Friday, May 15, 2015

အင်ဒိုနီးရှားတွင် ကျွန်ပြုခံရသည့် မြန်မာ ၁၀၀ ကျော် ရန်ကုန်သို့ ထပ်ရောက်


အင်ဒိုနီးရှားနိုင်ငံရှိ ငါးဖမ်းသင်္ဘောများတွင် ကျွန်ပြုခံခဲ့ရသည့် မြန်မာရေလုပ်သား ငါးရာကျော်အနက် ဒုတိယ အသုတ်အဖြစ် ၁၂၅ ဦး မေလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့တော်သို့ ပြန်လည်ရောက်ရှိလာသည်။ကျန်ရှိနေ သည့် မြန်မာရေလုပ်သားများကိုလည်း အသုတ်သုံးသုတ်ခွဲကာ မေလ ၁၇ ရက်နေ့၊ ၁၈ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တား ဆီးနှိမ်နင်းရေး တပ်ဖွဲ့ထံမှ သိရှိရသည်။
ဒုတိယအဖြစ် မြန်မာရေလုပ်သား ၁၂၅ ဦးသည် မေလ ၁၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် ရန်ကုန် မြို့တော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ငါးခိုးဖမ်းသည့် ထိုင်းလှေတွင် လိုက်ပါမိသဖြင့် အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးပြီး အန်ဘွန်မြို့ရှိ လူဝင်မှု ကြီးကြပ်ရေးရုံး အချုပ်ထောင်တွင် ထိန်းသိမ်းခံထားရသည့် မြန်မာ ၂၂ ဦးကို ထိုင်းစက်လှေပိုင်ရှင်၏ စရိတ်ဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ထံမှ သိရှိရသည်။

ငါးခိုးဖမ်းသည့် ထိုင်းလှေတွင် လိုက်မိ၍ ဖမ်းဆီးခံရသူ ၂၂ ဦး အပါအဝင် အင်ဒိုနီးရှားနိုင်ငံသို့ လူကုန်ကူး ခံရကာ ငါးဖမ်းသင်္ဘောများတွင် ကျွန်ပြုခံခဲ့ရသူ မြန်မာရေလုပ်သား ၅၃၅ ဦးအနက် ၁၃ ဦးကို ပထမ အသုတ်အဖြစ် မေ ၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

မြန်မာ ၅၃၅ ဦးတွင် ကလေးငယ်တစ်ဦး ပါဝင်ပြီး မြန်မာသုံးဦးမှာလည်း ယင်းနေရာတွင် အိမ်ထောင် ကျနေသူများ ဖြစ်၍ မြန်မာနိုင်ငံသို့ ပြန်လည် လိုက်ပါလာမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများကို ပင်လယ်စာထုတ်သည့် လုပ်ငန်းတွင် ကျွန်ပြုခိုင်းစေ မှုနှင့် ဆက်စပ်သည့် သင်္ဘောကပ္ပတိန် ထိုင်းနိုင်ငံသား ငါးဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား နှစ်ဦးကို မေလ ၁ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ဖမ်းဆီးထားကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံသား နှစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ အကြီးဆုံး ငါးဖမ်းကုမ္ပဏီများအနက် တစ်ခုဖြစ်သည့် Pusaka Benjina Resources က အလုပ်ရှင်များ ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြ သည်။

အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျေးရွာတွင် ကျွန်အဖြစ် ဖမ်းဆီးခံရပြီး ခိုင်းစေခံထားရသည့် ရေလုပ်သားများ ကိစ္စနှင့် ပတ်သက်၍ AP သတင်းဌာနက စုံစမ်းဖော်ထုတ် ရေးသားခဲ့သည်။

ကျွန်ပြုခံရသည့် ရေလုပ်သားအများစုမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့ သည်။

The Voice Weekly

No comments:

Post a Comment

My Blog List