Monday, May 11, 2015

အစိုးရသဘောထားပြောင်း ၊ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့နှင့် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးပါက ကိုးကန့်အဖွဲ့အပါအ၀င် အခြားအဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးမည်


အစိုးရအနေဖြင့် လက်ရှိ အပစ်ရပ်စဲရေး ဆွေးနွေးနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ခုနှင့် ဦးစွာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေး ထိုးမည် ဖြစ်ပြီး ထို့နောက် ကိုးကန့်အဖွဲ့အပါအ၀င် ကျန်လက်နက်ကိုင် အဖွဲ့များနှင့် ဆက်လက်ဆွေးနွေးသွား မည်ဖြစ်ကြောင်း အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက မေ ၉ ရက်တွင် ပြောကြားသည်။
 
မေ ၉ ရက်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲ အပြီးတွင် မီဒီယာများ၏ မေးမြန်းချက်အား ယခုကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “လက်နက်ကိုင် ကိုးကန့်အဖွဲ့၊ ပလောင်အဖွဲ့ က တစ်ဖွဲ့ချင်း လက်မှတ်ထိုးဖို့ မဆွေးနွေးရသေးဘူး။ လက်မှတ်ထိုးဖို့ ဆွေးနွေးရင်လည်း အချက်အလက်တွေ အများကြီး ထွက်လာပါမယ်။ အဲဒီတော့ သူတို့ကိုစောင့်ပြီး ခေါ်မယ်ဆိုရင် ကျွန်တော်တို့ ငြိမ်းချမ်းရေး ကြာနေလိမ့်မယ်။ ဆိုတော့ ၁၆ ဖွဲ့ အခုပြောထားတဲ့ ၁၆ ဖွဲ့ထဲ ဆွေးနွေးနေတဲ့ အထဲကနေပဲ ကျွန်တော်တို့ရှေ့ကနေ ဖြတ် ပြီးတော့ ကျွန်တော်တို့ ပထမအဆင့်အနေနဲ့ ပြောပါတယ်။

ကျန်တဲ့အဖွဲ့တွေကတော့ နှစ်ဖက်ဆွေးနွေးလက်မှတ်ထိုးဖို့ဆိုတဲ့အဆင့် ခံနေတဲ့အတွက် သူက နောက် ဒုတိယအဆင့်အနေနဲ့ ကျွန်တော်တို့က ဆောင်ရွက်ဖို့ရှိပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲဆိုတာကတော့ လက် ခံအောင် ဆွေးနွေးရမှာပေါ့။ အခုလောလောဆယ်တော့ သူတို့နဲ့လည်း မတွေ့ရသေးတဲ့အခါကျတော့ သူတို့သဘောထားတွေကို ကျွန်တော်တို့ မသိရသေးဘူး။ သူတို့တောင်းဆိုတဲ့အခါ လုပ်မှာပေါ့ ” ဟုပြော ကြားသည်။

“ကိုးကန့်ကိုလည်း ချန်မထားဘူး။ ဒါပေမဲ့ ကိုးကန့်ကို ပြောထားတာကတော့ သူ့နယ်မြေမှာ ငြိမ်းချမ်းအောင် အရင်စလုပ်။ ငြိမ်းချမ်းအောင်လုပ်ပြီးရင် လုပ်သင့် လုပ်ထိုက်တာ ဆက်လုပ်မယ်လို့ ပြောထားတယ်”ဟု ၀န်ကြီး ဦးအောင်မင်းက ဆက်လက်ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဒေသတွင် အခြေပြုလှုပ် ရှားနိုင်ရေး ရည်ရွယ်ဆောင်ရွက်သည့် ဦးဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်အဖွဲ့နှင့် အစိုးရတပ်မတော် တို့သည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ စတင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုသို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် တိုက်ပွဲပေါင်း ၂၅၀ ကျော်ဖြစ်ပွားခဲ့ကာ နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှု များပြားခဲ့ကြောင်း သိရသည်။

တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ လက်ရှိအချိန်အထိ တပ်မတော်ဘက်မှ အရာရှိ၊ စစ်သည် စုစုပေါင်း ၁၂၅ ဦးကျော် ကျဆုံးခဲ့ပြီး ၂၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ ၃၆၅ ဦးကျော်ရှိကြောင်း တပ်မတော်၏ သတင်းဖော်ပြချက်များအရ သိရသည်။

