Friday, May 15, 2015

NNER မှ အစိုးရနှင့် လွှတ်တော်သို့ အိတ်ဖွင့်ပေးစာ


ဖမ်းဆီးထိန်းသိမ်းခံထားရသော ကျောင်းသားကျောင်းသူများနှင့် ဝန်းရံ ပြည်သူများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးနှင့် ဆွေးနွေးပွဲသဘောတူညီချက်များနှင့်အညီ အောင်မြင်စွာ အကောင်အ ထည်ဖော် ဆောင်ရွက်ရေးအတွက် NNER မှ အစိုးရနှင့် လွှတ်တော်သို့ အိတ်ဖွင့်ပေးစာ တစ်စောင်ကို ပေး ပို့လိုက်ပါသည်။

သို့

၁။ ဦးလှထွန်း(သမ္မတရုံးဝန်ကြီး) နှင့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ အစိုးရအဖွဲ့ကိုယ်စားလှယ်များ
၂။ ဦးသိန်းဆွေ(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့်လေးပွင့်ဆိုင်ဆွေးနွေးပွဲ လွှတ်တော်ကိုယ်စားလှယ် များ

ရက်စွဲ ။ ။ မေလ (၈) ရက်၊ ၂ဝ၁၅။

အကြောင်းအရာ ။ ။ လေးပွင့်ဆိုင်သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်ကိစ္စ။

ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ဝင်းခန်းမ၌ ၂၀၁၅၊ ဖေဖော်ဝါရီလ (၁၁)ရက်တွင် ကျင်းပပြုလုပ်ခဲ့ သည့် နိုင်ငံတော်အဆင့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပူးတွဲသဘောတူထုတ်ပြန်ကြေညာချက် အပိုဒ် (၁) ပိုဒ်ခွဲ (က-၂) တွင်

“ဒီမိုကရေစီပညာရေးသပိတ်တွင် ပါဝင်သူ မည်သူ့ကိုမှ သပိတ်နှင့်ပတ်သက်ပြီး အရေးယူခြင်းမပြုရကိစ္စနှင့် ပတ်သက်၍ ဒီမိုကရေစီပညာရေးသပိတ်တွင် ပါဝင်သူ ကျောင်းသူကျောင်းသားများနှင့် အားပေးထောက်ခံ ကူညီသူများကို သပိတ်နှင့် ပတ်သက်ပြီး အရေးယူခြင်းမပြုရဟု သဘောတူကြသည်”

ဟူ၍ သဘောတူခဲ့ကြပါသည်။ သို့ရာတွင် မတ်လ (၁ဝ)ရက်နေ့၌ သပိတ်မှောက်ကျောင်းသား ကျောင်း သူများနှင့် ဝန်းရံပြည်သူများကို အကြမ်းဖက်ရိုက်နှက်ဖြိုခွဲ ဖမ်းဆီးထိန်းသိမ်းထားပြီး ပုဒ်မများစွာဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေသည်ကို တွေ့မြင်နေရပါသည်။

ထိုသို့ လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်များကို ချိုးဖောက်မှုသည် လက်မှတ်ရေးထိုးထားသော အစိုးရကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များတွင် တာဝန်အပြည့်အဝရှိပါသည်။
သပိတ်မှောက်ကျောင်းသားကျောင်းသူများမှ တင်ပြသော အချက် (၁၁) ချက်ကို အခြေခံ၍ အမျိုးသား ပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရန်ဖေဖော်ဝါရီလ (၁၁) ရက် လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် သဘောတူ ညီခဲ့ပါသည်။ သို့သော် အမျိုးသား လွှတ်တော်နှင့်ပြည်သူ့လွှတ်တော်တို့က ပြန်လည်ပြင်ဆင် အတည်ပြုပြ ဋ္ဌာန်းရာတွင် လေးပွင့်ဆိုင်သဘောတူညီချက်များနှင့် ကွဲလွဲချက်များရှိနေသည်ကို တွေ့ရှိရပါသည်။

ဖေဖော်ဝါရီလ (၁၁) ရက် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပူးတွဲကြေညာချက်
အပိုဒ် (၂) တွင်

“လေးပွင့်ဆိုင်အဖွဲ့အနေဖြင့် ယနေ့ သဘောတူညီချက်ရရှိထားသော အချက်များကို အောင်မြင်စွာ ပြီးဆုံးချိန်အထိ အတူတကွ ဆောင်ရွက်ရန် ကတိကဝတ်ပြုသည်”

ဟု သဘောတူညီထားသည့်အတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်ဆွေးနွေးပွဲတွင် ပါဝင် တက်ရောက် လက်မှတ်ထိုးခဲ့ကြသော အစိုးရကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကို အလေးအနက် တိုက်တွန်း တောင်းဆိုပါသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ၌ နိုင်ငံရေး၊ လူမှုရေးပြဿနာများကို ဖြေရှင်းရာတွင် တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးသည့် (Dialogue) ယဉ်ကျေးမှုသည် အလွန်အရေးကြီးပါသည်။ ထိုဆွေးနွေးပွဲမှ ရရှိသည့် သဘောတူညီချက်များကို အလေးအနက် တန်ဖိုးထား အကောင်အထည်ဖော်ရန်၊ အလေးထားဆောင် ရွက်ရန် လိုအပ်ပါသည်။ လေးပွင့်ဆိုင်ဆွေးနွေးပွဲ၏ သဘောတူညီချက်များကို အစိုးရကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ လျစ်လျူရှုခြင်းသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဦးတည်သည့် အနာဂတ်ဆွေးနွေးပွဲများကို အယုံကြည်မဲ့စေပါသည်။

ဖမ်းဆီးထိန်းသိမ်းခံနေရသော ကျောင်းသားကျောင်းသူများနှင့် ဝန်းရံပြည်သူများကို ချွင်းချက်မရှိ ပြန် လွှတ်ပေးရန် နိုင်ငံတကာအစိုးရများ၊ပြည်တွင်းပြည်ပမှ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့ အစည်းများ၊ပြည်သူများမှ အကြိမ်ကြိမ် တောင်းဆိုမှုများကို လျစ်လျူရှုနေခြင်းသည် အမျိုးသားရင်ကြားစေ့ရေး ကို အလွန်အမင်းထိခိုက်စေပါသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်နေသည့် ယနေ့အချိန်အခါတွင် အမျိးသားစည်းလုံးညီ ညွတ်ရေး အမြင်ဖြင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သလို အပြန်အလှန်နားလည်မှု၊ လေးစားအသိ အမှတ်ပြု မှုဖြင့် ယုံကြည်မှု တည်ဆောက် နိုင်ရန်လည်း အထူးလိုအပ်လှပါသည်။

ထို့ကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ကျောင်းသားကျောင်းသူများနှင့် ဝန်းရံ ပြည်သူများ အမြန် ဆုံး ပြန်လည်လွတ်မြောက်ရေးနှင့်ဆွေးနွေးပွဲသဘောတူညီချက်များနှင့်အညီ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ပါဝင် လက်မှတ်ရေးထိုးထားသော အစိုးရကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တာဝန်ယူ ပူးပေါင်းဆောင်ရွက်ပေးပါ ရန် တိုက်တွန်းအပ်ပါသည်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲ NNER ကိုယ်စားလှယ်အဖွဲ့
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)
မေလ (၈) ရက်၊ ၂ဝ၁၅။
National Network for Education Reform - NNER


No comments:

Post a Comment

My Blog List