Friday, May 15, 2015

ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက် လက်ရှိ ရဲအင်အား မလုံလောက်၍ အထူးရဲများ ခန့်ထားမည်


 ရွေးကောက်ပွဲကာလ ရန်ကုန်တိုင်းအတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လက်ရှိ ရဲအင်အားမှာ မလုံလောက်သဖြင့် အထူးရဲများ ခန့်အပ်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၊ ဒုတိယတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်က ပြောသည်။
"ရဲအက် ဥပဒေပုဒ်မ ၂၇ ကစပြီး ၃၀ အထိမှာ လိုအပ်ချက်အရ ရဲအင်အား မလုံလောက်ရင် အထူးရဲခန့် ထားလို့ရတယ်ဆိုပြီးပြဋ္ဌာန်းထားပါတယ်၊ ပြည်သူတွေ စိတ်အေးချမ်းသာစွာ မဲပေးခွင့်ရပြီး၊ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုံခြုံမှုပေးသွားမှာပါ" ဟု ပြောသည်။

လက်ရှိ ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအင်အားအရ မဲရုံတစ်ရုံလျှင် ရဲတစ်ဦး လုံခြုံရေး ချထားရန်ပင် မဖြစ်နိုင်သဖြင့် အထူးရဲများ ခေါ်ယူခန့်ထားရန် စီစဉ်ခြင်းဖြစ်ကာ ရွေးကောက်ပွဲကာလ ၀န်းကျင်အတွင်း အများဆုံး သုံးလအထိ အထူးရဲများ ခန့်အပ်သွားမည်ဖြစ်သည်။ လက်ရှိဖွဲ့စည်းပုံအရ ရန်ကုန်တိုင်းအတွင်း ရဲတပ်ဖွဲ့ဝင်ဦးရေ ၆,၀၀၀ ခန့် ရှိပြီး မဲရုံ အားလုံးအတွက် မလွှမ်းခြုံနိုင်သောကြောင့် ယင်းသို့ ထပ်တိုး ခန့် ထားခြင်း ဖြစ်သည်။

ရဲမှူးကြီး ၀င်းဗိုလ်က "အင်အားအရေအတွက် ဘယ်လောက်ခန့်သွားမလဲ ဆိုတာနဲ့ လစာကိစ္စတွေ ကတော့ ဆွေးနွေးနေပါတယ်။ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အက်ဥပဒေတွေကို အဓိက သင်ကြားပေး သွားမှာပါ" ဟု ပြောသည်။

အထူးရဲတပ်ဖွဲ့ဝင်များ ခန့်ထားရာတွင် မြို့နယ်အသီးသီးမှ အရန်မီးသတ်တပ် ဖွဲ့ဝင်များကို ရဲတပ်ဖွဲ့ဝင် တစ်ဦး ၏ အခြေခံလိုအပ်ချက်နှင့် ၎င်းတို့ကိုယ်တိုင် တာဝန်ထမ်းဆောင်ချင်သည်ဟု ဆန္ဒပြုပါက ခန့်အပ်သွား မည်ဖြစ်ပြီး သတ်မှတ်ကာလပြီးသည်အထိ တာဝန်ထမ်းဆောင်ပြီးပါကမူလအလုပ်ကို ပြန်လည်လုပ်ကိုင်စေ မည်ဖြစ်သည်။

ခန့်အပ်မည့် အထူးရဲ တပ်ဖွဲ့ဝင်များကို ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အသိပညာရပ်များကို တစ်လသင် တန်းပေးပြီးမှ တာဝန်ထမ်းဆောင်စေမည် ဖြစ်ပြီး အထူးရဲတပ်ဖွဲ့ဝင်များနှင့်ပင်မရဲတပ်ဖွဲ့များပူးပေါင်း ကာ ဆောင်ရွက်စေမည် ဖြစ်သည်။

"ကျွန်တော်တို့က မလိုအပ်ဘဲ အင်အားသုံးပြီး မဲရုံတွေမှာ လုံခြုံရေးယူထားမှာ မဟုတ်ပါဘူး၊ ပြည်သူတွေ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေးနဲ့ ပြဿနာ မဖြစ်အောင် ဆောင်ရွက်ပေးသွားမှာပါ" ဟု ရဲမှူးကြီး ဝင်းဗိုလ်က ဆိုသည်။

ခန့်ထားမည့် အထူးရဲတပ်ဖွဲ့ဝင်များကို ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ အခြေခံလိုအပ်ချက်ဖြစ်သည့် အသက် ၁၈ နှစ်မှ ၅၀ နှစ်အတွင်းရှိကာ အနိမ့်ဆုံး ပညာအရည်အချင်း ရှစ်တန်းအောင်မြင်ရမည် ဖြစ်ပြီး မိမိကိုယ်တိုင် အထူး ရဲတပ်ဖွဲ့အတွင်းသို့ ၀င်ရောက် တာဝန်ထမ်းဆောင်လိုမှသာ ခန့်အပ် သွားမည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List