အလားတူ ကိုးကန့်အဖွဲ့ဘက်မှ ကျဆုံးသည့်အလောင်း ၇၄ လောင်းရရှိခဲ့ကြောင်း၊ ဖမ်းမိသူနှင့် အလင်းဝင် သူ ၂၂ ဦး ရှိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော ကိုးကန့်အဖွဲ့ဘက်မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ရက္ခိုင့်တပ်ဖွဲ့ (AA) တို့ကလည်း ပါဝင်တိုက်ခိုက်ပေးလျက်ရှိပြီး TNLA အဖွဲ့မှာ အစိုးရနှင့် အပစ်ရပ်စဲရေး တစ်ကြိမ်ဆွေးနွေးဖူးသော်လည်း AA နှင့် ကိုးကန့်အဖွဲ့တို့ကို အစိုးရက ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုမထားပေ။

ထိုသို့ ကိုးကန့်အဖွဲ့နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများနှင့် စပ်လျဉ်း၍ မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေးသဘောထားနှင့် ပတ်သက်၍ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေ မြန်မာပိုင်းကို အခုလိုပြောကြားသည်။

“အခုဟာက အိမ်ကနေ ထွက်သွားတယ်။ အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားတယ်။ ပြန်လာတဲ့အချိန်မှာ အသာတကြည် ပြန်လာတာ မဟုတ်ဘူး။ ကျွန်တော်တို့ ၂၀၁၁ နောက်ပိုင်းပေါ့နော်။ တာဝန်ယူချိန်က စပြီးတော့ ကြားက အကျိုးဆောင်တွေ ညှိနှိုင်းမှုနဲ့ ဖုန်ကြားရှင်နဲ့ ဖုန်ကြားဖူးနှစ်ယောက်ကို ကျွန်တော်တို့က လွတ်ငြိမ်းချမ်းသာခွင့် ပေးထားပြီးသားဖြစ်တယ်။ သူ့အနေနဲ့ ဒီနိုင်ငံမှာ ပြန်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေ ပါဝင်ချင်တယ်ဆိုရင် ဒီလိုမျိုးပဲ အသာတကြည်နဲ့ ၀င်လာလို့ရတယ်။ ဟိုဟာက ဖွဲ့စည်းပုံအခြေခံဥပဒေက တင်မြှောက်ထားတဲ့ ဦးစီးအဖွဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့ကို ဖြုတ်ချဖို့ အဲဒီလိုမျိုးလုပ်တဲ့ဟာက သူ့ရဲ့ မူလရည်ရွယ်ချက်ကိုက အဲဒီလိုဖြစ်နေတယ်။ အဲဒီအပြင် ကျွန်တော်တို့ အထပ်ထပ်ပြောတယ်။ သမ္မတ လည်း ပြောတယ်။ တပ်ချုပ်လည်း ပြောတယ်။ အချုပ်အခြာအာဏာကို ကျူးကျော်တိုက်ခိုက်တဲ့ လုပ်ရပ်ဆို တာက ကျွန်တော်တို့က အကြောင်းမဲ့ပြောနေတာ မဟုတ်ဘူး။ ခုနကပြောတဲ့ အကြောင်းရင်းခံတွေက သူ့အနေနဲ့ စိတ်ရင်းစေတနာမှန်နဲ့ ပြန်ပြီးတော့ ဒီဒေသနဲ့ ပြန်လည်ပေါင်းစည်းဖို့ လာမယ်ဆိုရင် လုပ်လို့ရ တာတွေ နည်းလမ်းအများကြီးထဲကမှ ဒီလိုနည်းလမ်းကို ရွေးချယ်ပြီး လုပ်လာတာက ဒါ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိလုပ်တာ ဖြစ်တယ်။ အဲဒီအပေါ်မှာလည်း ကျွန်တော်တို့ တပ်ဘက်မှာလည်း တပ်မတော် သား များစွာပေါ့နော်။ အသက်ပေးလိုက်ရတယ်။

ထိခိုက်ဒဏ်ရာတွေရတယ်။ ဒီအနေအထားမှာ  Dialogue ဆိုတဲ့စကားကို ကျွန်တော်တို့က လုံးဝလက်မခံ ဘူး။ အဲဒီတော့ တစ်ခုတည်းရှိတယ်။ သူတို့လာချင်ရင် အကြွင်းမဲ့ လက်နက်ချ။ အဲဒါတောင်မှ အကြွင်းမဲ့ လက်နက်ချမယ်ဆိုရင်တောင် ကျွန်တော်တို့က စဉ်းစားပေးမယ်ပေါ့နော်။ အဲဒီအနေအထားတော့ ရှိတယ်” ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

ထိုသို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် အင်အားကြီး တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် UWSP/UWSA “၀”  အဖွဲ့ က ၎င်း၏ ဌာနချုပ် တည်ရှိရာ ရှမ်းပြည်နယ် ပန်ဆန်းဒေသ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးညီလာခံကို မေ ၁ ရက်မှ ၆ ရက်အထိ ကျင်းပ ခဲ့သည်။ အဆိုပါ ညီလာခံသို့ အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော ကိုးကန့်အဖွဲ့၊ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ် (TNLA)နှင့် ရက္ခိုင့်တပ်ဖွဲ့ (AA) တို့ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကို ရွေးချယ်ဖိတ်ကြားကျင်းပခဲ့သည်။

