Tuesday, May 12, 2015

ကျောက်ဖြူ ကျောက်မီးသွေးစက်ရုံ စီမံကိန်း ရပ်ဆိုင်းရမည်


ရခိုင်ပြည်နယ် ကျောက်ဖြူဒေသ၌ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အား ပေးစက်ရုံ တည်ဆောက်ရန် စီစဉ်နေခြင်းကို လုံးဝရပ်ဆိုင်းရန် လိုပါသည်။ရေနံနှင့် သဘာဝဓာတ်ငွေ့ ပေါများစွာထွက်သည့်ဒေသ ၌ ကျောက်မီးသွေး စက်ရုံ မလိုအပ်ပေ။ အကယ်၍ ဒေသဖွံ့ဖြိုးရေး အတွက် လျှပ်စစ်ဓာတ်အား မဖြစ်မနေ လိုအပ်ပါကလည်း ကျောက်မီးသွေးသုံး စက်ရုံအစား သဘာဝဓာတ်ငွေ့သုံး စက်ရုံကိုသာ တည်ဆောက်ပေး ရမည် ဖြစ်သည်။
ရခိုင်ပြည်သူများကလည်း ကျောက်မီးသွေး စက်ရုံ စီမံကိန်းကို ဆန့်ကျင် ကန့်ကွက်နေကြသည်။ ရခိုင်ပြည် သူလူထုသည် မိမိတို့ ဒေသထွက် သဘာဝ သယံဇာတများအားသုံးစွဲပိုင်ခွင့်မရှိဘဲ ဖောင်စီးရင်း ရေငတ်နေ ကြသူ များလည်း ဖြစ်သည်။

ကျောက်ဖြူ၌ တည်ဆောက်မည့် ကျောက်မီးသွေး စက်ရုံသည် မီဂ္ဂါဝပ် ၆၆၀ ထုတ်လုပ်နိုင်မည် ဖြစ်ပြီး၊ အမေရိကန် ဒေါ်လာ သန်း ၂၅၀၀ သုံးစွဲရန် ခန့်မှန်းထားကြောင်း တည်ဆောက်မည့် ကုမ္ပဏီများက ထုတ်ပြန်ထားသည်။ Daewoo International Corporation နှင့် MCM Energy Company Limited တို့ က အကျိုးတူ ပူးပေါင်းမည် ဖြစ်ပြီး ကျောက်ဖြူ အထူး စီးပွားရေးဇုန်ရှိ စက်ရုံ အလုပ်ရုံများထံလျှပ်စစ်မီး ဖြန့် ဖြူးရောင်းချပေးရန် တည်ဆောက်မည် ဖြစ်သည်။

ကျောက်ဖြူဒေသမှ သဘာဝ ဓာတ်ငွေ့ ပမာဏ ကုဗပေ သန်းပေါင်း ၅၀၀ ကို နေ့စဉ် ထုတ်လုပ်နေပြီး သန်း ၄၀၀ အား တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချနေပြီ ဖြစ်သည်။ ကုဗပေသန်း ၁၀၀ ကို ပြည်တွင်း၌ သုံး စွဲနေသော်လည်း ရခိုင်ဒေသ အတွက် ကုဗပေ သန်း ၂၀ ကိုသာ အသုံးပြုပြီး၊ ကုဗပေသန်း ၈၀ ကို ပြည် မ ဒေသများအတွက် အသုံးပြု ထားသည်။

ရခိုင်ဒေသထွက် သယံဇာတမှန်သမျှကို နေပြည်တော် အစိုးရကသာ တိုက်ရိုက် ကိုင်တွယ် စီမံခန့်ခွဲနေခြင်း သည်လည်း ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေပါမည်။

မြန်မာနိုင်ငံ၌ ကျောက်မီးသွေး ထွက်ရှိသည့် ဒေသများ၌ပင် ကျောက်မီးသွေးစက်ရုံ စီမံကိန်းများကို ဆန့်ကျင် ကန့်ကွက်နေ ကြသည်။ ကျောက်မီးသွေး စက်ရုံထွက် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့များကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးစေသည့်အပြင် ပတ်ဝန်းကျင်ရှိ ပြည်သူ လူထု၏ ကျန်းမာရေးအတွက်လည်း ဆိုးကျိုးများသာ သက်ရောက်စေသည်။ သို့ဖြစ်၍ ကျောက်မီးသွေး စက်ရုံများကို မည်သည့် ဒေသကမျှ အလို မရှိကြပေ။

နည်းပညာ မြင့်မားသည့် နိုင်ငံများ၌ ခေတ်မီ နည်းပညာများ အသုံးပြု၍တည်ဆောက်ထားသည့် ကျောက် မီးသွေး စက်ရုံများကိုပင် ဆန့်ကျင် ကန့်ကွက်မှုများ ရှိနေသည်။

ကျောက်ဖြူ၌ တည်ဆောက်မည့် ကျောက်မီးသွေး စက်ရုံကိုလည်း ဒေသခံအများစုက ကန့်ကွက်နေသည့် တိုင် စက်ရုံ တည်ဆောက်မည့် နေရာအနီး၌ နေထိုင်သူများကို လမ်း၊ ကျောင်း၊ လျှပ်စစ်မီး စသည်တို့ အား ဆောင်ရွက်ပေးမည်ဟု မက်လုံး အမျိုးမျိုးကိုပေး၍ စည်းရုံးမှုများ ရှိနေသည်။ ဒေသခံ ကျေးရွာသား များကမူ ကျောက်မီးသွေး စက်ရုံ၏ ကောင်းကျိုး၊ ဆိုးကျိုးများကို သေချာစွာ မသိကြပေ။

ကျောက်မီးသွေးနှင့် ပတ်သက်၍ ဗဟုသုတ နည်းပါးသည့် ဒေသခံတချို့က ကျောက်မီးသွေး စက်ရုံ တည်ဆောက်ရန် သဘောတူသည့်တိုင် ရခိုင်ပြည်သူလူထု တရပ်လုံးက ဆန့်ကျင် ကန့်ကွက်ရန် လိုအပ်ပါသည်။ အကယ်၍ ရခိုင်ပြည်တွင်း၌ ကျောက်မီးသွေး စက်ရုံတခုခု တည်ဆောက်ဖို့ ခွင့်ပြုပေးမည် ဆိုပါက နောက်ဆက်တွဲ ခံစားလာရမည့် ဆိုးကျိုးများသည် ရခိုင်လူမျိုးများ၏ ပျော့ညံ့မှုကြောင့်ဟုသာ ဆိုရပေမည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List