ်ဆောင်လိုနေသည့် ပုံစံမျိုးဖြစ် နေဟု ယင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူ ကိုယ်စားလှယ်အချို့က မြင်ကြကြသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နိုင်ငံရေးဆွေးနွေးပွဲများ၌ နိုင်ငံရေးပါတီများသည် ပါဝင်လာမည်ဖြစ်ပြီး ထိုအတွက် ယခုကတည်းက ကြိုတင် ပြင်ဆင်ထားသည့် သဘောဖြစ်ကြောင်း ထိုဆွေးနွေးပွဲကိုတက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောသည်။

“အဲဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့က NCCT ကတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ UPWC က အစိုးရဘက်က အဖွဲ့၊ အဲတော့ သူတို့ဘက် ကတော့ အစိုးရ၊ လက်နက်ကိုင်ရော အားလုံးပေါ့ဗျာ၊ သူတို့ (နိုင်ငံရေးပါတီ) နဲ့ပါရောပြီးတော့ နောက်ထပ် အနာဂတ် Coordination Team တခုအနေနဲ့ ရည်ရွယ်တဲ့ သဘောပါပဲ။ ဒါပေမယ့် အဲဒီနေ့က မူပဲပြောတာပါ” ဟု ဦးလှမောင်ရွှေ က ဆိုသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List