Friday, May 15, 2015

နီပေါ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီမည့် လမ်းဘေး ဂစ်တာတီးဝိုင်း ကျပ်သိန်း ၁၂၀ ကျော်ရရှိပြီ


နီပေါနိုင်ငံ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီပေးရန် ပရဟိတလုပ်ငန်းများ စိတ်ဝင်စားသော မြန်မာ လူငယ်များက လမ်းဘေးဂစ်တာဝိုင်း ပြုလုပ်၍ အလှူခံရာ မေလ ၁၄ ရက်အထိ သိန်း ၁၂၀ ရရှိနေပြီး ဖြစ် သည်ဟု တာဝန်ခံ ဆောင်ရွက်သူကို သိုင်းသက်ဇင်ထွန်းကူကူးက မဇ္ဈိမကို ပြောသည်။
၎င်းက "ကျွန်တော်တို့ အလှူခံတာက သိန်း ၆၀ နောက် Action Aid အဖွဲ့အစည်းက သိန်း ၆၀ လှူတော့ အားလုံးပေါင်းဆို သိန်းတစ်ရာနှစ်ဆယ် ရသွားပြီ" ဟု ပြောသည်။ ရရှိသောအလှူငွေများကို နီပေါနိုင်ငံ ACCTIVESTER  လူငယ်အဖွဲ့အစည်းနှင့် ချိတ်ဆက်၍ လှူဒါန်းသွား မည် ဖြစ်သည်။

၎င်းတို့သည် ဧပြီ ၂၉ ရက် မှစ၍ ရန်ကုန်မြို့ အင်လျားကန်၊ Dagon Center 1၊ ရန်ကင်းစင်တာ၊ လှည်းတန်း မီးပွိုင့်၊ ဗိုလ်ချုပ်ဈေး ၊ FMI Center ရှေ့ များတွင် လမ်းဘေးဂစ်တာဝိုင်းအဖြစ် ကိုယ်ပိုင် တယော၊ ဂစ်တာ များဖြင့် တီးခတ်၍ လူငယ်နှင့်ပတ်သက်သည့် သီချင်းများ၊ ငြိမ်းချမ်းရေး သီချင်းများ ဖြင့် ဖျော်ဖြေကာ၁၀ ရက် တာ အလှူခံခြင်းဖြစ်သည်။

နီပေါနိုင်ငံတွင် ဧပြီ ၂၄ ရက်က ရစ်ခ်ျတာစကေး ၇ ဒသမ ၈ ရှိသည့် ငလျင်လှုပ်ခဲ့ပြီး လူပေါင်း ၈,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူလည်း များပြားခဲ့သည်။ ယင်း ငလျင်ဒဏ် ခံစားနေရ သူများကို လှူဒါန်းရန် လူငယ်များက ယင်းသို့ ဆောင်ရွက်ခြင်း ဖြစ်သည်။

ယင်းအပြင် မေ ၁၂ ရက်က နီပေါနိုင်ငံတွင် အင်အားပြင်း ငလျင် ထပ်မံလှုပ် ခတ်ခဲ့ပြီး ရစ်ခ်ျတာစကေး ၇ ဒသမ ၄ ရှိကာ မေ ၁၄ ရက်အထိ သေဆုံးသူ ၁၁၀ ကျော် ရှိခဲ့သည်။

နီပေါနိုင်ငံတွင် ငလျင်သင့် ဒုက္ခသည်များအား လှူဒါန်းလိုသူများသည် ၎င်းတို့၏ ဖေ့ဘွတ် လူမှုကွန်ရက် စာမျက်နှာ Myanmar For NepalEarthquake ကို ဆက်သွယ် လှူဒါန်းနိုင်မည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List