ညီလာခံ၌ မတ် ၃၁ ရက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် လူနည်းစု တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် တစ်နိုင်ငံလုံးဆိုင်ရာ စစ်ရပ်စဲရေးစာချုပ်မူကြမ်းကို လက်မှတ်ရေး ထိုးနိုင် ခဲ့ပြီဖြစ်သော်လည်း တစ်နိုင်ငံလုံး စစ်ရပ်စဲရေး အကောင်အထည်ဖော်ရာတွင် များပြားလှသော မသေချာမရေရာမှုနှင့် တိုက်ပွဲများ ရှိနေဆဲဖြစ်ပြီး စစ်ပွဲများ မရပ်နိုင်သေးသမျှ ကာလတွင် တစ်နိုင်ငံလုံး စစ်ရပ်စဲရေးစာချုပ်သည် စက္ကူပေါ်က စာသားများသာဖြစ်နေမည်ဖြစ်ကြောင်း “၀” ပြည်နယ် သွေးစည်းညီ ညွတ်ရေးတပ်မတော် UWSA ခေါင်းဆောင်က ကြိုဆိုနှုတ်ဆက်လွှာတွင် ထည့်သွင်းပြောကြားသည်။

ညီလာခံနောက်ဆုံးနေ့တွင် ပြည်တွင်းစစ်ပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဦးစွာလုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် ထိုသဘော တူစာချုပ် ချုပ်ဆိုရာတွင် လက်ရှိ အပစ်အခတ်မရပ်စဲနိုင်သေးသည့်တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေးအဖွဲ့အစည်းများ တန်းတူ ရည်တူ ပါဝင်သင့်ကြောင်း ခံယူသည်ဆိုသည့် အချက်အပါအ၀င် အချက် ၁၂ ချက် ပါဝင်သည့် သဘောတူကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများကြောင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး  စစ်အုပ် ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကိုးကန့်တပ်ဖွဲ့၏ ထုတ်ပြန်ကြေညာချက်များအား သတင်းမီဒီယာ များတွင် ရေးသားထုတ်ဝေခြင်း မပြုရန်  မေ ၃ ရက် တွင် တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့က မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)သို့ စာပေးပို့ခဲ့သည်။

ယင်းစာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ပန်ဆန်းမြို့တွင် ပြုလုပ်လျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ အစည်းအဝေးသို့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် မတော် (MNDAA) (ကိုးကန့်သောင်းကျန်းသူအဖွဲ့) တက်ရောက်လျက်ရှိကြောင်း သိရှိရပြီး ၎င်းအဖွဲ့ မှာ နိုင်ငံတော်အစိုးရမှ မတရားအသင်းအဖြစ် သတ်မှတ်ကြေညာထားရှိသဖြင့် ပန်ဆန်းမြို့တွင် ပြုလုပ်လျက် ရှိသော အစည်းအဝေးမှ ကိုးကန့်သောင်းကျန်းသူအဖွဲ့ (MNDAA)၏ ထုတ်ပြန်ကြေညာချက်များကို သတင်း မီဒီယာများအနေဖြင့် ရုပ်သံထုတ်လွှင့်ခြင်း၊ ပုံနှိပ်ဖော်ပြခြင်များ လုံးဝ(လုံးဝ) မပြုလုပ်စေရေး အသိပေးထားရှိ ပါရန် ဖော်ပြထားသည်။

တပ်မတော်က ဦးဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့နှင့်ပတ်သက်၍ သဘောထား တင်းတင်းမာမာ ရှိနေချိန်တွင် သမ္မတဦးသိန်းစိန်က ဦးဖုန်ကြားရှင်၏ သမီးနှင့်သမက် ရှမ်းပြည်နယ် အထူးဒေသ (၄) (NDAA) မိုင်းလားအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့ကို မေ ၈ ရက်က ကျိုင်းတုံမြို့တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့နှင့် အပစ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးပြီးပါက ကိုးကန့်အဖွဲ့အပါ အ၀င် အခြားအဖွဲ့ များနှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးမည်ဟု မေ ၉ ရက်တွင် ပြောကြားလာခဲခြင်း ဖြစ်သည်။

အခုလို အစိုးရဘက်က သဘောထားပြောင်းလဲသွားပြီးနောက် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သဘောထားကိုမူ မသိရသေးပေ။

Eleven Media Group



No comments:

Post a Comment

My Blog List